ယောသူတို့အိမ်ပြန်ချိန်...

ယောသူတို့အိမ်ပြန်ချိန်...

 အချိန်က ည ၉ နာရီ။ ကန့်သတ်ကျေးရွာအတွင်း အိပ်မောကျနေချိန်။ သတင်းတခုက ရွာသူ၊ ရွာသားအားလုံးကို လှုပ်နှိုးလိုက်သည်။ အဆိုပါ သတင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ(PDF)က ကန့်သတ်ကျေးရွာအတွင်းရှိ သူတို့၏မိဘများကို လာခေါ် ကြမည်ဆိုသည့်သတင်း။ နောက်တခုက ကျေးရွာတွင် ဆက်လက်မနေလိုသူတွေအနေဖြင့် PDF တပ်ဖွဲ့နှင့်အတူ တခါတည်း လိုက်ပါနိုင်သည်ဟူသော သတင်းပင်ဖြစ်သည်။ 

ထိုသတင်းက တယောက်စကား၊ တယောက်နားမှတဆင့် ဒေါ်နွဲ့ထံပါ ရောက်ခဲ့သည်။ သူသည် ကန့်သတ်ကျေးရွာတွင် ဆက်ပြီးမနေချင်တော့။ သူတို့၏ ကျေးရွာသည် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက စစ်ကောင်စီ၏ ကာကွယ်ရေးစစ်လက်နက်ပစ္စည်းများထုတ်လုပ်ရာ ကပစ ၂၃ စက်ရုံ၏ ဧရိယာဝန်းအနီးတွင်ဖြစ်သည်။

ကန့်သတ်ရွာထိပ်နားတွင် ကပစ ၂၃ ၏ ဝန်ထမ်းအိမ်ရာလိုင်းခန်းများ၊ အရာရှိအိမ်ရာများရှိသည်။ လက်နက်ထုတ်သည့် စက်ရုံအဆောက်အအုံများသည်ပင် ရွာနှင့် ၁ မိုင်ကျော်အကွာတွင်ရှိသည်။ စက်ရုံနှင့် အနီးဆုံးတွင်ရှိသည့် ကျေးရွာတခုဖြစ်ပြီး စစ်တပ်နယ်မြေတခုလိုဖြစ်နေသည့် ရွာတရွာဖြစ်သည်။ 

သို့သော် လူဦးရေ ၁၂၀၀ ကျော်ရှိသော ကန့်သတ်ကျေးရွာတွင် စစ်တပ်ထောက်ခံသူ အနည်အငယ်သာရှိသည်။ အဆိုပါတပ်ထောက်ခံသူ အနည်းငယ်ကို စစ်ကောင်စီက ပျူစောထီးသင်တန်းပေးကာ ပျူစောထီးတပ်ဖွဲ့ကို ဖွဲ့ပေးသည်။ ယင်းနောက် ကျေးရွာရှိ ကျန်သူများကိုလည်း ပျူစောထီးတပ်ဖွဲ့ထဲဝင်ရန် စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးတာမျိုးတွေ ပြုလုပ်လာသည်။ 

ထိုအခါ ပျူစောထီးမလုပ်လိုသည့် ဒေါ်နွဲ့လို ရွာခံတွေဟာ ကျေးရွာတွင် မနေလိုတော့။ ယခုလိုအခွင့်ကြုံသည့် အခါ ကျေးရွာက ထွက်ပြေးဖို့ ပြင်ဆင်ကြတော့သည်။ 

ထိုနေ့ညက PDF တပ်ဖွဲ့များနှင့် ဆုံရပ်တခုတွင် ချိန်းဆိုတားပြီး ကျေးရွာကထွက်ရမည့်အချိန်က ည ၁၀ နာရီဖြစ်သည်။ ထို့ကြောင့် ပြင်ဆင်ချိန်က ၁ နာရီသာရသည်။ ထိုနေ့ညက ခင်ပွန်းဖြစ်သူမှာ လယ်ယာလုပ်ငန်းဝင်နေသည့် အတွက် လယ်တဲတွင်အိပ်တာကြောင့် အိမ်တွင်မရှိ။ 

ထို့ကြောင့် ဒေါ်နွဲ့တယောက် သားသုံးယောက်နှင့်အတူ ဆန် ၂ ပြည်၊ ထမင်းချက်ဖို့ အိုးတလုံး ခေါင်းပေါ်ရွက်ကာ ကျေးရွာမှ ထွက်ခွာဖို့ အလျင်စလို ပြင်ဆင်ရတော့သည်။ ခင်ပွန်းဖြစ်သူကိုတော့ လယ်တဲတွင် ဝင်ခေါ်မည်ဟု တွေးထားလိုက်သည်။

စစ်ကောင်စီလက်အောက်တွင် ပျူစောထီးမလုပ်လိုသည့် ကန့်သတ်ကျေးရွာက ရွာသူ၊ ရွာသားများသည် အမှောင်ထုထဲသို့ တိုးဝင်ကာ သူတို့ချစ်သည့် ကျေးရွာလေးကို တိတ်တဆိတ်ကျောခိုင်းခဲ့ကြလေတော့သည်။

မိုးကလည်း တဖြောက်ဖြောက်ရွာနေသည်။ မြေသားက စိုစွတ်နေပြီး ဗွက်ပေါက်နေသည်။ ရွာသူ၊ ရွာသားများသည် ပစ္စည်းထည့်ထားသည့် ခြင်းကြားတွေကို ကျောပိုးလျက် ၁၀ ယောက်တဖွဲ့၊ ၁၅ ယောက်တဖွဲ့ဖြင့် လမ်းခွဲထွက်ခွာခဲ့ပြီး ည ၁၀ နာရီအမှောင်ထုထဲ မီးမထိုးရဲ၊ အသံမထွက်ရဲဘဲ ဗွက်အိုင်များကို တိတ်တဆိတ်ဖြတ်သန်းကာ သူတို့ နေထိုင်ရာ ကျေးရွာနှင့် နေအိမ်တွေကို ကျောခိုင်းစွန့်ခွာခဲ့ရခြင်းဖြစ်သည်။ 

သူတို့သွားပြီး နာရီဝက်ခန့်အကြာမှာတော့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် စက်ရုံဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရသည်။ ပစ်ခတ်သံတွေကိုသာ ကြားရပြီး မည်သည့်နေရာကို ပစ်နေသည်ဆိုတာ ဒေါ်နွဲ့ကိုယ်တိုင်လည်း မသိ။ သို့သော် အသံတွေကိုတော့ ကျယ်ကျယ်လောင်လောင်ကြားနေသည်။ 

သူတို့နောက်ကျောဘက်မှ ကြားနေရသည့် ထိုလက်နက်ကြီးပစ်သံ၊ သေနတ်ပစ်သံ တအုန်းအုန်း၊ တဒိုင်းဒိုင်းက ဒေါ်နွဲ့တို့ ကန့်သတ်ကျေးရွာသူ၊ ကျေးရွာသားများအား ရွာနှင့်အဝေးသို့ တွန်းပို့နေသည့်သဖွယ်ရှိတော့သည်။ ထိုညဟာ ဒေါ်နွဲ့အပါအဝင် ကန့်သတ်ကျေးရွာသူ၊ ကျေးရွာသားများအတွက်တော့ ထိတ်လန့်စရာ ညတည ဖြစ်ခဲ့သည်။ 

"အရှေ့ကိုပဲ အတင်းသွားနေရတယ်။ ကျမတို့ကို ဖမ်းမိပြီး သူတို့သတ်ပစ်လိုက်ကြမလား။ ကျွန်မကလေးတွေများ မိသွားမလားဆိုပြီး စိုးရိမ်နေတယ်" ဟု ထိုနေ့ညက ခံစားချက်ကို ဒေါ်နွဲ့က ပြောပြသည်။ 

ကန့်သတ်ကျေးရွာတွင် လူဦးရေ ၁,၂၀၀ ကျော်ရှိသည်။ ထိုနေ့ညက ဒေါ်နွဲ့တို့ မိသားစုအပါအဝင် ကန့်သတ်ကျေးရွာမှ ထွက်ပြေးခဲ့သူ ၈၀၀ ကျော်ရှိသည်။ အသက် ၂ နှစ်၊ ၃ နှစ်အရွယ် ကလေးငယ်များမှ အသက် ၉၀ အရွယ် အဖိုးအဖွားများလည်းပါသည်။ 

ကျေးရွာမှ ထွက်ပြေးလာခဲ့သည့် ဒေါ်နွဲ့တို့ မိသားစုပါဝင်သည့် အဖွဲ့သည် ည ၁၂ နာရီခန့်တွင် ခင်ပွန်းသည် အလုပ်လုပ်ရာ တောင်ယာတဲကိုရောက်သည်။ ထို့ကြောင့် အသက် ၄၅ နှစ်ရွယ် ခင်ပွန်းသည်ကိုပါ တခါတည်း ခေါ်ကာ PDFတပ်ဖွဲ့ များလာရောက်ကြိုနေမည့် စုရပ်သို့ ခရီးဆက်ခဲ့ကြသည်။ 

မနက် ၄ နာရီခန့်မှာတော့ PDF တပ်ဖွဲ့များနှင့်ချိန်းဆိုထားသည့်နေရာသို့ အဖွဲ့လိုက်ထွက်ပြေးလာကြသည့် ကန့်သတ်ကျေးရွာသားများအားလုံး ပြန်လည်ဆုံတွေ့ကြသည်။ 

PDF တပ်ဖွဲ့များနှင့် တွေ့ဆုံပြီးနောက် PDF စခန်းသို့ခေါ်သွားကြသည်။ သို့သော် အဆိုပါစခန်းတွင် ၃ ရက်သာ နေလိုက်ရသည်။ စစ်ကောင်စီတပ်ဖွဲ့များက ကန့်သတ်ကျေးရွာသားများကို လိုက်ရှာနေသည်ဆိုသောကြောင့် PDF တပ်ဖွဲ့ဝင်များနှင့်အတူ နောက်ထပ်တနေရာသို့ ထပ်မံပြောင်းရွှေ့လိုက်ကြသည်။ 

ယင်းသို့ စခန်းပြောင်းရွှေ့ရသည်မှာ ၃ ကြိမ်ပြောင်းရွှေ့ခဲ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့များက လိုက်လံရှာဖွေခြင်း၊ နယ်မြေမလုံခြုံခြင်းကြောင့်ဖြစ်၏။ 

ယင်းသို့စခန်းပြောင်းရွှေ့နေချိန်တွင် စစ်ကောင်စီကလည်း ထွက်ပြေးသွားသည့် ကန့်သတ်ကျေးရွာသူ၊ ကျေးရွာသားတွေကို နေရပ်ပြန်လာရန်နှင့် ပြန်မလာပါက နေအိမ်တွေကို ချိတ်ပိတ်မည်ဆိုသည့်သတင်းကို ကျေးရွာတွင် ကျန်ခဲ့သည့်သူများထံမှ ကြားသိရသည်။

ထို့ကြောင့် ကန့်သတ်ကျေးရွာမှ ထွက်ပြေးလာသည့် မိသားစုတချို့ နေအိမ်သို့ ပြန်သွားကြသည်။ 

သို့သော် ကျေးရွာမှ အသက်လုကာ ထွက်ပြေးခဲ့ရသည့် ဒေါ်နွဲ့ကတော့ ရွာကိုပြန်ဖို့ စိတ်ကူးမရှိ။ 

"ကျွန်မတို့က သူတို့(PDF)တွေကို ယုံကြည်ပြီးထွက်လာတာဆိုတော့ သူတို့မျက်နှာမြင်လိုက်ကတည်းက ကြောက်စိတ်မရှိတော့ဘူး။ စိတ်ကိုပေါ့သွားတာပဲ" ဟု အသက် ၄၀ အရွယ် ဒေါ်နွဲ့က ဆိုသည်။ 

ဒေါ်နွဲ့ယုံကြည်သလိုပင် ကာကွယ်ရေးတပ်ဖွဲ့များကလည်း တုံ့ပြန်နိုင်ခဲ့သည်။

မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ ကန့်သတ်ရွာမှ ဒေသခံများ ပျူစောထီးမလုပ်လို၍ ကျေးရွာမှ ထွက်ပြေးလာကြသည် ဆိုသည့်သတင်းကို ကြားသည့်အခါ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာတွေ့သည်။ ပြီးလျှင် ဒေါ်နွဲ့အပါအဝင် ကန့်သတ်ကျေးရွာသားများကို ပုလဲမြို့နယ်အတွင်းက လုံခြုံသည့်နေရာသို့ ထပ်မံရွှေ့ပေးသည်။ နေအိမ်များကိုလည်း ဝိုင်းကူဆောက်ပေးကြသည်။ 

ယခုဩဂုတ်လဆိုလျှင် ကန့်သတ်ကျေးရွာကနေ ဒေါ်နွဲ့တို့ ထွက်ပြေးခဲ့သည်မှာ တနှစ်ပြည့်ပြီဖြစ်သည်။ 

ကျေးရွာတွင်နေထိုင်ခဲ့စဉ်က ဒေါ်နွဲ့တို့သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည်။ စီးပွားရေး ပြေလည်သည်။ သူ့တွင် အသက် ၂၁ နှစ်အရွယ်သားကြီး၊ အသက် ၁၆ နှစ်အရွယ်သားလတ်နှင့် အသက် ၈ နှစ် အရွယ်သားငယ် စသဖြင့် သား ၃ ယောက်ရှိသည်။ 

သူတို့မိသားစုသည် နိုင်ငံရေးကို စိတ်မဝင်စား။ အေးအေးချမ်းချမ်း နေထိုင်လိုသည်။ ကန့်သတ်ကျေးရွာတွင် လူဦးရေ ၁,၂၀၀ ကျော်ရှိသည်။ ယင်းအနက် ၂၅ ရာခိုင်နှုန်းက ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြသူများဖြစ်သည်။ 

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကန့်သတ်ကျေးရွာမှ ရွာသားတချို့ တခြားကျေးရွာများတွင် ကျင်းပသည့် ဆန္ဒပြပွဲများသို့ သွားရောက်ပူးပေါင်းကာ ဆန္ဒပြခဲ့သည်မှလွဲ၍ ကျေးရွာအတွင်း ဘာမှ မဖြစ်ခဲ့။ 

သို့သော် စစ်တပ်က မြို့ပေါ်ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွဲကာ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်လာသည့် အခါမှာတော့ လူငယ်များသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ ထိုအခါ ကန့်သတ်ကျေးရွာက လူငယ် ၃၀ ခန့်ဟာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်သွားကြသည်။ 

သည်နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာအတွင်းသို့ မကြာခဏဝင်ရောက်ပြီး စစ်ဆေးမှုများလုပ်သည်။ ထိုစဉ်က မေ့မရသည့်အဖြစ်အပျက်တခုကို အမည်မဖော်လိုသည့် ကန့်သတ်ကျေးရွာသားတဦးက ယခုလို ပြောပြသည်။

"ကျနော့်အိမ်က ဘုရားခန်းအထိ ဖိနပ်တွေမချွတ်ဘဲ ဝင်မွှေတယ်။ လက်နက်ရှာတာလို့ ပြောတယ်" ဟု သူက ပြန်ပြောပြသည်။ 

ထိုစဉ်က သူ့ကို နိုင်ငံရေးလုပ်သူတဦးအဖြစ် သံသယရှိသည့်အတွက် စစ်တပ်က အိမ်ကိုလာရှာခြင်းဖြစ်သည်။ 

"ကျနော့် အမျိုးသမီးကတော့ ကျနော့်ကိုလာဖမ်းတယ်လို့ ပဲထင်တာ။ သူတို့ စိတ်ကြိုက်မွှေနှောက်ပြီးတဲ့အချိန် ပြန်သွားကြတယ်" ဟု သူက ဆိုသည်။

ဂန့်ဂေါနယ်တဝိုက် တော်လှန်ရေးလက်နက်ကိုင်အင်အားစုများ အားကောင်းလာသည့်အခါမှာတော့ စစ်ကောင်စီဘက်က သူတို့ကိုထောက်ခံသည့် ကန့်သတ်ကျေးရွာသားများနှင့် ပျူစောထီးတပ်ကို ဖွဲ့စည်းကြသည်။ ထိုပျူစောထီးတပ်ဖွဲ့ကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် သင်တန်းပေးသည်။ 

ယင်းနောက်မှာတော့ စစ်ကောင်စီက ကန့်သတ်ကျေးရွာတွင် နောက်ထပ် ပျူစောထီးတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းဖို့ ကြိုးစားလာကြတော့သည်။ ထိုကာလ၌ စစ်ကိုင်းတိုင်းရှိ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းက ကျေးရွာများတွင်လည်း စစ်တပ်က ပျူစောထီးတပ်ဖွဲ့များကို လိုက်လံဖွဲ့စည်းနေကြသည့်အချိန်ဖြစ်သည်။ 

ပျူစောထီးမလုပ်လို၍ ထွက်ပြေးလာသည့် ကန့်သတ်ရွာသားများ လက်ရှိနေထိုင်ရာနေရာသည် ကန့်သတ်ကျေးရွာနှင့် အလှမ်းမဝေးသော်လည်း ရာသီဥတုနှင့် ရေမြေကွာခြားလှသည်။ တောင်ပေါ်ဒေသဖြစ်တာကြောင့် မကြာခဏမိုးရွာသလို တောင်တက်၊ တောင်ဆင်းလမ်းကလည်း အတော်ကြမ်းသည်။ 

"ဆင်တောင် မနည်းတက်ရတဲ့လမ်းပါ။ မိုးရွာရင် လမ်းကတော်တော်ဆိုးတယ်" ဟု ကန့်သတ်ကျေးရွာက စစ်ရှောင်များနေကြရသည့်နေရာကို ပုလဲမြို့နယ်၊ သပိတ်ဦးဆောင်ကော်မတီမှ ကိုတိုးဝေအောင်က ပြောပြသည်။ 

အဆိုပါ ကန့်သတ်ကျေးရွာသားများနေထိုင်ရာစခန်းကို ပုလဲမြို့နယ်ပကဖ၊ ပအဖ၊ ပုလဲမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ စစ်ရှောင်ကူညီရေးအဖွဲ့များနှင့် ပြည်တွင်းပြည်ပ အလှူရှင်များက ထောက်ပံ့ပေးထားကြသည်။

ကလေးများ၏ ပညာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ယာယီစာသင်ကျောင်းဖွင့်ထားပေးသည်။ သို့သော် ကျောင်းသုံးစာအုပ်များ အပါအဝင် လျှပ်စစ်မီးကအစ လိုအပ်ချက်များရှိနေသည်။ 

စစ်ရှောင်ကာလ ၁ နှစ်ကြာလာသည့်အခါမှာတော့ ကန့်သတ်ကျေးရွာသားများအတွက် လိုအပ်ချက်များက များလာသည်။ အထူးသဖြင့် ကာလကြာမြင့်လာသည်နှင့်အမျှ ဆန်နှင့်ဆီ စသည့်ရိက္ခာ မလုံလောက်မှုက ပို၍ ဆိုးရွားလာသည်။ 

ယခင်နှစ်က ပုလဲမြို့နယ်၊ ပကဖမှ ကန့်သတ်စစ်ရှောင်စခန်းအတွက် ဆန်အိတ် ၁၀၀ ပေးနိုင်ခဲ့သော်လည်း ယခုအခါ တော်လှန်ရေးကာလကြာရှည်လာသည်နှင့် ကုန်ကျစရိတ် ပိုမိုများပြားလာတာတွေကြောင့် စားနပ်ရိက္ခာအတွက်က အခက်အခဲဖြစ်လာသည်ဟု ပုလဲမြို့နယ်၊ သပိတ်ဦးဆောင်ကော်မတီမှ ကိုတိုးဝေအောင်က ပြောသည်။ 

ကန့်သတ်ကျေးရွာမှ ထွက်ပြေးလာသူများအနက် တချို့က PDF မိသားစုဝင်များရှိရာ စခန်းများတွင် လိုက်နေကြသည်။ တချို့က ဆွေမျိုးများရှိရာ မြို့ရွာများသို့ ပြောင်းရွှေ့သွားကြသည်။ ထို့ကြောင့် လက်ရှိ စခန်းတွင် သံဃာ ၁ ပါးအပါအဝင် လူဦးရေ ၃၀၀ နီးပါးရှိသည်။  တရက်လျှင် ပျှမ်းမျှ ဆန် ၃ တင်းချက်ရသည်။ တလလျှင် တင်း ၉၀ ကုန်ကျသည်။ လက်ရှိတွင် ဆန်က တင်း ၁၀၀ လောက်သာ ကျန်တာကြောင့် စစ်ရှောင်များအတွက် ဆန်ရိက္ခာက တလစာသာ ကျန်တော့သည်။

တခြားသော အကူအညီပေးနေသည့်အဖွဲ့များရှိသော်လည်း ယခုနှစ်မိုးရာသီအတွက်  လုံလောက်သည့် ရိက္ခာတော့ မရရှိသေးပေ။ 

"အဓိက ကတော့ဆန်၊ ဆီလိုအပ်တာပေါ့။ တောင်ပေါ်မှာရတဲ့နေရာလေးမှာ ကြိုးစားပြီး စပါးစိုက်ထားပေမယ့် ဒါက ဒီစခန်းတခုလုံးစာအတွက် လုံလောက်တဲ့ပမာဏတော့ မဟုတ်ဘူး" ဟု စစ်ရှောင်များ ကိုယ်ထူကိုယ်ထ ရိက္ခာအတွက် ဖြည့်ဆည်းနေကြသည့်အခြေအနေကို  ကိုတိုးဝေအောင်က ရှင်းပြသည်။ 

ဇူလိုင်လထဲတွင် အလှူရှင်တဦးက မွေးမြူရေးလုပ်နိုင်ရန် ဝက်ခြောက်ကောင်နှင့် ဝက်စာတွေထောက်ပံ့ပေးတာကြောင့် စစ်ရှောင်စခန်းတွင် အလုပ်တခုရခဲ့သည်။ 

"ကျနော်တို့လည်း ဒေသခံတွေနဲ့ အမျိုးမျိုးတိုင်ပင်ပြီး စဥ်းစားပါတယ်။ စိုက်ပျိုးရေးလုပ်ဖို့လည်း အဆင်မပြေဘူး" ဟု ကိုတိုးဝေအောင်က သုံးသပ်သည်။ 

ထို့အပြင် မိုးရာသီကာလအတွင်း ဖျားနာသူများရှိရာ ဇူလိုင်လအတွင်း စစ်ရှောင်စခန်းက လူဦးရေတဝက်ခန့် ဖျားနာကြသည်။ ပုလဲမြို့နယ်ပကဖ၏ အကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။ သို့သော် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးမလုံလောက်မှုနှင့် ကြုံတွေ့နေရသည်။ 

"ဘာမီတွန်၊ ဒီကိုဂျင်လိုမျိုး အရေးပေါ်ဆေးဝါးတောင် အလုံလောက်မရှိဘူး။ ကာကွယ်ဆေးဆိုတာကတော့ ဘယ်သူမှ မရဘူး" ဟု ကိုတိုးဝေအောင်က ပြောပြသည်။ 

ယင်းလိုအပ်ချက်များအနက် ကန့်သတ်ကျေးရွာသားများ အဓိက မျှော်လင့်နေသည့်အရာက စားနပ်ရိက္ခာပင်ဖြစ် သည်။ လာမည့်လ ထောက်ပံ့ပေးမည့်သူ ပေါ်မလာပါက ကလေးဦးရေ ၆၀ ခန့်ရှိသော ကန့်သတ်ကျေးရွာသားများ နေထိုင်ရာစခန်းတွင် ရိက္ခာပြဿနာ ကြုံရနိုင်ဖွယ်ရှိသည်ဟု စခန်းတွင်နေထိုင်ကြသူများနှင့် ကူညီထောက်ပံ့ ပေးနေသည့်သူများက ဆိုသည်။ 

ဒေါ်နွဲ့တို့နေထိုင်ရာ စခန်းနေရာသည် အင်တာနက်လိုင်းမရ၊ စခန်းတခုလုံးတွင် ဖုန်းတလုံးသာရှိသည်။ ထိုဖုန်းကလည်း ရာသီဥတုကောင်းမှ အဆက်အသွယ်လုပ်၍ရသည်။ ထို့ကြောင့် ဒေါ်နွဲ့အပါအဝင် ကန့်သတ်ကျေးရွာက ထွက်ပြေးလာကြသူများသည် စစ်ရေးသတင်း၊ နိုင်ငံရေးသတင်းများနှင့် အဆက်အသွယ် ပြတ်နေသည်။ 

အကူအညီပေးသည့်အဖွဲ့အစည်းများ ရောက်လာသည့်အခါမှ သတင်းများမေးကြသည်။ စုံစမ်းကြသည်။ သို့သော် သူတို့အားလုံး မေးကြသည့်တူညီသော မေးခွန်းက"ဘယ်တော့ အိမ်ပြန်နိုင်မလဲ"ဟူသော မေးခွန်းဖြစ်သည်။ 

ကန့်သတ်ကျေးရွာမှ ထွက်ပြေးလာသည်မှာ ၁ နှစ်ကြာပြီးဖြစ်သော ဒေါ်နွဲ့တယောက်လည်း ကျေးရွာတွင် ကျန်ခဲ့သည့် သူအိမ်လေးကို လွမ်းမိသည်။ စစ်ကြီးပြီးသွားပြီး အိမ်ပြန်ရမည့်နေ့ကို နေ့တိုင်း မျှော်နေမိသည့် အကြောင်း သူက ယခုလို ရင်ဖွင့်သည်။ 

 

"အိမ်ရော၊ ပစ္စည်းတွေရော လွမ်းတာပေါ့။ ကိုယ့်အိမ်လေးကိုယ် နေချင်တာပေါ့" 

 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #မကွေး #ဂန့်ဂေါ #ကန့်သတ်ရွာ #ကပစ၂၃ #ပျူစောထီး #အတင်းအကြပ် #ထွက်ပြေး #PDF #ယော #ရိက္ခာ #ကျန်းမာရေး #လိုအပ်ချက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10