ယာကြီးပြင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

ယာကြီးပြင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့အဝင် ယာကြီးပြင်ရပ်ကွက်အနီးရှိ ယာကြီးပြင်စစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက အောက်တိုဘာ ၂၉ ရက် ည ၁၁ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မကွေးခရိုင်အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။

အဲ့ဒီဂိတ်မှာ စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ရှိကာ နှစ်ဖက်အပြန်အလှန် နာရီဝက်အကြာတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အသေစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ဘက်က ၄၀ မမနဲ့ ပစ်လိုက်လို့ ဘန်ကာထိမှန်ပြီး ပျက်စီးတယ်။ မြေပြင်သတင်းအရ သေဆုံးမှုရှိတယ်။ လူနာတင်ကားတွေနဲ့လည်း လာသယ်တာရှိတယ်။ ဒီစစ်ဆေးရေးဂိတ်က ရေနံချောင်းမြို့အပိုင် စစ်ဆေးရေးဂိတ်ဖြစ်တော့ မြို့တွင်းမှာဖြစ်သွားတဲ့ မစ်ရှင်ဖြစ်တဲ့အတွက် စကစဘက်က သတင်းတွေ ဖုံးဖိထားတာရှိတယ်”လို့ မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာ ကင်းပတ်ပြီး လက်နက်တွေပစ်ဖောက်ပြီးနောက် ပိတ်ဆို့စစ်ဆေးတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီပစ်ခတ်မှုကို မကွေးခရိုင်အမှတ် ၂ တပ်ရင်း၊ ချောက် ပကဖ၊ Chauk Guerilla Force (CGF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

မကွေးခရိုင်အမှတ် ၂ တပ်ရင်းဟာ အောက်တိုဘာ ၁၉ ရက်ကလည်း တောင်တွင်းကြီးမြို့နယ် ရေဝေအုပ်စု၊ ဆုံကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ကုက္ကိုခွရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #ယာကြီးပြင်ဂိတ် #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10