ရေတာရှည်တိုက်ပွဲ ၅ ရက်ကျော်ကြာလာပြီး စစ်တပ်ဘက်ထိခိုက်သေဆုံးမှုရှိ

ရေတာရှည်တိုက်ပွဲ ၅ ရက်ကျော်ကြာလာပြီး စစ်တပ်ဘက်ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ၅ ရက်ဆက်တိုက်ပွဲဖြစ်နေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုရှိတယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၅၀၁ တပ်ရင်းထံက သိရပါတယ်။

ဧပြီ ၁၇ ရက်ကနေ အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့ တွေဟာ ဧပြီ ၂၁ ရက်အထိ မြောင်းတူ၊ ကြိတ်ပတီး၊ ခင်တန်း၊ ပိတောက်ကုန်း၊ ဆွာရွာမဝန်းကျင်တွေမှာ ဆက် တိုက်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

"တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးတွေလည်း များတယ်။ စကစဘက်ကတော့ ပိုများတယ်။ မနေ့ကဆို ပိတောက်ကုန်းကျေးရွာပတ်လည်မှာ ဖြစ်တာ။ ဒီမနက်ထိလည်း လက်နက်ကြီးပစ်တာ တွေရှိနေတယ်။" လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၅၀၁ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅၀ ခန့် ထိခိုက်သေဆုံးရှိပြီး တော်လှန်ရေးအဖွဲ့တွေဘက်က ၄ ဦး သေဆုံး၊ ၁ ဦးပျောက်နေပြီး ဒဏ်ရာရသူတွေလည်းများတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က လေယာဥ်တွေနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်တာတွေရှိ နေပြီး လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က ကြားဖြတ်တိုက်ခိုက်မှုတွေလုပ်နေပေမယ့် စစ်ကောင်စီအဖွဲ့တွေဟာ ရှေ့ဆက်တိုးနေပြီး ဧပြီ ၂၁ ရက်မှာ ပိတောက်ကုန်းကျေးရွာထိရောက်ရှိလာပြီလို့ ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ လေယာဥ်ဗုံးကြဲမှုတွေကြောင့် ဆွာရွာမ၊ မြောင်းတူ၊ ကြိတ်ပတီး၊ ပိတောက်ကုန်း၊ ခင်တန်းကျေးရွာ တွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံထောင်ချီထွက်ပြေးနေရပါတယ်။

ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းမှာ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးကာ ဒဏ်ရာရသူများခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၅၀၁ ရဲဘော်များရှေ့တန်းထွက်ချိန်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည်မြို့ #စစ်ကောင်စီ #တောင်ငူခရိုင် #ပြည်သူ့ကာကွယ်ရေးတပ်မတော် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10