မြိုင်က ကန်နီရွာ တိုက်ခိုက်ခံရလို့ ပျူ ၁ ဦးသေပြီး စစ်သား ၁ ဦးဒဏ်ရာရ

မြိုင်က ကန်နီရွာ တိုက်ခိုက်ခံရလို့ ပျူ ၁ ဦးသေပြီး စစ်သား ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၆ရက် မနက် ၉ နာရီခွဲလောက်မှာ ကန်နီရွာနဲ့ ၁ မိုင်အကွာအဝေးလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်၊ RC Plane(မောင်းသူမဲ့လေယာဉ်)တို့နဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ ပျူစောထီး ၁ ဦးသေဆုံးသလို စစ်သား ၁ ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မနက် ၅ နာရီလောက်ကတည်းက နေရာယူထားကြတယ်။  လောလောဆယ် သေဆုံးမှုကို အတည်ပြုရတာကတော့ တယောက်တော့သေဆုံးတယ်။ တယောက်ကတော့ ခြေပြတ်သွားတယ်။သေသွားတဲ့ သူကိုလည်း ဒီနေ့မှာပဲ တခါတည်း သင်္ဂြိုဟ်ဖို့ပြင်ဆင်နေတယ်”လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

နောက်ဆက်တွဲ သေဆုံးသူတွေရှိမရှိကို ဆက်လက်စုံစမ်းနေပေမယ့်လည်း ကန်နီရွာကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် အတိအကျသိရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကန်နီကျေးရွာထဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦးသာရှိပြီး ကျန်တချို့ကတော့ ပျူစောထီးတပ်ဖွဲ့ဝင်တွေသာဖြစ်တယ်လို့ ဆိုပါတယ်။ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ဝင်အနေနဲ့ အခုလို ကန်နီရွာကို သွားရောက်ပစ်ခတ်တာဟာ အကြိမ်ရေ ၈၀ ဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကို လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ Special Air Raid Force ၊ နဂါးနီ (မြိုင်) ၊ တမာမြေပြောက်ကျား၊ လင်းမြွေ၊ M ဒေါင်းနီတို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ကန်နီရွာ #ပျူစောထီး #စစ်တပ် #မြိုင် #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ခိုက် #RCplane #ဗုံးကြဲ #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10