မြို့တွင်းကိုဝင်ခွင့်ပေးလိုက်ပြီး ဝိုင်းတိုက်လို့ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်ပြေးရ၊ ကောလင်းမြို့ကို အပြည့်အဝ ဆက်လက်ထိန်းချုပ်ထားနိုင်

မြို့တွင်းကိုဝင်ခွင့်ပေးလိုက်ပြီး ဝိုင်းတိုက်လို့ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်ပြေးရ၊ ကောလင်းမြို့ကို အပြည့်အဝ ဆက်လက်ထိန်းချုပ်ထားနိုင်

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး မြို့ကိုတော်လှန်ရေးတပ်တွေက အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားနိုင်ကာ ၇ ရက်မြောက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနေ့နေ့လယ်ပိုင်းမှာ ကောလင်းမြို့အနောက်ဘက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို မြို့အတွင်းကိုဝင်ရောက်ခွင့်ပြုလိုက်ပြီး ညပိုင်းမှာ တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

" ဗျူဟာခင်းတယ် ပြောရမှာပေါ့။ မြို့ထဲမဝင်ဘဲမြို့အပြင်ကနေ ဝိုင်းတိုက်နေလို့ ဝင်ခွင့်ပေးလိုက်ပြီးမှ ကိုယ့်ဘက်က အင်အားတွေစုပြီး ပြန်တိုက်လိုက်တာ။ ဟိုကောင်တွေ(စစ်တပ်) အကုန်ပြန်ဆုတ်သွားပြီ" လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မြို့အပြင်ကို တပ်ပြန်ဆုတ်ရတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ ဆင့်ပေါက်ကွဲတဲ့ ဗုံးတွေနဲ့ တရစပ်ပစ်ခတ်နေပြီး ကောလင်းမြို့တွင်း ၇ ရက်မြောက်တိုက်ပွဲဟာ ယမန်နေ့ညသန်းခေါင်ကျော်အချိန် ၁ နာရီခန့်အထိ နေ့ရောညပါ အပြင်းအထန်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေ အင်အားစုစည်းထားနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ် စစ်ကူတွေလည်း ရောက်ရှိပူးပေါင်းနေကာ မြို့ကိုပြန်လည်ထိန်းချုပ်ထားနိုင်တာလို့ ဆိုပါတယ်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ဒရုန်း မြေပြင်စစ်ကြောင်း ၄ ကြောင်းနဲ့ အင်အားအလုံးအရင်းအသုံးပြုကာ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းကစတင် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်နဲ့ တဆက်တည်းရှိနေတဲ့ ကန့်ဘလူမြို့နယ်ဘက်မှာလည်း ကောလင်းကိုအင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား ယမန်နေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ် လို့သိရပါတယ်။

ပုံစာ - ကောလင်းမြို့ကိုသိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက်တွင် တော်လှန်ရေးတပ်များအား တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကောလင်း #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10