ရာထူးကဖယ်ရှားခံရတယ်လို့ သတင်းထွက်နေတဲ့ ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို  လူမြင်ကွင်း ထုတ်ပြ (ရုပ်/သံ)

ရာထူးကနေဖယ်ရှားခံရတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ အစည်းအဝေးပွဲမှာ ခေါ်ဆောင်ပြီး လူမြင်ကွင်းကို ထုတ်ပြလာပါတယ်။

ဩဂုတ် ၂၇ ရက် မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုဂံဘုရားခရီးစဉ်နဲ့ နေပြည်တော်၊ မာရဝိဇယဘုရားနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဦးစီးပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံမှာ ထုတ်လွှင့်လာတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးပြုလုပ်တဲ့ အဲ့ဒီအစည်းအဝေးရုပ်သံမှာ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ခေါင်းဆောင် အကြံပေး ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ကိုကိုလွင်တို့နဲ့အတူ ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်တာကိုလည်း တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ အခုရက်ပိုင်းအတွင်းမှာပဲ ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးကနေ ဖယ်ရှားခံရပြီး သူ့ရဲ့နေရာကို စစ်ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

အဲ့ဒီ ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း မဟုတ်မှန်ဘူးလို့ စာထုတ်ငြင်းဆိုထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးစီးပြုလုပ်တဲ့ ဩဂုတ် ၂၅ ရက်က စစ်ကောင်စီအစည်းအဝေးတခု မှာ ဘဏ်တချို့ကမရိုးမသားလုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်  ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ UAB ဘဏ်ရဲ့ ရှယ်ယာဝင်တဦးဖြစ်ကြောင်း၊ ရေတပ်ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရာထူးက ဖယ်ရှားကာ UAB ဘဏ်ကိုပါ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် သူ့ကို အခုလိုလူမြင်ကွင်းကို ထုတ်ပြလာတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #ရေတပ်ချုပ် #ဗိုလ်ချုပ်ကြီးမိုးအောင် #မင်းအောင်လှိုင် #အစည်းအဝေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10