မြန်မာနဲ့အမေရိကန်က ရန်ဘက်နိုင်ငံတွေမဟုတ်ဘဲ ရန်သူသဖွယ်သဘောထားနေတယ်လို့ စစ်ခေါင်းဆောင် ညည်းတွား

မြန်မာနဲ့အမေရိကန်က ရန်ဘက်နိုင်ငံတွေမဟုတ်ဘဲ ရန်သူသဖွယ်သဘောထားနေတယ်လို့ စစ်ခေါင်းဆောင် ညည်းတွား

မြန်မာနဲ့ အမေရိကန်က ရန်ဘက်နိုင်ငံတွေမဟုတ်ဘဲ ရန်သူသဖွယ်သဘောထားနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၂၆ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က အခုလို ပြောဆိုလိုက်တာပါ။

မြန်မာနဲ့အမေရိကန်ဟာ စစ်ဖြစ်ပွားဖူးတဲ့ ရန်ဘက်နိုင်ငံများလည်း မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ရန်သူသဖွယ်သဘောထားခြင်းမှာကြီးမားတဲ့ နောက်ခံအကြောင်းတွေရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဟာ သမိုင်းအစဉ်အလာအရ ရင်းနှီးတဲ့နိုင်ငံတွေဖြစ်ပေမယ့် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်လို့ ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး စစ်ခေါင်းဆောင်က လက်ရှိအခြေအနေမှာလည်း အမေရိကန်ဦးဆောင်တဲ့အုပ်စုရဲ့ ရည်မှန်းချက်ဟာ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ကိုထိန်းချုပ်နိုင်ရေး China Containment ပေါ်လစီဖြစ်လို့ မြန်မာနိုင်ငံမှာ ၎င်းတို့လိုလားတဲ့ အစိုးရအုပ်စုအာဏာရရှိရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဝေဖန်စွပ်စွဲခဲ့ပါတယ်။ 

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို စီးပွားရေး၊ နိုင်ငံခြားရေးအရ ပိတ်ဆို့မှုတွေလုပ်ဆောင်နေတာပါ။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ နီးနီးကပ်ကပ်ဆက်ဆံမှုတွေရှိနေတဲ့အပြင် စစ်အုပ်စုကိုဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအတွက် လက်နက်မဟုတ်တဲ့ နည်းပညာနဲ့အခြား အကူအညီတွေပေးမယ်လို့လည်း ပြောဆိုထားပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာပြည်သူတရပ်လုံးနဲ့အတူ ရပ်တည်နေတာဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုကိုသာ ပစ်မှတ်ထားအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက သုံးသပ်ပြောဆိုပါတယ်။

“ အမေရိကန်အစိုးရအနေနဲ့က သူ(စစ်ခေါင်းဆောင်)ပြောခဲ့သလို ပြည်သူကိုရန်သူသဘောထားတာ မဟုတ်ဘဲ သူတို့စစ်တပ်ကိုပဲ ရန်သူလိုဆက်ဆံတာ သိသာပါတယ်။ စစ်တပ်ကလည်း အစကတည်းက ရိပ်မိသိရှိပါတယ်။ ခုမှရောချတဲ့သဘောနဲ့ ပြည်သူလို့ခေါင်းစဉ်တပ်တာပါ။ အဓိကတော့ သူတို့ ဒေါ်လာမရရှိတော့တာပါပဲ” လို့ ဆိုပါတယ်။

#မြေလတ်အသံ 

#မြန်မာ-အမေရီကန် #စစ်အုပ်စု #စစ်ခေါင်းဆောင် #ရန်သူသဖွယ် #ညဥ်းတွား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10