မြင်းခြံနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၆ ဦးဒဏ်ရာရ

မြင်းခြံနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၆ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရတယ်လို့  MGN ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့နဲ့ MDDS (1848) မြင်းခြံဒရုန်း တပ်ရင်းထံက သိရပါတယ်။

မတ် ၂၈ ရက် မနက် ၉ နာရီခန့်မှာ ကုကဲတောင်ခြေမှာတပ်စွဲထားပြီး ကျောက်ကန်ပျူစောထီးရွာဘက်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ကို MGN ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့စစ်ကြောင်း ပျူရွာထဲလာတယ်လို့ သတင်းပေးလာလို့ ကျနော်တို့ဘက်က ဒရုန်းနဲ့သွားတိုက်ခိုက်ခဲ့တာ။ ပျုရွာထဲက စာသင်ကျောင်းနဲ့ ရွာထိပ်ဂိတ်မှာ သူတို့တွေနားနေချိန်မှာ တနေရာ ၂ လုံးစီ ဗုံးချခဲ့တာ" လို့ MGN ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

အဲဒီ ဗုံးချတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၆ ဦးဒဏ်ရာရသွားပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ MGN ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်ညီနောင်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

မတ် ၂၇ ရက် မနက် ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း နွားထိုးကြီးမြို့၊ ဆောက်လုပ်ရေးရုံး၊ KBZ ဘဏ်အနီး ကင်းပုန်းစခန်းနဲ့ အေးကျောင်းဂိတ်ပေါက်၀မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီအဖွဲ့တွေရဲ့နေရာကို ဒရုန်းနဲ့ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့တယ်လို့ MDDS (1848) မြင်းခြံဒရုန်းတပ်ရင်းထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ KBZ ဘဏ်အနီး ကင်းပုန်းစခန်းမှာ စောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တဦးနေရာမှာပဲ ဒရုန်းဗုံးထိမှန်သေဆုံးခဲ့ပြီး ကျန်နေရာတွေမှာတော့ ထိခိုက်မှုအခြေနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"မစ်ရှင်လုပ်တဲ့နေ့က စကစ ဘက်က တရားမဝင်တပ်မတော်နေ့လုပ်နေတာကို ဆန့်ကျင်တဲ့အနေနဲ သူတို့ တပ်သားတွေရှိတဲ့နေရာကို ဗုံးချတိုက်ခိုက်တာ။ မြို့ထဲဖြစ်နေတော့ စကစဘက်ကလည်း ၈၁ တလုံးပဲ ကျနော်တို့ရှိတဲ့ဘက်ပြန်ပစ်ခဲ့ပေမယ့် ကျနော်တို့ဘက်က ထိခိုက်တာမရှိဘူး"လို့ MDDS (1848)မြင်းခြံဒရုန်းတပ်ရင်း တာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို  NPDF(4)နဲ့အတူ MDDS(1848) မြင်းခြံခရိုင်ဒရုန်းတပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း(၈)၊ မလှိုင်မြို့နယ်( (ပကဖ) MHLG WING ၊Shar Htoo Waw Team(2) နည်းပညာတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကုကဲကျေးရွာအနီးရှိ ကုကဲရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ကို ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရာ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံ #နွားထိုးကြီး #စစ်ကောင်စီ #ဒရုန်း #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10