ရေစကြိုနယ်က ဝေဟင်တော်လှန်ရေး

ရေစကြိုနယ်က ဝေဟင်တော်လှန်ရေး

သုံးထပ်သား သစ်သားပြားကြီးတချပ်ပေါ်မှာ ယောက်ျားလေးတစု ဝိုင်းဖွဲ့ထိုင်ကာ တခုခုကို စိတ်ဝင်တစားကြည့် နေကြတယ်။ သူတို့အလယ်မှာတော့ အဖြူရောင်ပလတ်စတစ်ဖော့ပြားတချပ် ရှိနေပါတယ်။ 

သင်တန်းဆရာဖြစ်ပုံရတဲ့ အသက် ၂၀ ကျော်အရွယ်လူငယ်တဦးကတော့ ဘယ်ဘက်လက်မှာ ပေတံတချောင်း၊ နားရွက်ပေါ်မှာ ခဲတံတချောင်း ညှပ်ကာထားပါတယ်။ 

ပြီးတော့ ညာဘက်လက်နဲ့ ကွန်ပျူတာတလုံးကိုင်ပြီး အနားကစောင့်ကြည့်နေတဲ့သူတွေကို တစုံတရာ ရှင်းပြ နေပါတယ်။ သူရှင်းပြနေတာက RC Plane (Radio Control Plane) ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းပြနေတာပါ။ RC Plane  ဆိုတာ ရေဒီယိုထိန်းချုပ်မှုနဲ့မောင်းနှင်တဲ့ အပျော်တမ်းကစားစရာ လေယာဉ်တစီးပါ။ 

ဒါပေမဲ့ သူတို့ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ အပျော်တမ်းကစားစရာ အာစီလေယာဉ်ဟာ ကစားဖို့တော့ မဟုတ်ပါဘူး။ သူတို့ရဲ့ဒေသတွေမှာ ၂နှစ်ကျော်ကြာ ဆိုးသွမ်းသောင်းကျန်းနေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ စစ်တပ်ကြီးကို တိုက်ခိုက်ချေမှုန်းဖို့အတွက်ပါ။ 
သူတို့အဖွဲ့ကို Super Fighter PDF (ရေစကြို)လို့ နာမည်ပေးထားပါတယ်။ သူတို့ကိုယ်တိုင်စမ်းသပ်ထုတ်လုပ် ထားတဲ့ အာစီလေယာဉ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ ဒုခေါင်းဆောင်ဗိုလ်မင်းက အခုလိုပြောပါတယ်။ 

"ဒီလေယာဥ်နဲ့ တိုက်ပွဲစုစုပေါင်း ၃၀ကျော်လောက် တိုက်ပြီးပါပြီ။ ရေစကြိုနယ်၊ ဆားလင်းကြီးနယ်စတဲ့နေရာ တွေက စကစစခန်းတွေကို တိုက်ခိုက်ခဲ့တာ။ စကစသေဆုံးမှုကတော့ ၂၀ကျော် လောက်ရှိခဲ့တယ်" 

စစ်တပ်ကအာဏာသိမ်းပြီးနောက် ရေစကြိုမြို့နယ်က ပညာသင်ယူနေကြတဲ့ အသက် ၂၀ ကျော်အရွယ် တက္ကသိုလ်ကျောင်းသားတွေနဲ့ တော်လှန်ရေးလုပ်နေတဲ့ ၃၀ အရွယ် လူလတ်ပိုင်း ၁၅ယောက်ခန့်ဟာ စစ်အာဏာရှင်ကို ဝေဟင်ကနေ တော်လှန်တိုက်ခိုက်နိုင်ဖို့ ဒရုန်းတပ်ဖွဲ့ကို ၂၀၂၂ ဖေဖော်ဝါရီမှာ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။

ဒါပေမဲ့ ဒရုန်းတစီးရဲ့တန်ဖိုးဟာ ဈေးကြီးလွန်းတာရယ်၊ ပျက်စီးသွားပါက ပြုပြင်ရတဲ့စရိတ်များတာရယ်ကြောင့် သူတို့ဟာ ဒရုန်းအစား ရေဒီယိုထိန်းချုပ်မှုနဲ့မောင်းနှင်တဲ့ အာစီပလိန်း(RC Plane)တွေကို ထုတ်လုပ်ပြီး စစ်ကောင်စီကိုတိုက်ဖို့ စဉ်းစားခဲ့ကြပါတယ်။  

အခုလိုဒရုန်းတပ်ဖွဲ့ကို မဖွဲ့စည်းမီအချိန် ၂၀၂၁ တုန်းကတော့ ပြောက်ကျားအဖွဲ့တွေဆီဝင်ရောက်ကာ တိုက်ပွဲတွေကို ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ကြပါသေးတယ်။ ဒီလိုတိုက်ခိုက်နေရင်း အချိန်တွေကြာလာတာနဲ့အမျှ တက္ကသိုလ်ကျောင်းသားဘဝမှာ အပျော်တမ်း ဆောက်လုပ်ကစားခဲ့ကြတဲ့ RC Plane(Radio Control Plane)ကို သတိရကာ အဲဒီလေယာဥ်နဲ့လည်း ဝေဟင်ကနေတိုက်ခိုက်လို့ ရတာကို စဥ်စားမိလာခဲ့ကြတာဖြစ်တယ်လို့ Super Fighter(ရေစကြို)အဖွဲ့ရဲ့ ဒု- ခေါင်းဆောင် ဗိုလ်မင်းက ရှင်းပြပါတယ်။

အခုလိုအကြံအစည်ရရှိပြီးနောက် အဖွဲ့ထဲမှာပါဝင်ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဒရုန်းကျွမ်းကျင်သူတွေက RC Plane(Radio Control Plane)ကို ၂၀၂၂၊ မတ်လကစတင်ကာ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြသလို တဆက်တည်းမှာပဲ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပူးပေါင်းဖော်ဆောင်တာတွေ လုပ်ခဲ့ကြသေးတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဒရုန်းသမားတွေအပါအဝင် သူတို့တပ်ဖွဲ့မှာ စုစုပေါင်းအင်အား ၄၀ ကျော်ရှိနေပြီဖြစ်ပြီး အာစီလေယာဉ် ၂ စီးကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ 

Super Fighter PDF (ရေစကြို)အဖွဲ့ဟာ သူတို့ထုတ်လုပ်ထားတဲ့ အာစီလေယာဉ်နဲ့  ၂၀၂၃ ဇန်နဝါရီကစတင်ကာ ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီတွေဝင်ရောက်တပ်စွဲထားကြတဲ့ ဆက်သွယ်ရေးရုံးနဲ့ မြို့မရဲစခန်းတို့ကို ပွဲဦး ထွက်စတင်တိုက်ခိုက်ခဲ့ရာ နှစ်နေရာပေါင်း ဗုံးသီး ၅ လုံးအထိ ဖြုတ်ချတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒီအာစီနဲ့ ပထမဆုံးတိုက်ခိုက်တဲ့အခါမှာ လေယာဥ်ကချို့ယွင်းမှုကြောင့် မိမိတို့ဆီကို ပြန်ကျလာတာတွေ ရှိခဲ့တယ်။ ရဲဘော်တွေ ဒဏ်ရာရတာတွေလည်းရှိတယ်။ ဒါကမှတ်မှတ်ရရပဲ။ အခုတော့ တော်တော်လေးကို အဆင်ပြေနေပါပြီ။ တိုက်ပွဲဖော်ဆောင်တဲ့အခါမှာလည်း အတော်လေးကို အားရပါတယ်"လို့ ဒု-ခေါင်း ဆောင်ဗိုလ်မင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၁၆ ရက်မှာ ရေစကြိုမြို့နယ်၊ ဇီးတော(စံပြ)ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို  RC Plane ၂စီးနဲ့ ဗုံးသီး ၂၁ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ် သား ၄ဦး သေဆုံးခဲ့သလို မတ်လ ၁၅ ရက်မှာလည်း ဆင်ဖြူရှင်တံတားပေါ်မှာ တပ်စွဲနေတဲ့ တပ်စခန်းကနေ စာရွက်စာတမ်းတွေတင်ဆောင်ပြီး မြို့ပေါ်ကို သွားတဲ့စစ်ကားတစီးကို  မအူပန်းခြံ အနီးအရောက်မှာ RC Planeနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Super Fighter အဖွဲ့ကပြောပါတယ်။

အလားတူ ဧပြီလ ၉ ရက်မှာလည်း ဆားလင်းကြီးမြို့မရဲစခန်းကို  RC Plane ၂စီးနဲ့  ဗုံးသီး ၅ လုံး၊ ဧပြီလ ၁၃ ရက်မှာ ယင်းမာပင်မြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ဗုံးသီး ၅ လုံး၊ ကျားတက်ရဲစခန်းကို ဗုံးသီး ၃ လုံး စတဲ့တိုက်ခိုက်မူတွေကို လုပ်နိုင်ခဲ့ပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်သား သေဆုံး၊ ဒဏ်ရာရမှုတွေကို တိတိကျကျမသိခဲ့ရပေမယ့်  ၇ ဦးခန့် သေဆုံးပြီး ဒဏ်ရာရမှုတွေရှိနိုင်ခဲ့တယ်လို့ Super Fighter အဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။ 

ဒီလို အာစီလေယာဉ်တစီးကို အပြီးစီးထုတ်လုပ်နိုင်ဖို့ ငွေကျပ် ၂၅ သိန်းဝန်းကျင်ကုန်ကျပြီး  ပစ္စည်းတွေ မှာယူရတဲ့အခါ ကြာချိန် ၁ လခန့်စောင့်ရပေမယ့် ပစ္စည်းစုံလင်ပါက တရက်တည်းနဲ့ အပြီးလုပ်လို့ရတယ်လို့ ဗိုလ်မင်းက ဆိုပါတယ်။

ငွေကြေးပံ့ပိုးမှုကတော့ မည်သူတဦးတယောက်ဆီကမှ မရရှိတာကြောင့် Super Fighter ရဲဘော်တွေရဲ့ နေအိမ် တွေ၊ ရွှေထည်ပစ္စည်းတွေကို ပေါင်နှံရောင်းချပြီး အာစီလေယာဉ်ထုတ်လုပ်ကာ မစ်ရှင်တွေကို ဆင်နွဲနေရတာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ဒု-ခေါင်းဆောင် ဗိုလ်မင်းက ရှင်းပြပါတယ်။

RC Planeနဲ့ တိုက်ပွဲဖော်တဲ့အချိန်မှာ စစ်ကောင်စီတပ်ရဲ့ စခန်းအနေအထားပေါ်မူတည်ပြီးတော့ ဗုံးသီးချတိုက်ခိုက်တဲ့အခါ ဗုံးသီးအရေအတွက် အနည်းအများပေါ်မူတည်ပြီး ကုန်ကျစရိတ်က ကွာခြားချက်ရှိပါတယ်။ ဗုံးသီး ၁၀လုံး၊ ၁၅လုံးချတိုက်ခိုက်ရလျှင် ကုန်ကျ စရိတ်က ၁၀သိန်း၊ ၁၅သိန်းခန့်ကုန်ကျတယ်လို့ ဗိုလ်မင်းက ပြောပါတယ်။

"အခုအချိန်မှာတော့ ရောင်းစရာ အိမ်၊ ရွှေတွေကလည်းကုန်ပြီဆိုတော့ ထုတ်လုပ်မှုကို နားနေရတယ်။ အကူအညီတွေရှိရင်တော့ ဒီထက်အဆင့်မြင့်တဲ့အာစီတွေကို ထုတ်လုပ်ဖို့ရည်ရွယ်ထားတယ်" လို့ သူက ဆိုပါတယ်။ 

စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကြောင်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ Jammer တွေကို ကြောက်ရပေ မယ့် အာစီလေယာဉ်တွေကတော့ အလျင်အမြန်မောင်းနှင်နိုင်တာအကြောင့် Jammer တွေကို ရှောင်တိမ်းနိုင်တဲ့ အားသာချက်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာစီပလိန်းလေယာဥ်ဟာ စစ်ကောင်စီတွေကို အတိုင်းအတာ တခုထိတော့ ခြိမ်းခြောက်နိုင်လာတယ်လို့ Super Fighter (ရေစကြို)အဖွဲ့ရဲ့  ဒု- ခေါင်းဆောင်ဗိုလ်မင်းက ပြောပါတယ်။

“အားနည်းချက်အနေနဲ့ကတော့ ဒရုန်းလိုမျိုး ရန်သူရဲ့စခန်းအတွင်းထဲမှာ လူတွေ ရှိ၊ မရှိဆိုတာကို ကြည့်လို့ မရဘူး” လို့ အာစီပလိန်းနဲ့ ဒရုန်း ကွာခြားချက်ကို သူက ရှင်းပြပါတယ်။ 

လက်ရှိ Super Fighter အဖွဲ့တွင် ရဲဘော်တွေ အားလုံး အာစီလေယာဥ်ထုတ်လုပ်တာကို တတ်ကျွမ်းကြတာ ကြောင့် တခြားမဟာမိတ်အဖွဲ့တွေက ရဲဘော်တွေကို အာစီလေယာဉ်ထုတ်လုပ်တာနဲ့ ပတ်သက်လို့ သင်တန်းပေးတာ၊ နည်းပညာမျှဝေတာတွေ ပြုလုပ်ပေးနေတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ 

ငွေကြေးထောက်ပံ့မှုတွေရှိလာရင်တော့ အခုထက်ပိုပြီး ကောင်းမွန်တဲ့ အာစီလေယာဥ်တွေကို ထုတ်လုပ်ပြီး စစ်ကောင်စီကို တိုက်ခိုက်သွားဖို့ အစီအစဥ်တွေရှိတယ်လို့ဆိုပြီး သူက အခုလို ဆက်ပြောပါတယ်။

"ကျနော်တို့မှာ နည်းပညာသမားတွေရှိတယ်။ နောက်ထပ်ပိုကောင်းအောင် ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ ငွေကြေးအခက်အခဲရှိတာကြောင့် ငွေကြေးပံ့ပိုးမှုလိုတာပေါ့။ ကျနော်တို့မှာ ရှိတာတွေလည်း အကုန်လုံးပြောင်သွားပြီ။ ထပ်ပြီးတော့လုပ်ဖို့ ကျနော်တို့မှာ အခက်အခဲဖြစ်သွားတာပေါ့"

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10