မြေလတ်ဒေသရှိ အကျဥ်းထောင်တွေက နိုင်/ကျဥ်း ၁၃ ဦးသာလွတ်

မြေလတ်ဒေသရှိ အကျဥ်းထောင်တွေက နိုင်/ကျဥ်း ၁၃ ဦးသာလွတ်

မြေလတ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းအတွင်းရှိ အကျဥ်းထောင်တွေက လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေအထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးသာပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ  နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက သိရပါတယ်။

လွတ်လာတဲ့နိုင်/ကျဥ်း ၁၃ ဦးမှာ မုံရွာထောင်မှ ၅ ဦး၊ သာယာဝတီထောင်မှ ၇ ဦး၊ ပြည်အကျဉ်းထောင်မှ ၁ ဦးတို့ ဖြစ်ကြပြီး ပေါင်းတည်ထောင်၊ ကလေးအကျဉ်းထောင်၊ ဂန့်ဂေါ်အချုပ်ထောင်၊ ကသာအကျဉ်းထောင်၊ သရက်အကျဉ်းထောင်၊ ဒိုက်ဦးထောင်၊ ပခုက္ကူထောင်၊ မကွေးထောင်၊ ရွှေဘိုထောင်တွေက လွတ်မြောက်လာသူတွေထဲမှာ နိုင်/ကျဥ်း မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

"စကစရဲ့ ရှုံးနိမ့်နေတဲ့ စစ်ပွဲတွေကြောင့်မို့ အရင်လို နိုင်/ကျဥ်းတွေကို အရေအတွက် အလုံးအရင်းနဲ့ လွှတ်ပေးဖို့ မဖြစ်နိုင်တာလို့မြင်တယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ  နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပဲခူးတိုင်းမှ ရာဇဝတ်မှုအပါအဝင် အခြားအမှုတွေနဲ့ကျခံနေရသူ ပြည်ထောင်က အကျဉ်းသား ၁၀၀ ကျော်၊ သာယာဝတီထောင်က ၁၅၀ ဦး ၊ ပေါင်းတည်ထောင်က ၈၁ ဦး ၊ တောင်ငူထောင်က ၁၄၅ နဲ့ ဒိုက်ဦး (ကျိုက်ဇကော)အကျဉ်းထောင်က စုစုပေါင်း ၅၀၀ ဝန်းကျင် လွတ်မြောက်ခဲ့ရာမှာ နိုင်/ကျဉ်း ၈ ဦးသာ ပါဝင်တာဖြစ်ပါတယ်။

“နိုင်/ကျဉ်း လွတ်မြောက်မှုက အစွန်းထွက်တောင် မရှိပါဘူး။ သေးသေးမွှားမွှားတွေပဲ လွတ်တာ ဟန်ပြပါ၊ ၆ လအောက် ကျန်တာတွေကို လွှတ်တာ။ တချို့ထောင်တွေဆို  နိုင်/ကျဥ်းတယောက်မှ မလွတ်ဘူး” လို့ ပဲခူးတိုင်း အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်က ကျရောက်တဲ့ ၇၆ ‌နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝှမ်း အကျဉ်းထောင်တွေက နိုင်ငံရေးနဲ့အကျဉ်းကျနေတဲ့သူ (နိုင်/ကျဉ်း) ၉,၆၀၀ကျော်  လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလွှတ်ပေးတဲ့ လွတ်/ငြိမ်းမှာ အကျဉ်းထောင် ၃၄ ထောင်က နိုင်ငံရေးအကျဉ်းသား ၄၄၅ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်တဲ့လွတ်လာသူ ၉,၁၀၀ ကျော်ဟာ ခိုးဆိုး၊ လုနှိုက်အမှုတွေနဲ့ အကျဉ်းကျခံနေသူ တွေသာဖြစ်တယ်လို့ PPN-Myanmar ရဲ့ အချက်အလက်အရသိရပါတယ်။

နိုင်/ကျဥ်းတွေ လွတ်မြောက်လာတဲ့ထောင်တွေကတော့ မန္တလေးအိုးဘိုထောင်မှ ၁၄၀ ဦး၊ ကျိုက်မရောထောင်မှ ၁၉ ဦး၊ ပုသိမ်ထောင်မှ ၃ ဦး၊ သထုံထောင်မှ ၇ ဦး၊ တောင်လေးလုံးထောင်မှ ၁၆ ဦး၊ လားရှိုးထောင်မှ ၁ ဦး၊ ဘားအံထောင်မှ ၇ ဦး၊ ဖားကန့်အချုပ်ထောင်မှ ၂ ဦး၊ မြိတ်ထောင်မှ ၃ ဦး၊ ထားဝယ်ထောင်မှ ၃ ဦး၊ မြောင်းမြထောင်မှ ၁ ဦး၊ အင်းစိန်ဗဟိုထောင်မှ ၂၃၀ ကျော်တို့ဖြစ်တယ်လို့ PPN-Myanmar က သိရပါတယ်။

ပုံစာ - လွတ်ငြိမ်းသတင်းကြောင့် ပြည်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေကြသူများကို ဇန်နဝါရီ ၄ ရက် နေ့လယ်က တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြေလတ်ဒေသ #စစ်ကိုင်း #မကွေး #ပဲခူးတိုင်း #အကျဥ်းထောင် #လွတ်ငြိမ်း #နိုင်ငံရေးအကျဥ်းသား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10