ယင်းမာပင်က ရဲတပ်ရင်း ၂၈ ကို PDF တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်

ယင်းမာပင်က ရဲတပ်ရင်း ၂၈ ကို PDF တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ် ကားလမ်းဘေးမှာရှိတဲ့ ရဲတပ်ရင်း ၂၈ ကို ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၅ ရက် မနေ့က မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Brother Defence Force တပ်ဖွဲ့ဆီက သိရပါတယ်။

အဲဒီ ရဲတပ်ရင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပေ ၃,၅၀၀ အကွာကနေ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးအလုံး ၂၀ နဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဟာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်ဟာ တပ်ရင်းထဲကနေ ထွက်ပြေးသွားတာတွေ့ရတယ်လို့ Brother Defence Force အဖွဲ့ခေါင်းဆောင် ဗိုလ်နေလအောင်က ပြောပါတယ်။ 

“စခန်းဝန်းထဲ လက်နက်ကြီးတွေကျတော့ သူတို့တွေ အရှေ့ဘက်ကို ဝရုန်းသုန်းကား ထွက်ပြေးတာတွေ ရှိတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။” လို့ Brother Defence Force အဖွဲ့ခေါင်းဆောင် ဗိုလ်နေလအောင်က ပြောပါတယ်။

ဒီနေ့ မနက်မှာတော့ အဲဒီ ရဲတပ်ရင်းမှာ လူအင်အားထပ်မံဖြည့်တင်းထားသလို တပ်ရင်းဘေး ပတ်ပတ်လည်မှာလည်း ကင်းပုန်းတွေ ချထားတယ်လို့လည်းဆိုပါတယ်။ 

ဒါ့အပြင် လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ ခရီးသွားယာဉ်တွေကို စစ်ဆေးတာမျိုးတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီတပ်ရင်းဟာ မုံရွာ-ပုသိမ် ကားလမ်းဘေးမှာဘဲရှိတဲ့အတွက် မကြာခဏဆိုသလို ခရီးသွားပြည်သူတွေဆီကနေ အတင်းအဓမ္မငွေကြေးတောင်းခံတာ၊ စစ်ဆေးမေးမြန်းတာတွေကို တင်းကျပ်စွာ ပြုလုပ်နေတဲ့ ရဲတပ်ရင်းတခုလည်းဖြစ်ပါတယ်။

အဲ့ဒီရဲတပ်ရင်းကို Brother Defence Force တပ်ဖွဲ့အနေနဲ့ သွားရောက်ပစ်ခတ်တာ ၁၀ ကြိမ်ထက်မနည်းရှိပြီလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆၊ တပ်ခွဲ ၁ Brother Defence Force နဲ့ မဲမှောင်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း Brother Defence Force တပ်ဖွဲ့ဟာ အဆိုပါ ရဲတပ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #မုံရွာပုသိမ်ကားလမ်း #PDF #လက်နက်ကြီး #ရဲတပ်ရင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10