ရေနံလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ကြားမှာရှိတဲ့ ရေနံလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်သား ၂၀ နီးပါး အထိုင်ချထားတဲ့ ရှေ့ကင်းစခန်းကို အနီးကပ်မိနစ် ၂၀ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါရေနံလုပ်ကွက်မှာ ကင်းစခန်း ၂ ခုနဲ့ စစ်သား ၄၀ကျော်ရှိတယ်လို့ ဆိုပါတယ်။

“အထဲထိဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ သူတို့ဘက်က ဗိုလ်လို့ယူဆရတဲ့သူက ရေချိုးဆင်းလာတယ်။ အဲ့မှာရန်သူက ကျတော်တို့ ရဲဘော်တွေကို သူတို့ရဲဘော်ထင်ပြီး ဘာလုပ်နေကြတာလဲ လှမ်းမေးတဲ့အချိန်မှာ စပစ်တာပေါ့။ မလှမ်းမကမ်းမှာရှိတဲ့ စကစ နောက်တယောက်က ရန်သူ ရန်သူဆိုပြီးအော်တယ်။ အဲ့ရဲဘော်လည်း ရှင်းနိုင်တယ်၊ လက်နက်နဲ့ ချောက်ထဲပြုတ်ကျသွားတယ်။ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး။”လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တာဝန်ခံ ကိုနေမင်းက ပြောပါတယ်။

ပစ်ခတ်ခံရလို့ စစ်ကောင်စီဘက်က သေနတ်ကိုင်ထားတဲ့ တပ်သားတဦးနဲ့ အရပ်ဝတ်တဦး သေဆုံးခဲ့ပြီး တဦးကတော့ ကျည်ဆန်ထိမှန်ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ရေနံလုပ်ကွက်ဟာ ကျောမြို့ ကပစနဲ့ ၇ မိုင်ခန့်ကွာဝေးပြီး ကင်းစခန်းထဲထိဝင်ကာ လက်နက်ယူဆောင်ဖို့ စီစဉ်ထားကြပေမယ့် ရန်သူဘက်က အရင်မြင်သွားတဲ့အတွက် သတ်မှတ်နေရာမရောက်ဘဲ ပစ်ခတ်မှု စတင်လိုက်ရကာ နယ်မြေအနေထားကလည်း စစ်ကောင်စီက ကုန်းမြင့်ဘက်မှာရှိနေတာကြောင့် ထင်သလောက် အောင်မြင်မှုမရခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပုလဲဗျူဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၂၊ တပ်ရင်း ၇၊  မြိုင်အခြေစိုက် MVP-PDF၊  Royal-7 PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#စစ်ကိုင်းသတင်း #ယင်းမာပင်ခရိုင် #ဂန့်ဂေါခရိုင် #ရေနံလုပ်ကွက် #တိုက်ပွဲ #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10