ရဲဘော်မိုးဇီးရက်ခ်ရဲ့ တောထဲကသင်္ကြန်

ရဲဘော်မိုးဇီးရက်ခ်ရဲ့ တောထဲကသင်္ကြန်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အခြေစိုက်တဲ့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG ရဲ့ စခန်းမှာတော့ ပြည်သူ့ကာကွယ်ရေးရဲဘော်တချို့အလုပ်ရှုပ်လို့နေပါတယ်။ သင်္ကြန်ကာလ အများပြည်သူတွေ ရေဆော့ကစားပျော်ပါး နေကြပေမယ့် ရှေ့တန်းစစ်မျက်နှာက ရဲဘော်တွေအတွက် အနားရတယ်ဆိုတာဟာ အားအားယားယား ရှိနေတာမျိုးတော့ မဟုတ်ပါဘူး။

အခုလည်း သင်္ကြန်ကာလ စစ်ဆင်ရေးနားနေတဲ့အချိန် ရဲဘော်တချို့က သာသနာ့ဘောင်မှာ သင်္ကန်းစည်းကြသလို စခန်းမှာကျန်ခဲ့တဲ့ရဲဘော်တွေတော့ စခန်းအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ရေလောင်းအိမ်သာ ဆောက်လုပ်ခြင်းအပါအဝင် တခြားသောအလုပ်တွေကို စုပေါင်းကာ လုပ်အားပေးလို့နေပါတယ်။

အပင်ပေါ်တက်ပြီး သစ်ခုတ်သူက ခုတ်၊ မြေကျင်းတူးသူကတူး၊ အုတ်သယ်သူက သယ်နဲ့ တက်ညီလက်ညီ လုပ်နေကြတာဟာ တဦးပေါ်တဦး ရဲဘော်ရဲဘက်စိတ်ထားတယ်ဆိုတာကို အလုပ်နဲ့သက်သေပြသနေသလို ပါပဲ။



အဲဒီလုပ်အားပေးနေတဲ့ ရဲဘော်တွေထဲမှာ ရဲဘော် မိုးဇီးရက်ခ်(Mosaic)လည်းပါဝင်ပါတယ်။ ဒီနာမည်ဟာ နိုင်ငံရေးရာသီဥတုအပြောင်းအလဲနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပြောင်းလိုက်ရတဲ့ နာမည်တခုပါ။ သူဟာတော်လှန်ရေး နာမည်နဲ့လိုက်ဖက်အောင်ကို မတူညီတဲ့ပုံသဏ္ဍာန်၊ ရောင်စုံကာလတွေနဲ့ပေါင်းစပ်ထားတဲ့ ပန်းချီကားတခု သို့မဟုတ် လူသားတယောက်လို့ဆိုရမှာပါ။

လက်ရှိ သူ့အသက် ၃၃ နှစ်အရွယ်အထိ သင်္ကြန်ကာလမှာ ရေကစားဖူးတာဟာ သုံးကြိမ်မျှသာရှိပါတယ်။ ကိုယ်တိုင်က အပျော်အပါးမမက်ပေမယ့် သူများပျော်ပါးနေတာကို ကြည့်ပြီး ကျေနပ်နေတတ်တဲ့ လူတယောက်ပါ။ တော်လှန်ရေးရဲ့လိုအပ်ချက်အရ လက်နက်ကိုင်တိုက်ပွဲဝင်နေရပေမယ့် တကယ်တမ်းက ဒီလိုသင်္ကြန် ကာလရောက်ပြီဆို သင်္ကန်းဝတ်ပြီး သာသနာ့ဘောင်ထဲ အေးအေးဆေးဆေးနေလိုတဲ့ သူတယောက်ပါ။



ဒါကြောင့် သူ့တသက်မှာ သင်္ကန်းစည်းပြီး သာသနာ့ဘောင်ထဲဝင်ဖူးတာဟာ ၁၀ ကြိမ်ထက် မနည်းရှိပါပြီ။ ဒီနှစ်သင်္ကြန်မှာလည်း သူကိုယ်တိုင်က ဦးဆောင်ပြီး သင်္ကန်းစည်းဖို့ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ သင်္ကန်းစည်းဖို့ ရပ်နီးကာမှ ခါးနာတဲ့ ဝေဒနာကြောင့် သူ့အကြံပျက်ခဲ့ပါတယ်။ သင်္ကန်းစည်းခွင့်ရလိုက်တဲ့ ရဲဘော်တွေကိုမြင်တော့ သူက အခုလိုပြောပြပါတယ်။

“ဒီနှစ်အင်္ကြန်မှာ အိမ်မပြန်နိုင်တဲ့ ရဲဘော်တွေ သင်္ကန်းစီးကြတယ်။ သူတို့သင်္ကန်းစီးတာမြင်ရတော့ ကျနော် ပီတီတွေဖြစ်မိတယ်” လို့ ကိုယ်တိုင်းသင်္ကန်းမစည်းနိုင်ခဲ့ပေမယ့် ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေကို သင်္ကန်းဝတ်နဲ့ အတူ သာသနာဘောင်ထဲမှာ မြင်လိုက်ရလို့ ပီတီဖြစ်ရပုံကို သူက ပြောပြပါတယ်။

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့စခန်းမှာ သူနဲ့အတူကျန်ခဲ့တဲ့ ရဲဘော်တွေဟာ သင်္ကြန်ကာလဖြစ်ပေမယ့် ရေကစားခြင်းမရှိဘဲ စခန်းမှာ လိုအပ်နေတဲ့ ယင်လုံအိမ်သာ ၂ လုံးကိုအတူတကွဆောက်ခဲ့ကြတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်ဆင်ရေး နည်းလမ်းတွေကိုလည်း ရှာဖွေစုဆောင်းစဉ်းစားနေခဲ့ ကြပါတယ်။ သူတို့ရဲ့သင်္ကြန်ဟာ ဒါတွေနဲ့ပဲ အချိန်ကုန်ခဲ့ကြတယ်။ ဒါကြောင့် ရဲဘော်မိုးဇီးရက်ခ်အပါအဝင် မြေလတ်ဒေသပြောက်ကျားစခန်းက ရဲဘော်တွေအတွက် ဒီနှစ်သင်္ကြန်ဟာ ဤမျှပဲလို့ဆိုရမှာပါ။



ဒါပေမဲ့ သူအပါအဝင် ဒီစခန်းကရဲဘော်တွေဟာ သင်္ကြန်ကာလတွေဆို လုံးဝမပျော်မပါးဘဲ စိတ်ညစ်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ မနှစ်ကသင်္ကြန်မှာ သူတို့အတွက် အမှတ်တရလေးတရက်တော့ ရှိခဲ့ပါတယ်။

အဲဒါက သူတို့ရဲဘော်တွေ မြိုင်မြို့နယ်ထဲက တောင်ပေါ်တနေရာ ရောက်နေတဲ့အချိန်ဟာ သင်္ကြန်ကာလနဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ တောင်ပေါ်မှာ ပတ်စရာ ရေမရှိတာကြောင့် တယောက်နဲ့တယောက် အိုးမဲသုတ်ပြီး ဆော့ကစားခဲ့ကြတယ်လို့ မနှစ်က သကြန်အမှတ်တရတခုကို ရဲဘော်မိုးဇီးရက်ခ်က ပြန်ပြောပြပါတယ်။

ဒီအကြောင်းကို ပြန်ပြောပြတဲ့အခါ သူ့ဆီက ရယ်သံတချက် ကြားလိုက်ပါတယ်။ သူနဲ့စကားပြောနေတဲ့ တလျှောက်လုံးမှာ အသံအတက်အကျမရှိဘဲ ခံစားမှုကင်းမဲ့သလိုပြောနေရာက ပထမဆုံးကြားလိုက်ရတဲ့ ရယ်သံလည်းဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကျနော်တို့တွေ တောင်ပေါ်မှာဆိုတော့ ရေကရှားတယ်။ တောင်အောက်ကိုလည်းဆင်းလာလို့ မရဘူး။ ပွဲတွေကလည်းမရှိတော့ တောင်ပေါ်မှာပဲ ရဲဘော်တွေနဲ့အတူတူ အိုးမဲသုတ်တမ်းကစားကြတယ်။ ရေကိုတော့ မနက်ကျမှ ချိုးလိုက်ရတယ်” လို့ သူတို့ရဲ့ပျော်စရာ အခိုက်အတန့်အချိန်လေးကို အရယ်တဝက်နဲ့ ဆိုပါတယ်။

သင်္ကြန်နဲ့ပတ်သက်လို့ သူ့ဘဝအတွက် အမှတ်တရတခုရှိပါသေးတယ်။ သူကတော့ သူ့ဘဝမှာ ပျော်စရာ အကောင်းဆုံး၊ အမှတ်တရအဖြစ်ဆုံးလို့ မှတ်ယူထားတဲ့ အခိုက်အတန့်ပါ။ ၂၀၁၆ ခုနှစ်အင်္ကြန်မှာ အညာဒေသကသူငယ်ချင်းတွေနဲ့အတူ အညာတခွင်လှည့်ပြီး ရေပတ်ခံထွက်ခဲ့တဲ့ အချိန်လေးဖြစ်ပါတယ်။



“အဲဒီနှစ်တုန်းက လိုက်လည်ခဲ့တာဟာ ဘဝမှာအပျော်ဆုံးအချိန်ဖြစ်သလို၊ ဘယ်တော့မှ မမေ့ဘူး” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ရဲဘော်မိုးဇီးရက်ခ်ပျော်ခဲ့ရတဲ့ အညာနေ့ရက်တွေဟာ ဒီနေ့ကာလနဲ့က အကွာကြီးကို ကွာခြားလို့သွားပါပြီ။ ဒီနှစ်သင်္ကြန်သာ အညာတခွင်လှည့်ပြီး ရေပတ်ခံထွက်ရမယ်ဆိုရင် ရဲဘော်မိုးဇီးရက်ခ်အတွက် အမှတ်တရအဖြစ်ဆုံး နေ့ရက်တခုထပ်တိုးမှာ ကျိန်းသေးပါတယ်။ အဲဒီရက်ဟာ သူ့ဘဝအတွက် ကြေကွဲစရာ အကောင်းဆုံးနေ့ပဲ ဖြစ်မှာပါ။

ရဲဘော်မိုးဇီးရက်ခ်ဟာ သင်္ကြန်အကြိုနေ့မှာ သူ့ရဲဘော်တွေ သင်္ကန်းစည်းတဲ့ ဘုန်းကြီးကျောင်းကို ရောက်သွားပါ သေးတယ်။ သူရောက်သွားတဲ့အချိန်မှာ သံဃာတွေ ဆွမ်းစားနေတဲ့အချိန်ပါ။ သင်္ကန်းနဲ့မြင်လိုက်ရတဲ့ သူ့ရဲဘော်တွေကိုကြည့်ရင် သူပီတီတွေဖြစ်နေမိတယ်။

“သူတို့တွေက စစ်သင်တန်းတွေတက်ရတယ်။ တိုက်ရခိုက်ရတယ်။ အမြဲတမ်းသူတို့မှာ ပင်ပန်းဆင်းရဲနေတာ။ အခုချိန်လေးမှ သူတို့နားရတာ။ သူတို့ရဲ့ မျက်နှာထားတွေကိုလည်း ကြည်ကြည်လင်လင်တွေ့ရတော့ ဝမ်းသာပါတယ်” လို့ သူ ဆိုတယ်။

သေနတ်ကိုင်ပြီး တိုက်ရ၊ ခိုက်ရတဲ့အလုပ်ဟာ စိတ်ကြမ်းကိုယ်ကြမ်းတဲ့အလုပ်ဖြစ်ပေမယ့် သူတို့ရဲ့ပင်ကိုယ်စိတ်တွေက စစ်အာဏာရှင်စနစ်ကို တော်လှန်လိုတဲ့ စိတ်တခုရှိပြီး တခြားကြမ်းတမ်းတဲ့စိတ်တွေ မရှိကြဘူးလို့ ရဲဘော်မိုးဇီးရက်ခ်က ဆိုပါတယ်။

“တိုက်ပွဲကနေ ပြန်လာတာနဲ့ သူတို့ရဲ့ မူရင်းစိတ်တွေ၊ ဘဝတွေပြန်ရတယ်။ အခုသင်္ကန်ဝတ်တယ်ဆို တာလည်း ဒီလိုပါပဲ။ သူတို့ စနစ်ဆိုးကြီးတခုအောက်မှာ မပျော်ချင်လို့ သူတို့စိတ်ကို အနားယူနဲ့ပုံစံနဲ့ ဝတ်ကြတာပေါ့” လို့ သူက ဆက်ပြောပါတယ်။



မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့က ရဲဘော်မိုးဇီးရက်ခ်က အခြေအနေအချိန်အခါရ မပျော်နိုင်တဲ့ဘဝတခု အဖြစ်နေတာပါ။ ဒါပေမဲ့ သူကသူ့အကြောင်း သူသိတယ်၊ သူ့လူမျိုးအကြောင်းကိုလည်း သူသိတယ်၊ ပြီးတော့ ဘယ်အချိန်ပျော်ရမယ်ဆိုတာလည်း သူက ကောင်းကောင်းသိပါတယ်။ ဒါကြောင့် သူကအခုလိုပြောတယ်။

“ကျနော်တို့က မြန်မာလူမျိုးတွေ မဟုတ်လား၊ ပွဲကြိုက်တဲ့လူမျိုးတွေလို့တောင် သတ်မှတ်ထားကြတာပဲ။ သင်္ကြန်ရေကစားပွဲဆိုတာကလည်း မြန်မာတွေရဲ့အသက်ကိုး။ ကျင်းပချင်ကြမှာပဲ။ ကဲချင်ကြမှာပဲလေ။ ကျနော်တို့လည်း ကဲချင်၊ ပျော်ချင်ကြတာပဲလေ။ လူငယ်တွေ မှတ်လား။ ဒါပေမဲ့ ဒီပွဲကြီးပြီးမှပဲ ပျော်တော့မယ်”

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10