မြင်းခြံနဲ့စဉ့်ကူးမှာ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၊ စဉ့်ကူး PDF ရဲ့ဒရုန်းတွေကို ပျူစောထီးတွေပစ်ချခဲ့

မြင်းခြံနဲ့စဉ့်ကူးမှာ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၊ စဉ့်ကူး PDF ရဲ့ဒရုန်းတွေကို ပျူစောထီးတွေပစ်ချခဲ့

မန္တလေးတိုင်း၊ မြင်းခြံနဲ့ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မြင်းခြံမြို့နယ်၊ တလုပ်မြို့ပြင်စစ်ဆေးရေးဂိတ်မှာ အင်အား ၈ ဦးခန့်နဲ့အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲလောက်မှာ Fixed Wings ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံး ဂိတ်ပေါ်ကိုကျရောက်ခဲ့လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။

“ပထမတလုံးကိုတော့ မိုင်းကွဲတယ်ထင်ပြီး မြို့ထဲမှာရှိတဲ့ သူတို့လူအင်အားတွေ ထွက်လာတယ်။ ကွဲတဲ့နေရာမှာ ရှာဖွေရေးတွေလုပ်ဖို့အတွက် သစ်ပင်အောက်မှာစောင့်ပြီး ဝပ်နေကြတယ်။ နောက်အလုံးတွေလည်းကျတော့ ဒရုန်းမှန်းသိတော့ သေနတ်တွေနဲ့ပစ်တော့တာပဲ” လို့ CDSOM 001 Drone Team တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို CDSOM 001 Drone Team၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြောင်မြို့နယ် ပလဖ၊ Wolf Brothers အဖွဲ့ - မြောင် တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အလားတူ ပျူစောထီးအားကောင်းတဲ့ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာကို ဒီဇင်ဘာ ၁၁ ရက်  မနေ့ ညနေ ၄ နာရီခန့်မှာ ဒေသကာကွယ်ရေးတပ်တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အနီးနားကျေးရွာတွေကို ဒရုန်းနဲ့လိုက်ပြီးဗုံးချနေတဲ့ ရွာသာယာပျူစောထီးတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ဒရုန်း၊လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး ကျေးရွာတွင်းအထိဝင်တိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ပျူစောထီးတွေဘက်က ဒရုန်းတွေကိုဖျက်ချနိုင်ခဲ့တာကြောင့် ညနေ ၆ နာရီလောက်မှာ တိုက်ပွဲရပ်ပြီး တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒရုန်း ၁ စီးတော့ ပျက်ကျသွားတယ်၊ ၂ စီးလို့လည်းကြားတယ်။ ဒါတော့အတည်မပြုနိုင်သေးဘူး။ ဒရုန်းပျက်ကျပြီး တိုက်ပွဲရပ်လိုက်ရတယ်"လို့ ကျေးရွာတာဝန်ခံတဦးက ပြောပါတယ်။

ရွာသာယာကျေးရွာဟာ စဉ့်ကူးမြို့နယ်ထဲက ပျူစောထီးကျေးရွာတခုဖြစ်ပြီး အနီးနားကျေးရွာတွေက ဒေသခံတွေရဲ့ လှည်း၊ နွားနဲ့ ကုန်ပစ္စည်းတွေကိုလုယူလေ့ရှိပြီး ဒီဇင်ဘာ ၁၀ ရက်ကပဲ စဉ့်အိုးကျွန်းကျေးရွာက လှည်း၊နွား ၁၆ ကောင်နဲ့ ပစ္စည်းတွေလုယူသွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တညမှမအိပ်ရတာ တလကျော်ပြီ။ ဘေးနားကရွာတွေ အကုန်လုံးကို ဒရုန်းနဲ့လိုက်ချနေတာ။ ပျက်စီးတဲ့အိမ်တွေ အများကြီးပဲ "လို့ စဉ့်ကူးဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာလည်း ရွာသာယာပျူစောထီးတွေ ဦးစီးပြီး ထုံးကြီးကျေးရွာမှာ ဘေးပတ်ဝန်းကျင်က ဒေသခံတွေကို စုဆောင်းကာ ပျူစောထီးသင်တန်းပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုံစာ - စက်တင်ဘာလအတွင်းက ဒရုန်းမစ်ရှင်ပြုလုပ်နေသည့် CDSOM တပ်ဖွဲ့ဝင်တချို့။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စဉ့်ကူး #စစ်အုပ်စု #ပျူစောထီး #ဒရုန်းချ #တိုက်ခိုက်မှု #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10