ရွာထဲမီးဝင်ငြိမ်းရာက ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့တွေ့ပြီး PDF ၆ ဦးကျ ၂ ဦး ဖမ်းဆီးခံရ

ရွာထဲမီးဝင်ငြိမ်းရာက ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့တွေ့ပြီး PDF ၆ ဦးကျ ၂ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက မူးကြီးရွာထဲကို မီးဝင်ငြိမ်းရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုးပြီး PDF တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသွားကာ ၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့အပြင် ရဲဘော် ၂ ဦးလည်း ဖမ်းဆီးခံရတယ်လို့ တပ်ဖွဲ့ဝင်ထံမှ သိရပါတယ်။

မူးကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မီးရှို့မှုပြုလုပ်ခဲ့ပြီး  ပြန်လည်ထွက်ခွာသွားပြီလို့ ကြားသိရတဲ့အတွက် မီးငြိမ်းဖို့ဝင်လာချိန် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတယ်လို့ People’s Army to Fight Dictatorship ခေါင်းဆောင်း ဗိုလ်တေဇက မြေလတ်အသံကို ပြောပါတယ်။

“အဲဒီနေ့မှာ စကစတွေဘက်ကတော့ တယောက်ပဲ ကျသွားတယ်။ ကျတော်တို့ဘက်ကတော့ ကျဆုံးတာတွေ များတယ်။ ဒဏ်ရာရတဲ့ ရဲဘော်တွေကလည်း အရမ်းမစိုးရိမ်ရပါဘူး။ သူတို့ကို ဆေးကုသမှု ပေးထားပါတယ်။ ဖမ်းခံရတဲ့ တပ်ဖွဲ့ဝင် ၂ ဦးကိုလည်း ဘယ်ကိုခေါ်သွားလဲ မသိရသေးဘူး” လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို PAFD နဲ့ PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ် (၁) ပျံလွှားတပ်ဖွဲ့ ၊ တပ်စိပ် (၂) ခွပ်ဒေါင်းအဖွဲ့ ၊ တပ်စိပ် (၃) ဇာမဏီအဖွဲ့၊ တပ်စိပ် (၄) ငရဲမီးတပ်ဖွဲ့နဲ့ PAFD တပ်ခွဲ DKPDF- MMU တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ PAFD ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အနေနဲ့  ဝက်လက်မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရပေမဲ့လည်း စစ်ကောင်စီတပ်ဖွဲ့က ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဗိုလ်တေဇက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကနေ ဒီနေ့ ၂၆ ရက်နေ့အထိ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ PAFD ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားနေခဲ့ ထိတွေ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၁၅ ဦး ကျဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းကိုလည်း ထုတ်ပြန်ရေးသားထားပါတယ်။

ဝက်လက်မြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မူးကြီးကျေးရွာဟာ မီးရှို့ခံရတာဟာ ၂ ကြိမ်ခန့်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း မူးကြီးကျေးရွာက နေအိမ် ၂၇၀ လုံး ၊ နွားအကောင်ရေ ၈၀ နဲ့ အဘွား ၁ ဦးကလည်း သေဆုံးသွားပါသေးတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10