ရာသီစက်ဝန်းကြားက တော်လှန်အမျိုးသမီးများ (ဆောင်းပါး)

ရာသီစက်ဝန်းကြားက တော်လှန်အမျိုးသမီးများ (ဆောင်းပါး)

အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်ခြုံခိုတိုက်ခိုက်ဖို့ ရဲဘော်အန်နာတို့ တပ်ဖွဲ့ဟာ အသင့်ဖြစ်နေပါပြီ။ တိုက်ပွဲအတွေ့အကြုံရှိပြီးသား အန်နာဟာ သူရဲ့ ခန္ဓာကိုယ်ကို တခြားရဲဘော်တွေ နည်းတူ မြေကြီးပေါ်မှာ ပြားနေအောင်ဝပ်ထားပါတယ်။

သူတို့တိုက်ခိုက်ရမယ့်စစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ရွှေဘုံသာရွာကနေ ပျူစောထီးရွာလို့နာမည်ကြီးတဲ့ ဇီးပြားကျေးရွာကို ရိက္ခာပို့မယ့် စစ်ကြောင်းပါ။

 

အဲဒီစစ်ကြောင်းကို သူတို့ရဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)တပ်ရင်း အပါအဝင် နယ်မြေကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ရွှေဘုံသာရွာအနီးက ချောင်းဝ တောရိုးမှာ စောင့်ဆိုင်းနေကြတာပါ။ 

 

ဒါပေမဲ့ ၅ ရက်ကြာတဲ့အထိ စစ်ကောင်စီစစ်ကြောင်းက ပေါ်မလာ။ ရဲဘော်အန်နာတို့ဟာ နေ့ရော၊ ညပါ ကင်းပုန်းဝပ်ရကာ တရက်ကို ၄ နာရီလောက်သာ အိပ်စက်ပြီး စောင့်ဆိုင်းနေကြတာပါ။

 

ပထမရက်တွေကို အေးအေးဆေးဆေးကျော်ဖြတ်နိုင်ပေမယ့် ၅ ရက်မြောက်နေ့မှာတော့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးရဲဘော် အန်နာရဲ့ ဗိုက်ထဲမှာ မီးစနဲ့ထိုးသလို အောင့်လာပါတော့တယ်။

 

သူဟာ မနက် ၄ နာရီမှာ ကင်းပုန်းစောင့်နေရင်း အသက်ရှုရပ်ချင်ရလောက်တဲ့အထိ ဗိုက်အောင့်လာတဲ့အတွက် မြေကြီးပေါ် ဝမ်းလျားထိုးချလိုက်ပါတယ်။ မြေကြီးဓာတ်နဲ့ ခဏတာမျှ နွေးသလိုဖြစ်သွားပေမယ့် ခါးကိုက်တဲ့ဒဏ်က ဆိုးဆိုးရွားရွား ခံစားလာရပါတယ်။

 

အဲဒီနေ့က ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ရဲဘော်အန်နာက အခုလို ပြန်ပြောပြပါတယ်။

 

 "အဲဒီမနက်ကဆို ဆီးကသွားချင်၊ သွားလို့က မရ၊ ဆီးမထွက်တာ။ ထိုင်လိုက်၊ ထလိုက်ကို ဖြစ်နေတာပါပဲ"

 

ရဲဘော်အန်နာခံစားနေရတဲ့ ဝေဒနာဟာ တခါတလေဖြစ်တတ်တဲ့ ရောဂါမျိုးမဟုတ်ဘဲ အမျိုးသမီးတွေ လစဉ်ကြုံ တွေ့နေရတဲ့ ဓမ္မတာလာခြင်းပဲဖြစ်ပါတယ်။

 

အညာဒေသမှာ မိန်းကလေးရဲဘော်တယောက်အနေနဲ့ ရှေ့တန်းလိုက်ရတဲ့အချိန် အခက်အခဲဆုံးကိစ္စက ဓမ္မတာဆင်းချိန်နဲ့ ကြုံတာဖြစ်တယ်လို့ ရဲဘော်အန်နာက ပြောပါတယ်။

 

အမျိုးသမီးတွေ ဓမ္မလာတဲ့အခါ လစဉ်သုံးတွေကို သုံးတတ်ကြပေမယ့် အညာဒေသက ရဲဘော်အန်နာ အပါအဝင် အမျိုးသမီးစစ်သည်တွေကတော့ အတွင်းခံဘောင်းဘီကိုသာ အဓိက အားထားနေကြရပါ တယ်။

 

အမျိုးသမီးစစ်သည်တွေဟာ ရှေ့တန်းထွက်ရတဲ့အခါမှာ အင်္ကျီသုံးထပ်ဝတ်ပြီး ပြောက်ကျားဘောင်းဘီကို ဝတ်ထားရတဲ့အပြင် ပွိုင့်ဖိနပ်စီးထားရတာကြောင့် နွေပူပူမှာ တကိုယ်လုံးပူလောင်နေပြီး လစဉ်သုံးပစ္စည်းကို ထပ်ပြီး မသုံးနိုင်ကြတော့ပါဘူး။ 

 

ဒါကြောင့် အတွင်းခံနဲ့သာ နေကြရပြီး "ယူနီဖောင်းတွေ ပေတာမျိုးလည်းရှိတာပေါ့။ ဒီအတိုင်းနေရတာပဲ" လို့ ရဲဘော်အန်နာက ပြောပါတယ်။

 

အခုစစ်ဆင်ရေးမှာ PRF တပ်ရင်းက ရဲဘော်အန်နာအပါအဝင် အမျိုးသမီးရဲဘော် ၄ ဦး ရှေ့တန်းစစ် မြေပြင်ကို လိုက်ပါခဲ့တာပါ။ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ဖို့ ၁၅ ရက်အကြာ ကင်းပုံးဝပ် စောင့်ဆိုင်းခဲ့ပေမယ့် နောက်ဆုံးမှာ မိုင်းဆွဲတိုက်ခိုက်တာပဲ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ရဲဘော်အန်နာအပါအဝင် အမျိုးသမီးရဲဘော်တွေကတော့ အဲဒီကာလတလျှောက်လုံးမှာ ရေမချိုးရ၊ သန့်ရှင်းရေးသေချာမလုပ်ရဘဲ အဲဒီရက်တွေမှာ အတွင်းခံနဲ့သာ နေထိုင်ခဲ့ရပါတယ်။

 

ရှေ့တန်းစစ်ဆင်ရေးထွက်နေချိန် ဓမ္မတာလာတဲ့အခါ အတွင်းခံတထည်ကို ၂ ရက်နှုန်းနဲ့သာ အသုံးပြုရပြီး အနံ့အသက် မကောင်းတာနဲ့ ရေလျှော်ဖို့ ခက်ခဲတာကြောင့် အသုံးပြုပြီးရင် လွှင့်ပစ်လိုက်ရတယ်လို့ ရဲဘော်အန်နာက ပြောပါတယ်။

 

သာမန်အချိန်မှာပဲဖြစ်စေ၊ ဓမ္မတာလာတဲ့အချိန်ပဲဖြစ်စေ ရှေ့တန်းထွက်နေရတဲ့ အမျိုးသမီးရဲဘော်တွေအတွက် အဓိကလိုအပ်ချက်ကို ရဲဘော်အန်နာက အခုလို ပြောပြပါတယ်။

 

"အဓိကလိုအပ်တာ အမျိုးသမီးအတွင်းခံပဲ။ ရှေ့တန်းကို တခါထွက်ရရင် ၃ ထည်လောက်ကုန်တယ်။ ရာသီလာချိန်ဆို ဘယ်လိုမှ ရေလျှော်ချိန်မရလို့ ဒီအတိုင်းပစ်လိုက်ရတယ်"

 

အမျိုးသားအများစုပါတဲ့ရှေ့တန်းမှာ အမျိုးသမီးရဲဘော်တွေ ဓမ္မတာလာတာမျိုးဖြစ်တဲ့အခါ အမျိုးသား ရဲဘော်တွေက သူတို့ဘောင်းဘီတွေ ငှားပေးတာနဲ့ ခါးကိုက်သက်သာအောင် နှိပ်ပေးတာမျိုးတွေ လုပ် ပေးတာကြောင့် စိတ်လုံခြုံမှုတော့ရှိတယ်လို့ ရဲဘော်အန်နာက ပြောပါတယ်။

 

ရှေ့တန်းစစ်မြေပြင်မှာ အမျိုးသမီးစစ်သည်တွေအနေနဲ့ ဓမ္မတာလာစဉ် အတွင်းခံကိုသာ အသုံးပြုရတဲ့နောက်ထပ် အကြောင်းတခုကလည်း သက်တောင့်သက်သာဖြစ်စေတဲ့ လစဉ်သုံးတွေဟာ ၁၀ ခုပါ အထုပ်တထုပ်ကို ကျပ် ၆,၀၀၀ နဲ့အထက် ရှိပြီး အလွယ်တကူဝယ်လို့ မရတာကြောင့်လည်းဖြစ်ပါတယ်။

 

အလှူရှင်တွေ လှူဒါန်းကြတဲ့ လစဉ်သုံးတွေရှိပေမယ့် ရှေ့တန်းထွက်ချိန်အသုံးပြုရတဲ့အခါ အပူလောင် တာကြောင့် အနာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

 

 

"ကျွန်တော်ဆို အဲ့လိုအပူလောင်ပြီး မိန်းမကိုယ်မှာ အနာတွေဖြစ်တာ။ အခုထိ အမာရွတ်တွေတောင် ကျန်တယ်" လို့ ရဲဘော်အန်နာက ပြောပါတယ်။

လစဥ်သုံးပစ္စည်းတိုင်းက အပူလောင်တာမျိုးမဟုတ်ဘဲ ပါးလွှာပြီးအေးတဲ့လစဥ်သုံးတွေကတော့ ရှေ့တန်းအမျိုးသမီးတွေအတွက်အသုံးဝင်တယ်လို့ အန်နာက ပြောပါတယ်။

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရှေ့တန်းစစ်ဆင်ရေးတွေမှာ ဆေးတပ်သားအဖြစ်လိုက်ပါနေတဲ့ ၃၆ အရွယ် မနှင်းဝေဦး(အမည်လွှဲ)လည်း အလားတူ ပြဿနာကို ရင်ဆိုင်ဖူးပါတယ်။

 

တော်လှန်ရေးစတင်တဲ့ ၂၀၂၁ ကတည်းက ဆေးတပ်သားအဖြစ် တော်လှန်ရေးထဲ ဝင်ရောက်ခဲ့တာ ကြောင့် မနှင်းဝေဦးမှာ ဘာဝင်ငွေမှ မရှိပါဘူး။

 

အိမ်ကပေးတဲ့မုန့်ဖိုး၊ ဆေးခန်းက ဆရာဝန်ကြီးတွေပေးတဲ့မုန့်ဖိုးတွေကို အလုပ်အသွားအပြန်နဲ့ ရှေ့တန်းသွားဖို့ ဆိုင်ကယ်ဆီဖြည့်ရပြီး ပိုတဲ့ပိုက်ဆံကိုသာ အမျိုးသမီးလစဥ်သုံးဝယ်ရတာကြောင့် လောက်ငှအောင် မဝယ်နိုင်ပါဘူး။

 

အလှူရှင်အများစုကလည်း တော်လှန်ရေးရဲဘော်အမျိုးသမီးတွေအတွက်သာ လှူဒါန်းတာဖြစ်လို့ သူတို့လို ဆေးတပ်သားတွေက ခွဲတမ်းမရတာက များတယ်လို့ မနှင်းဝေဦးက ပြောပါတယ်။

 

"ရော့ဒါ နင့်အတွက်ဆိုပြီးပေးတာမျိုးမဟုတ်ဘဲ မယူချင်ဘူး။ သူတို့(အမျိုးသမီးရဲဘော်တွေ)လည်း မလောက်မှာ စိုးရိမ်တယ်" လို့ သူက ပြောပါတယ်။

 

ဒါကြောင့်လည်း လစဥ်သုံးတခုဟာ ၄ နာရီခြားတခါ လဲလှယ်ရန် သတ်မှတ်ထားပေမယ့် မနှင်းဝေဦးကတော့ လစဥ်သုံးမရှိလို့ တခုတည်းကိုပဲ ရသလောက်အသုံးပြုနေရတဲ့ ရက်တွေရှိသလို အတွင်းခံနဲ့ပဲ နေခဲ့ရတဲ့ရက်တွေ ရှိတယ်လို့ ဆိုပါတယ်။

 

 "အဲဒီလိုရက်(ဓမ္မတာဆင်းတဲ့ရက်)တွေဆိုလေ ကိုယ်က နံမှာစိုးတော့ တခြားရဲဘော်တွေနဲ့ ဝေးဝေးမှာ သွားထိုင်ရတယ်" လို့ မနှင်းဝေဦးက ပြောပါတယ်။

 

တော်လှန်ရေးရဲဘော်တွေကတော့ အဲဒီလိုရက်တွေဆို သူ့ကို နားလည်မှုပေးကြသလို ခွဲခြားဆက်ဆံတာလည်း မလုပ်ကြဘူးလို့ သူက ပြောပါတယ်။

 

ရှေ့တန်းထွက်ရတဲ့ ရက်တွေမှာ အမျိုးသမီးရဲဘော်တွေအတွက် အတွင်းခံလိုအပ်တဲ့ပြဿနာက ပိုများတယ်လို့ ဆိုပါတယ်။

 

သာမန်ရက်တွေမှာပဲဖြစ်စေ ရှေ့တန်းသွားနေရတဲ့အခါ အတွင်းခံကို ၂ ရက်၊ ၃ ရက် ဝတ်ထားရပြီး ရေမလျှော်နိုင်တာကြောင့် လွှင့်ပစ်ရတာမျိုးတွေရှိတယ်လို့ မနှင်းဝေဦးက ပြောပါတယ်။

 

"လစဥ်သုံးအပြင် ဘောင်းဘီလိုတယ်။ တခါတခါ ကိုယ်ကရှေ့တန်းလိုက်ရတော့ မလျှော်နိုင်ဘူးလေ။ အဲ့ဒါကိုလည်း အိတ်ထဲမှာထည့် မထားနိုင်ဘူးလေ။ သင့်တော်တဲ့နေရာမှာ (အတွင်းခံကို)လဲပြီး မြေမြှုပ် ထားခဲ့ရတာ" လို့ သူ ကပြောပါတယ်။

 

အနံ့အသက်ဆိုးဆိုးရွားရွားဖြစ်ပြီး ညစ်ပတ်နေတဲ့အတွက်လည်း အတွင်းခံတွေကို စွန့်ပစ်တဲ့အခါ မြေမြှုပ်စွန့်ပစ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီလို ကရိကထတွေများတာကြောင့် အမျိုးသမီးတွေဟာ ရှေ့တန်းထွက်ရင်း ဓမ္မတာလာတာမျိုးနဲ့ ကြုံရပါက ဓမ္မတာမြန်မြန်ပြီးစေဖို့ ကော်ဖီဖန်ဖန်သောက်လိုက်တာ၊ အချဥ်စားတာ စတဲ့နည်းတွေနဲ့ ထင်သလိုဖြေရှင်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။

 

"ပုံမှန်ရာသီလာရင် ကျွန်တော်က ၅ ရက်လောက်ကြာတက်တယ်။ ကော်ဖီဖန်ဖန်လေးသောက်လိုက်ရင် ၂ ရက် လောက်နဲ့ ရပ်သွားတယ်။ ဒါက ကျန်းမာရေးနဲ့ညီညွတ်မယ်တော့ မထင်ဘူး" လို့ အန်နာက ရယ်မောလျက်ပြောပါတယ်။

 

ဆေးတပ်သားဖြစ်တဲ့ မနှင်းဝေဦးကတော့ အဲဒီလို ဓမ္မတာလာချိန်ဆို မန်ကျည်းသီးကိုစားပြီး ဓမ္မတာလာတာကို ရပ်တန့်အောင် လုပ်လိုက်တယ်လို့ ဆိုပါတယ်။

 

"အရေးပေါ်ရှေ့တန်းဆေးလိုက်ကုရမယ်ဆိုရင် မကျည်းသီးတွေ စားပစ်တာမျိုးလုပ်တယ်။ ဘာအထာလဲတော့ မသိဘူး။ ဓမ္မတာရပ်သွားတယ်" လို့ သူက ပြောပါတယ်။

 

အဲဒီအကျိုးဆက်အနေနဲ့ ရာသီထိန်တာ၊ ဗိုက်နာတာနဲ့ မျက်နှာမှာ ဝက်ခြံပေါက်တာတွေ ဖြစ်တတ်တယ်လို့ သူက ရှင်းပြပါတယ်။

 

ရန်ကုန်မြို့ပုဂ္ဂလိကဆေးရုံတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖွားမီးယက်အထူးကုဆရာဝန်တဦးက အချဥ်၊ အငံစားလို့ ရာသီသွေးရပ်တာဟာ ခေါက်ရိုးကျိုးနေတဲ့အရာသာဖြစ်ပြီး ဆေးပညာအရ လုံးဝ မဆက်စပ်ဘူးလို့ ဆိုပါတယ်။

 

 

"Emotional Influence ပါ နိုင်တယ်ပေါ့နော်။ ဒါစားလို့ ဒီလိုဖြစ်မယ်ဆိုတာက အစဥ်အဆက်က အရိုးစွဲသလို ဖြစ်နေတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ငါကတော့ ဒါစားလိုက်ရင် ဒါတော့ရပ်မှာပဲလို့ သူတို့စိတ်ထဲမှာ ယုံကြည်နေတယ်ပေါ့နော်။ အဲ့ဒါကြောင့်လည်း ပါမယ်လို့ ထင်တယ်" လို့ သူက ရှင်းပြပါတယ်။

ပြီးတော့ အတွင်းခံ မလုံလောက်တာ၊ အမျိုးသမီးလစဉ်သုံးတွေကို သတ်မှတ်ရက်ထက် ကျော်လွန်အသုံးပြုတာတွေကြောင့် အမျိုးသမီးမျိုးပွားအင်္ဂါမှာ အရည်ကြည်ဖုပေါက်တာ၊ အနာပေါက်တာအပြင် ဆီးလမ်းကြောင်းထဲ ပိုးဝင်တာ၊ မှိုစွဲရောဂါ စတာတွေ ဖြစ်နိုင်တယ်လို့ သားဖွားမီးယက်အထူးကုဆရာဝန်က ဆက်ရှင်းပြပါတယ်။

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အခြေစိုက်ပြီး ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်း တခုမှ ဆရာဝန်ဦးထွန်းမြင့်(အမည်လွှဲ)က သူတို့ဆေးခန်းကို ရောက်လာတဲ့ အမျိုးသမီးတွေထဲမှာ "ဆီးလမ်းကြောင်း ပိုးဝင်တာတော့ ပိုများတယ်" လို့ မှတ်ချက်ပြုပါတယ်။

 

ဒါပေမဲ့ အမျိုးသမီးရဲဘော်လူနာ လစဥ်လာရောက်တဲ့ အရေအတွက်ကိုတော့ စာရင်းပြုစုထားတာ မရှိဘူးလို့ ဆိုပါတယ်။

 

အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာကို ကုသဖို့ဆေးဝါးမပြည့်စုံတဲ့အပြင် သားဖွားမီးယပ် အထူးကုဆရာဝန်တွေ မရှိတာကြောင့် သာမန်ကျန်းမာရေးဆရာဝန်ကသာ ကုသပေးနေတယ်လို့ ဆရာဝန် ဦးထွန်းမြင့်က ဆိုပါတယ်။

 

"ဖြစ်လာမှ ဆေးလှမ်းမှာရတယ်။ တခါတလေ ပိုးသတ်ဆေးလောက်နဲ့ အဆင်ပြေသွားတာမျိုးရှိပေမယ့် တချို့အမျိုးသမီးတွေမှာ ဆီးပိုးဝင်တာနဲ့ ဆီးသွားဖို့ခက်ခဲတော့ ကျောကအောင့်လာတာမျိုး၊ ကျောက်ကပ် ပြန်စစ်ဖို့လိုလာတာမျိုးအထိ ဖြစ်ရင်တော့ ကျွန်တော်တို့ဘက်က ဆေးဝါးမလုံလောက်တော့ ပြန်လွှဲရတာမျိုး ရှိတယ်။ " သူက ဆက်ရှင်းပြပါတယ်။

 

ရဲဘော်အန်နာဟာ ငယ်ငယ်ကတည်းက ကျောက်ကပ်မှာ ကျောက်တည်နေတာကြောင့် လစဉ်ဓမ္မတာ ဆင်းတဲ့အခါတိုင်း ဆီးသွားရခက်ခဲတဲ့ဝေဒနာကို အမြဲတမ်းခံစားနေရတဲ့ သူတယောက်ပါ။

 

လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးတယောက်အနေနဲ့ ပါဝင်နေရတဲ့အဖြစ်ကို ရဲဘော်အန်နာက အခုလို မှတ်ချက် ပြုပါတယ်။

 

ကျနော့်အတွက်တော့ အမျိုးသမီးဖြစ်ရတာကိုက အခက်အခဲတခုပဲ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10