သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်း၊ ရေမြက်ကျေးရွာက စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက် စာသင်နေတဲ့အချိန် စစ်ကောင်စီက ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၀ ရက် ဒီနေ့ မနက် ၁၀နာရီလောက်က တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျေးရွာအတွင်းကို ဗုံး ၃လုံးကြဲချခဲ့တာကြောင့် ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေထိ မှန်တယ်လို့ ကနဦးသိထားရပြီး ရွာအနီးနားကို မကပ်နိုင်သေးတဲ့အတွက် ပိတ်မိပြည်သူတွေနဲ့ ထိခိုက်သေဆုံးမှုစာရင်းကို သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
“ဒီနေ့မနက် ကလေးတွေ စာသင်နေတဲ့အချိန်မှာ ဗုံးကြဲပစ်ခတ်သွားတာ။ စာသင်ကျောင်းလည်း ထိတယ်၊ ဘုန်းကြီးကျောင်းလည်း ထိတယ်၊ စာသင်နေချိန် လာပစ်တယ်ဆိုတော့ ကလေးတွေအတွက်လည်း စိုးရိမ်နေရတယ်" လို့ People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။

မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ရုတ်တရက် ဗုံးကြဲချခဲ့တာဖြစ်တယ်လို ဆိုပါတယ်။
လက်ရှိမှာ ဒေသခံရွာသူ၊ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြသလို ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကြောင့် ကျေးရွာအနားသို့ မကပ်ရဲကြသေးဘူးလို့ ကိုထူးခန့်ဇော်က ဆိုပါတယ်။
“ဂျက်လေယာဥ်က တည်နေရာ နည်းနည်း လွဲသွားလို့ ကံကောင်းတယ် ပြောရမယ်၊ သတင်းတခုခု ရထားတယ် ထင်တယ်၊ တိုက်ပွဲမရှိ စစ်ကြောင်းမရှိ လာကြဲတာ၊ အခြေနေ တိတိကျကျတော့ မသိရသေးဘူး။ မကွဲသေးတဲ့ဗုံး တလုံးတွေ့ထားတယ်”လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ SOENEWS က တာဝန်ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း ထန်းတောရွာက အထက်တန်းပြ ဗောဓိစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ကျောင်းဆင်းချိန်ဖြစ်တဲ့အတွက် ကျောင်းသားတွေ လွတ်မြောက်ခဲ့ပြီး စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။
ရေမြက်ရွာဟာ ဒုတိယအကြိမ်မြောက် လေကြောင်းနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာ ၂၀ရက် မနက်ပိုင်းမှာ လေကြောင်းနဲ့ပစ်ခတ်ပြီး ညနေပိုင်းမှာ ရွာကိုဝင်ရောက်စီးနင်းလို့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေအပါအဝင် ရွာသား ၈ ဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း၊ #ရေဦး #ရေမြက်ကျေးရွာ #စာသင်ကျောင်း #ကလေး #ဗုံးကြဲ
Share Share Share