ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမှုများပြုလုပ်

ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမှုများပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ပွဲကာလအတွင်း သေဆုံးထိခိုက်မှုနည်းစေရန် လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကာကွယ်ရေး အသိပညာပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ပြည်သူသေဆုံးမှုတွေရှိတဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ မတ် ၂၂ ရက် ဒီကနေ့ မနက်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေ ပူးပေါင်းကာ စာတွေ့၊ လက်တွေ့ အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

“ဗုံးခိုကျင်း ဆောက်ရမယ့် ပုံစံတွေ၊ ရှောင်တိမ်းတဲ့အခါယူဖို့ အရေးပေါ်အိတ်တွေနဲ့ ထည့်ရမယ့်ပစ္စည်းတွေ၊ လက်နက်ကြီးသံ ကြားတာနဲ့ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ပုံစံတွေ သရုပ်ပြ မျှဝေတာပါ။ ဗုံးခိုကျင်းတွေ ဆောက်တဲ့အခါ ဘယ်လိုနေရာတွေမှာ ဆောက်ရမယ်ဆိုတာတွေနဲ့ သရုပ်ပြမှုတွေပေါ့။” လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုစနေက ပြောပါတယ်။

အညာဒေသက ကျေးရွာတွေမှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေပေမယ့် ဗုံးခိုကျင်းတူးတဲ့ အလေ့အထက အားနည်းနေကြပြီး ကာကွယ်ရေးအသိတွေလည်း လိုအပ်နေတဲ့အတွက် ခုလို ပညာပေးပွဲတွေ ပြုလုပ်ဖြစ်တာလို့ ဆိုပါတယ်။

“ကတုတ်ကျင်းတူးတဲ့ အလေ့အထက အင်မတန်နည်းတယ်။ မဖြစ်သေးတော့ ပေါ့ကြတာပေါ။ ဗုံးခိုကျင်း တူးခိုင်းတာတို့ ဘာတို့ဆို ဗုံးခိုကျင်းထဲကျရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အရာတွေပေါ့။ ဗုံးခိုကျင်းပေါ် မကျသ၍ အထိအခိုက် နည်းတာပေါ့။” လို့ သူက ဆက်ပြောပါတယ်။

မတ် ၂၁ ရက် မနေ့ကလည်း ကျေးရွာ ၁ ရွာမှာ ပြုလုပ်ခဲ့ကြပြီး အခုလက်ရှိ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ပြီးဖြစ်ကာ ရွာသားတွေလည်း ဗုံးခိုကျင်းတူးတာတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လေကြောင်းရန်နဲ့ လက်နက်ကြီးရန် အသိပညာပေးပွဲကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ကော်မတီ၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာများ သပိတ်ကော်မတီ၊ ဒေသခံ အာဠာဝကတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ အသက် ၅၈ နှစ်အရွယ် ဒေါ်ရွှေမှီ ၊ အသက် ၆၃ နှစ်အရွယ် ဒေါ်မြသန်း၊ အသက် ၅၀ အရွယ် ဒေါ်ဌေးမြင့်နဲ့ အသက် ၇၈ နှစ်အရွယ် ဦးဖိုးရှင်တို့သေဆုံးခဲ့ပြီး ပြည်သူ ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #လေကြောင်းရန် #လက်နက်ကြီး #အသိပညာပေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10