မြင်းမူနယ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနောက်ဘက်က ဘုန်းကြီးကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa တပ်ခွဲ (၁) ကထုတ်ပြန်ထားပါတယ်။

ဘုန်းကြီးကျောင်းဝန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က Drone ဗုံးသီး ၁၀ လုံး ၊ ၄၀ မမ လက်နက်ကြီး ၇ လုံး အပါအဝင် လက်နက်ငယ်တွေနဲ့  သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က  Drone ‌နဲ့ ပစ်ခတ်ပြီးနောက် နှစ်ဘက်အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီဘက်က ၁ ဦး ကျည်ထိမှန်သေဆုံးပြီး ကျန်တဲ့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို အတွင်းသတင်းပေးအရ အတည်ပြုနိုင်တယ်လို့ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa မှတာဝန်ရှိသူ ကိုဒေါင်းကာရန်က ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ မြင်းမူမြို့ပေါ်ကနေ အင်အား ၅၀ ဝန်းကျင်နဲ့ထွက်လာတာဖြစ်ပြီး  ဝမ်းပြည့်ကျေးရွာအနောက်ဘက် ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲနေတာ ၃ ရက်လောက်ရှိပြီလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa တပ်ခွဲ(၁)၊  မုံရွာခရိုင်တပ်ရင်း(၁၁) တပ်ခွဲ (၂ ) Black Hunter People's Task Force၊ Myinmu Fighter ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဘုရင်၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ Myinmu Revolution Force၊DKBA ကာကွယ်ရေးတပ်၊ အညာညီနောင်တပ်ပေါင်းစု - ABCF တို့က  ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa တပ်ခွဲ (၁) ကာကွယ်ရေးတပ်ဖွဲ့ဟာ မတ် ၃ ရက်ကလည်း ချောင်းဦးမြို့ပေါ်ကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်း ၃ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းမူမြို့ #ဝမ်းပြည့်ကျေးရွာ #စစ်ကောင်စီ #စစ်ပွဲ #ကာကွယ်ရေးတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10