ရိုးမအနီးက PDF ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

ရိုးမအနီးက PDF ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာနဲ့ မင်းလှမြို့နယ်အစပ် ရိုးမအနီးက PDF ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တခုဆီက သိရပါတယ်။

မြို့ချောင်းကျေးရွာနဲ့ ၁၈ မိုင်ခန့်အကွာရှိ PDF ကင်းစခန်းကို မေ ၂၈ ရက်မှာ စစ်ကောင်စီဘက်က အင်အား ၅၀ ကျော်နဲ့ လာရောက်တိုက်ခိုက်ရာက နှစ်ဘက်တိုက်ခိုက်မှုဖြစ်ခဲ့ကြတာပါ။ 

"ကင်းစခန်းစီးခံရတာပါ။ စကစ စစ်ကြောင်းကရှေ့ရက်တွေကတည်းက အဲ့ဘက်ခြမ်းဝင်မယ်လို့ သတင်းရထားပေမယ့် ရုတ်တရက်ရောက်ချလာကြတာ။ ရဲဘော်တယောက်က ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံလိုက်ရတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးသူတွေရှိပေမယ့် အတည်မပြုနိုင်သေးဘဲ PDF တွေဘက်က နှစ်ယောက်သေဆုံးပြီး လက်နက်အချို့နဲ့ မိုင်းအချို့သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဘက်က ကင်းစခန်းသိမ်းပြီးချိန်မှာလည်း ကင်းစခန်းနဲ့ စခန်းအနီးရှိ စျေးဆိုင်တဆိုင်ကိုပါ မီးရှို့သွားတယ်လို့ သိရပါတယ်။

ပဲခူးရိုးမအတွင်းကို စစ်ကောင်စီဘက်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံကာကွယ်ရေး တပ်တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားလေ့ရှိနေတာပါ။ 

ကင်းစခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေဘက်က သတင်း တစုံတရာ ထုတ်ပြန်တာတော့မရှိသေးပါဘူး။

စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာတော့ ပဲခူးရိုးမအတွင်းအကြမ်းဖက်တွေလုပ်နေတဲ့ သာယာဝတီ PDF စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ PDF အလောင်း ၂ လောင်း၊ လက်လုပ် ၁၂ ဗို့ သေနတ်တလက်၊ ရှေ့ထွက်မိုင်း ၇ လုံး၊ ဆက်စပ်ပစ္စည်းတွေနဲ့ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီကျော်ခန့်မှာ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့အကြား အုန်းနှဲပင်ဂိတ်စခန်းတခုကို ရိုးမ (၂) စစ်ကြောင်းနဲ့ KNLAပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး လက်နက် ၈ လက်၊ ခဲယမ်း၊ မိုင်းတွေနဲ့အတူ ဆက်စပ်ပစ္စည်းတွ သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #PDF #စခန်းစီးနင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10