ရေနံချောင်းမှာ စစ်ကြောင်းမိုင်းဆွဲခံရလို့ ဗိုလ်မှူးတဦး ပြင်းထန်ဒဏ်ရာရပြီး သေဆုံးသူတွေလည်းရှိ

ရေနံချောင်းမှာ စစ်ကြောင်းမိုင်းဆွဲခံရလို့ ဗိုလ်မှူးတဦး ပြင်းထန်ဒဏ်ရာရပြီး သေဆုံးသူတွေလည်းရှိ

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဗိုလ်မှူးတဦး ပြင်းထန် ဒဏ်ရာရပြီး စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့  People Defence  Force - Yenangyaung က မေ ၈ ရက် ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ရေနံချောင်းမြို့နယ်၊ မိုးပေါ်ကန်လမ်းဆုံ၊ ညောင်ဇောက်ချောင်းလမ်းကနေ မန်ကျည်းရိုးအုပ်စု၊ မုန်ကန်ကျေးရွာကို မေ ၄ ရက် မနက် ၄ နာရီဝန်းကျင်မှာ ခြေလျင်ဝင်‌ရောက်လာတဲ့ အင်အား ၃၀ ဦးလောက်ပါ စစ်ကောင်စီစစ်ကြောင်းကို ဆင်ကော်ရိုးလမ်းဆုံကနေ ပထမအကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာ ရေနံချောင်းမြို့ကနေ ကားသုံးစီးနဲ့  အင်အား ၄၀ ပါ စစ်ကောင်စီယာဉ်တန်း ထပ်မံထွက်လာရာမှာ အုတ်ရှစ်ကုန်းရွာအနီးကနေ မိုင်း ၂  လုံးနဲ့ ဒုတိယအကြိမ် မိုင်းဆွဲခဲ့ရာ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ချိန် ပျူစောထီးခင်မောင်မြင့်နဲ့ ညီဖြစ်သူ အောင်တင် နေရာမှာ သေဆုံးခဲ့ပြီး  ဒုတိယအကြိမ် မိုင်းဆွဲရာမှာ စစ်ကောင်စီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေး ထိခိုက် ဒဏ်ရာရပြီး စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အင်အားဖြည့်လာတဲ့ ကားရဲ့ ဒုတိယမြောက်ကားကို မိုင်းထိပြီး ကားကထိုးရပ်ပျက်စီးသွားတယ်။ ကားပေါ်ပါတဲ့ ဗိုလ်မှူးသန်းဌေးက အပြင်းအထန်ထိခိုက်သွားတယ်။ သူရဲ့နောက်ဆက်တွဲကိုတော့ မသိရသေးဘူး။ စစ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်” လို့   People Defence  Force - Yenangyaung တာဝန်ခံ ရဲဘော်စံရှားက ပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် ကျန်တဲ့ စစ်သားတွေက ပတ်ဝန်းကျင်ကို ရမ်းသန်း ပစ်ခတ်မှုတွေ ပြုလုပ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

သေဆုံးတဲ့ ပျူစောထီး ၂ ဦးကို မိုင်းဆွဲခံရတဲ့နေရာအနီးမှာ သင်္ဂြိုဟ်ခဲ့ပြီး ဒဏ်ရာရ ဗိုလ်မှူးနဲ့ သေဆုံး စစ်သားတွေကို မကွေး စစ်ဆေးရုံကို နေ့ချင်းသယ်သွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ အင်အား ၆၀ ဦးကျော်ရှိ ပူးပေါင်းစစ်ကြောင်းဟာ မုန်ကန်ကျေးရွာနဲ့ အုပ်ရှစ်ကုန်းရွာတို့မှာ ၂  ညစီအိပ်ကာ မေ ၈ ရက် ဒီမနက်မှာတော့ ရေနံချောင်းမြို့ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီ ပူးပေါင်းစစ်ကြောင်းမှာ ခလရ ၁၃၊  တပ်မ  ၇၇၊ တပ်မ ၈၈ တို့ ပူးပေါင်းထားတာလို့ ဆိုပါတယ်။

People Defence  Force - Yenangyaung တာဝန်ခံ ရဲဘော်စံရှားက ဒေသတွင်း သွားလာနေတဲ့ ပြည်သူတွေရဲ့ မော်တော်ယာဉ်တွေလည်း မှန်ချမောင်းပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။

အဲဒီ တိုက်ခိုက်မှုကို ရေနံချောင်းပကဖ၊  မကွေးခရိုင်အမှတ် ၂ တပ်ရင်း၊  Yenanthar Youth Force(YYF)၊ ညောင်ဦးခရိုင် အမှတ် ၄ တပ်ရင်း၊ မကွေးခရိုင်တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့  သိရပါတယ်။

People Defence  Force - Yenangyaung တပ်ဖွဲ့ဟာ မတ် ၂၀ ရက်ကလည်း ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းရွာ အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နဲ့ ထွေအုပ်စာရေး စန်းနိုင်တို့ကိုလည်း အုပ်စုအတွင်း စစ်မှုထမ်းစုဆောင်းတာကြောင့် သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ - People Defence  Force - Yenangyaung တပ်ဖွဲ့ဝင် ရဲဘော်များ(ပုံဟောင်း)။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေနံချောင်းမြို့ #စစ်ကောင်စီ #စစ်ကြောင်း #မိုင်းဆွဲ #Yenangyaung

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10