ရိက္ခာစရိတ်သက်သာအောင် စိုက်ပျိုးထားတဲ့ကြက်သွန်တွေကို PDA တပ်ဖွဲ့ဝင်တွေ စတင်ရိတ်သိမ်း

ရိက္ခာစရိတ်သက်သာအောင် စိုက်ပျိုးထားတဲ့ကြက်သွန်တွေကို PDA တပ်ဖွဲ့ဝင်တွေ စတင်ရိတ်သိမ်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ - PDO ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့သွားနေတဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDA တပ်ဖွဲ့က စိုက်ပျိုးထားတဲ့ ကြက်သွန်တွေကို စတင်ရိတ်သိမ်းနေကြပြီလို့ PDA တပ်ဖွဲ့ဆီက သိရပါတယ်။

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေကိုဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာနဲ့ တပ်ဖွဲ့ရိက္ခာဖူလုံဖို့ရည်ရွယ်ပြီး အခုနှစ်ဇန်နဝါရီလနှောင်းပိုင်းမှာ စိုက်ပျိုးထားတဲ့ကြက်သွန်တွေကို ရဲဘော်၊ ရဲမေတွေက ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကစပြီး ရိတ်သိမ်းနေကြတာလို့ ဆိုပါတယ်။

"ကြက်သွန်တကျင်းကို ပိဿာ ၂၀ လောက်ထွက်ပါတယ်။ ဒီနှစ်က ဥတုမကောင်းလို့ အထွက်နည်းကြ တယ်။ နေပြင်းတာရော အချိန်အခါမဟုတ် မိုးရွာချလို့ပါ။ အပင်သိပ်မဖြစ်ဘဲ ကြက်သွန်ဥ သေးသွားတယ်" လို့ PDA ရဲ့သတင်းတာဝန်ခံ ရဲဘော်မိုးကောင်း ကပြောပါတယ်။

ယခင်နှစ်တွေက အဆိုပါဒေသမှာ ကြက်သွန်စိုက်ပျိုးရင် ရာသီဥတုကောင်းပါက တကျင်းကို ၂၅ ပိဿာကျော်ထွက်ရှိပြီး ယခုနှစ်မှာတော့ ရာသီဥတုမကောင်းတဲ့အတွက် တကျင်းကို ပိဿာ ၂၀ ခန့်သာ ထွက်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စိုက်ခင်းမှာ ဒေသထွက် ကြက်သွန်မျိုး ၁ ပြည်ကို ၁ သိန်းစျေးဝယ်ရပြီး ကြက်သွန်ကျင်း ၃၀ စိုက်ပျိုးထားရာ ထွန်ယက်ခ၊ အပင်မျိုး၊ မြေသြဇာ၊ ရေတင်ဆီ စသဖြင့် အထွေထွေကုန်ကျစရိတ် ၅ သိန်းကျော်သာ ကုန်ကျတယ်လို့ သိရပါတယ်။

PDA တပ်ဖွဲ့ဝင်တွေရဲ့ စိုက်ခင်းမြေနေရာဟာ ပေါက်မြို့နယ်အတွင်းက ကျေးရွာတရွာအနီးမှာဖြစ်ပြီး စိုက်ပျိုးထွန်ယက်တဲ့ အချိန်မှာလည်း ကျေးရွာဒေသခံတွေက တပ်ဖွဲ့ဝင်ရဲဘော်ရဲမေတွေနဲ့အတူ ဝိုင်းဝန်းကူညီပေးကြတယ်လို့ PDA အဖွဲ့မှ ရဲဘော်တဦးက ဆိုပါတယ်။

"ရဲဘော်တွေအားလုံး ကြက်သွန်ပျိုးတာ ပြန်စိုက်တာတွေလုပ်ကြတယ်။ ရေလောင်း ပေါင်းနှုတ်တာတွေလည်း အားလုံးဝိုင်းလုပ်ကြတယ်။ အခု ကြက်သွန်တွေနှုတ်ရင်း အမြိတ်တွေ ဖြတ်ပေးနေကြတာပါ” လို့ ရဲဘော် အငယ်လေးက ပြောပါတယ်။

စိုက်ခင်းကထွက်ရှိလာတဲ့ ကြက်သွန်တွေဟာ တပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာဖူလုံပါက ပိုလျှံတဲ့ ကြက်သွန်တွေကို သိုလှောင်ထားမှာဖြစ်ပြီး ပြည်သူတွေစားသောက်ဖို့ ခက်ခဲလာပါက မျှဝေသွားဖို့လည်း ရှိတယ်လို့ PDA ဆီက သိရပါတယ်။ 

ပုံစာ - ဧပြီလ ၁၃ ရက်မှာ PDA တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ကြက်သွန်ရိတ်သိမ်းနေကြစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက် #PDA တပ်ဖွဲ့ #တနိုင်တပိုင်စိုက်ခင်း #ရိက္ခာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10