မြောက်ယမားဆည်လက်တံကျိုးလို့ ယင်းမာပင်နယ်က ရွာ ၁၀ ရွာထက်မနည်း ညတွင်းချင်းရွှေ့ပြောင်းနေရ

မြောက်ယမားဆည်လက်တံကျိုးလို့ ယင်းမာပင်နယ်က ရွာ ၁၀ ရွာထက်မနည်း ညတွင်းချင်းရွှေ့ပြောင်းနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ဆည်လက်တံကျိုးလို့ ရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ မေလ ၁၄ ရက်ညပိုင်းမှာဘဲ ညတွင်းချင်းရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေတွေဆီက သိရပါတယ်။
 
ပုလဲမြို့နယ်၊ ချင်ပြစ်ရွာအနီးက မြောက်ယမားဆည်ရဲ့ဆည်လက်တံဖြစ်တဲ့ ဒေသအခေါ် ချင်ပြစ်ဆည်ကျိုးပြီး ကျေးရွာတွေထဲကို ရေဝင်ရောက်လာသလို မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်နေတာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
 
“ဆည်ကအက်ပြီးရေထွက်တာလား၊ ကျိုးတာလားတော့ သေချာမသိရသေးဘူး။ ကျိုးတယ်လို့ဘဲ သိရသေးတယ်။ အနိမ့်ပိုင်းရွာတွေကို ရေတွေစဝင်လာလို့ ညတွင်းချင်းပြောင်းနေကြတယ်။ ခုရေက ပေါင်လည်လောက်ကို ရောက်နေပြီ။ ဆည်ရေကတော့ ရောက်မလာသေးဘူး။ မိုးရေနဲ့တင် ရေက ခုလောက်ဖြစ်နေပြီ။ အဲ့တာကြောင့် ညတွင်းချင်းပြောင်းနေကြတာ“ လို့ ရေကြည်ပင်ရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။



ဆည်လက်တံကျိုးပြီး ရေတွေဝင်ရောက်နေတာကြောင့် ယင်းမာပင်နယ်ထဲက ကျေးစာကျ၊ ရေကြည်ပင်၊ ကုန်းရွာ၊ ကပိုင်၊ သီးကုန်း၊ ရှမ်းရွာ၊ လက်ပံတော၊ ပြန်လှည့် စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရာသီဥတုနဲ့မြေပြင်အခြေအနေတွေအရ ပြောင်းရွှေ့နိုင်ခြင်းမရှိသေးဘဲ ပိတ်မိနေတဲ့ ဒေသခံတွေလည်းရှိတယ်လို့ သူကပြောပါတယ်။

“ကုန်းအမြင့်ပိုင်းတွေကို ပြောင်းရတာပေါ့။ တချို့တွေကျ မှောင်နေတာရော၊ မီးပျက်နေတာရော ညဘက်ကြီးဆိုတော့ မြွေပါး၊ကင်းပါးအန္တရာယ်လည်းရှိတော့ အပြင်မထွက်ရဲလို့ ဒီ ရေအခြေအနေကိုဘဲမေးမြန်းပြီး ဒီအတိုင်းထိုင်နေကြတဲ့ သူတွေလည်းရှိတယ်။ မိုးကလည်းဆက်တိုက်ရွာနေတာ” လို့ သူကဆက်ပြောပါတယ်။

မေလ ၁၂ ရက် နေ့လည်ပိုင်းကစလို့ အခုအချိန်ထိ ယင်းမာပင်မြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြောက်ယမားချောင်းရေကြီးကာ ကျေးရွာတွေအတွင်း ရေကြီး၊ရေလျှံတာတွေဖြစ်ပေါ် နေသလို ဆည်လက်တံကျိုးသွားတာကြောင့် ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေတာပါ။

အားအလွန်ကောင်းတဲ့ဆိုင်ကလုန်းမုန်းတိုင်း မိုခါဟာ လက်ရှိမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေကို ဝင်ရောက်ဖြတ်သန်းနေပြီး မုန်တိုင်းဖြတ်သန်းချိန် ၁ နာရီ မိုင် ၇၀ နဲ့ အထက်နှုန်းနဲ့ လေ တိုက်ခတ်နိုင်ကာ ရုတ်တရက်ရေကြီးတာတွေ၊ မြေပြိုတာတွေဖြစ်ပေါ်လာနိုင်တယ်လို့ မိုးဇလဌာနနဲ့ ပြင်ပမိုးလေဝသခန့်မှန်းသူတွေက သတိပေးထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10