ရွာသားကြီးတဦးရဲ့ တနိုင်ဝန် တော်လှန်ရေး

ရွာသားကြီးတဦးရဲ့ တနိုင်ဝန် တော်လှန်ရေး

     ကျနော့်ဘကြီးက ကြောက်တတ်တဲ့နေရာမှာ ဆွေကျော်မျိုးကျော်သိပ်နာမည်ကြီးခဲ့တယ်။ ဘယ် လောက်ထိအောင်နာမည်ကြီးသလဲဆို ကျနော်တို့ဆွေမျိုးစုကြား အကြောက်တရားနဲ့ပတ်သက်ပြီးပြောကြပြီဆို ဘကြီးနဲ့နှိုင်းယှဉ်ကြတဲ့အထိ။ ဘယ်သူဘယ်လောက်ကြောက်ကြောက် ဘကြီးလောက်ကြောက် ဦးမလားဆိုတာမျိုး။

    ဘကြီးက ဟိုး…ငယ်ငယ်လေးကတည်းက သေနတ်မပြောနဲ့၊ စစ်သားတို့ရဲတို့မပြောနဲ့၊ ပြည်သူ့စစ်ယူ နီဖောင်းလောက်မြင်ရင်ကို ခြေဖျားလက်ဖျားတွေ အလိုလိုအေးစက်လာတာမျိုး။ အသက် ၅၀ ကျော်လောက်အထိ ကျနော်တို့တောမြို့လေးက ရဲစခန်းရှေ့ ဖြတ်ရင်ကို စိတ်ထဲသရိုးသရီဖြစ်မိနေတုန်းတဲ့။

    ‘ဘကြီးငယ်ငယ်တုန်းက တရားရုံးနားဖြတ်သွားမိတုန်း လက်ထိပ်ခတ်ထားတဲ့လူတွေမြင်ပြီး ဖျား တောင်ဖျားသွားသေးတယ်တဲ့။ ဘကြီးတို့ကြောက်ချက်ကအဲဒီလို။ အဲဒါကြောင့် ဘကြီးက အမှုအခင်းတွေနဲ့ ကင်းအောင်နေတယ်။ အာဏာပိုင်တွေနဲ့ အငြိအစွန်းမရှိစေရ၊ မတရားတဲ့ဥပဒေတွေဘာတွေ လာမပြောနဲ့။ စည်းကမ်းလိုက်နာ ဘေးကင်းကွာဆိုတာ ဘကြီး လိုက်နာကျင့်ကြံခဲ့တဲ့ဆောင်ပုဒ်။

       ဘယ်သူဘာပြောပြော၊ ဆွေမျိုးစုတွေဘယ်လိုပဲ ဟားဟား ဘကြီးကအကြောက်မပျက်။ ဒါ့ကြောင့် မဆလခေတ်ရော သန်းရွှေလက်ထက်မှာပါ ခေတ်ကြီးတစ်ခုလုံးက သူနဲ့ဘာမှမဆိုင်သလို ပြားပြားမှောက် ကြောက်ခဲ့တယ်။

    ‘ကြောက်တတ်တာကတော့ကွာ၊ အမေ့ဆီကရခဲ့တဲ့အမွေပဲ’တဲ့။ ဘကြီးကအဲဒီလို၊ သူကြောက်တတ် တာကိုပဲ ဂုဏ်ယူနေသလို။ အမေ့အမွေမို့ ဂုဏ်ယူစွာနဲ့ ဆက်ခံထိန်းသိမ်းနေတာလိုလို။ ဒါပေမဲ့၊ ဘကြီးက သူတို့ တောမှာ အတန်းပညာလေးကရှိ၊ လက်လှမ်းမီသလောက် စာလေးပေလေးဖတ်တဲ့ဝါသနာကရှိတာမို့ ကြောက်လို့သာမပြောတာ၊ အမှား၊ အမှန်ကိုတော့ကောင်းကောင်းသိ။

    ပြီးတော့ ဘကြီးကကြောက်တဲ့ကြားထဲက ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သိပ်ကြည်ညိုတာ။ ကြည့်ဦး၊ ဘကြီးအသက်ကအခု ၈၀ ။ ဒေါ်အောင်ဆန်းစုကြည်ထက် ၃ နှစ်လောက်ကြီးတာကို ခေါ်ပုံက အမေစုဆိုတာချည်း။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မိရင်ကို အကြည်ညိုတန်သွားမယ့်ပုံမျိုး။

    အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ကြိတ်ကြည်ညိုရာကနေ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ မဲ ဆွယ်စည်းရုံးချိန်ကနေစလို့ တဖြည်းဖြည်းဗြောင်ကြည်ညိုလာတော့တယ်။ ကျနော်က စာလေးပေလေးနည်းနည်းပါးပါးရေး၊ နိုင်ငံရေးလေးဘာလေး နည်းနည်းသိတော့ ဘကြီးသိချင်တာ ကျနော့်ဆီဖုန်းဆက်လှမ်းမေးလေ့ရှိတယ်။

    ပြီးတော့ ဘကြီးက 7 Day Daily သတင်းစာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်တဲ့ ဒီလှိုင်းဂျာ နယ်ကိုလပေးယူ စေ့စေ့စပ်စပ်ဖတ်လေ့ရှိတာမို့ ကျနော်တို့တောမှာ နိုင်ငံရေးနဲ့ပတ်သက်ရင် ဘကြီးက အ ကောင်ပဲ။

    ဘကြီးနဲ့မတည့်အတူနေသူ့ရဲ့ ညီ ကျနော့်အဖေက ‘အလကားပါ၊ သူ့တူ ထင်ရာမြင်ရာရေးတာ တွေ ပြောတာတွေနားထောင်ပြီး လျှောက်ပြောနေတာ’လို့ ပြောတော့ ဘကြီးကမကြည်ချင်။

    ၂၀၁၅ ရွေးကောက်ပွဲရောက်တော့ ဘကြီးရဲ့ နိုင်ငံရေးသွေးခုန်နှုန်းတွေ အထွ၌အထိပ်ကို ရောက်ခဲ့ တယ်။ ကျနော်တို့တောမြို့လေးက NLD ပါတီအတွက် ရန်ပုံငွေတွေထည့်၊ မဲဆွယ်စည်းရုံးရေးမှာ တည်းခင်းဧည့်ခံ၊ သူ့ကားကို ကြိုက်သလို ယူသုံးရော့အင့် ဆိုတာချည်း။ ဘကြီးက သူတို့ရဲ့မြို့ရဲ့ ငွေလည်းရှိ၊ ဂုဏ်သိက္ခာရှိစွာ နဲ့ ရာသက်ပန်နေထိုင်လာခဲ့တဲ့ မြို့မိမြို့ဖမို့ NLD ပါတီထဲဝင်ဖို့ဝိုင်း တိုက်တွန်းကြသေးတယ်။ တချို့ မြှောက်ပင့် သူတွေက ၂၀၂၀ ရွေးကောက်ပွဲကျရင် အမတ်ဝင်ရွေးလို့တောင် ‘မ’သေး။ဒါပေမဲ့၊ဘကြီးက ပါတီဝန်းရံသူ အဖြစ်ကနေ ရှေ့ဆက်မတိုးခဲ့ဘူး။

    ‘တသက်လုံး ကြောက်လာပြီးမှ အမေစုလက်ထက်ကျမှ ပင်နီတကားကား ဘယ်တော့မှမလုပ်ဘူး’ တဲ့။

    ဘကြီးက အဲဒီလိုပင်နီမဝတ်ဘဲ တက်ကြွတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဘကြီးဟာ လက်သီးလက်မောင်းတန်းလို့။ ပြီးတော့ အာဏာမလွှဲမချင်း အာဏာရောလွှဲမှလွှဲပေးပါ့မလား ဘကြီးက တပူပူ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဆိုတာဖြစ်လာတော့ကဲ ၊ ငဖွတ်တွေ၊ ငစစ်တွေ မင်းတို့ ဘာတတ်နိုင်သေးသလဲတဲ့။ ဘကြီးက သူရာထူးတစ်ခုခုရလိုက်သလို ပျော်လို့။

    ‘ခေတ်ကြီးက ဘကြီးရဲ့ အကြောက်တရားတွေကို ဆွဲခွာပေးလိုက်ပြီ’လို့လည်း ဆိုလိုက်သေးတယ်။

    NLD အစိုးရလက်ထက် အလုပ်အားရက် တောကိုကျနော်ပြန်တော့ တောကဆွေမျိုးစုတွေက ‘နင့်ဘ ကြီး ၂၀၂၀ မှာ အမတ်ဝင်ရွေးဦးမလားမသိဘူး’ တဲ့။ တက်ကြွလွန်းတဲ့ဘကြီးကို ထေ့ကြတယ်။

    ‘သေခါနီးအရွယ်မှာ မကြောက်တတ်တဲ့အရသာကိုကောင်းကောင်း သိခဲ့တာတစ်ခုတည်းနဲ့ ကိုယ့်ဘက် ကနိုင်သလောက်ပေးဖို့ တာဝန်ရှိသွားပြီ။ ဘာမှထပ်မလိုချင်တော့ဘူး’တဲ့။ ဘကြီးက သူ့အရသာနဲ့သူ။

    ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ အာဏာလည်းသိမ်းပြီးဆိုရော ကျနော်တို့တောမြို့လေးရဲ့ ရှေ့ဆုံး တန်းက လက်သီးလက်မောင်းတန်းတဲ့အထဲ ဘကြီးလည်းပါဝင်ခဲ့တယ်။

    ‘ဒီခွေးတွေပစ်ချင်လည်းပစ်၊ ဖမ်းချင်လည်း ဘကြီးအသက်ကြီးပြီငါ့တူ။ ဒီခွေးတွေကို နည်းနည်းမှ မ ကြောက်တော့ဘူး။လုပ်ချင်ရာလာလုပ်’တဲ့။

    ဆန္ဒပြပထမပိုင်းကာလ၊ ပေါက်ကွဲဆပြင်းနေတဲ့ ဘကြီးရဲ့ စိတ်ကို လွှတ်ထားပေးသင့်တယ်ထင်လို့ ကျနော်ဒီအတိုင်းကြည့်နေလိုက်တယ်။

    ဆန္ဒပြရက် နည်းနည်းလေးအကြာ၊ ဘာဆက်လုပ်ကြရင် ကောင်းမလဲလို့ ဘကြီးက ဖုန်းဆက်မေးလာတဲ့အခါကျမှ ဘကြီးတို့ထင်သလို ဆန္ဒပြတာနဲ့တင် ပွဲမပြတ်ဘူးဆိုတာ ဘကြီးနားဝင်အောင်ရှင်းပြရတယ်။

    ‘ဘကြီးအသက်အရွယ်က ထောင်ထဲသွားနေရမယ့် အရွယ်မဟုတ်တော့ဘူး။ ပွဲကကြာမယ်။ ရေရှည်လုပ်ရမယ့်အလုပ်တွေရှိတယ်’လို့ ကျနော်ကအသေအချာရှင်းပြမှ လက်သီးလက်မောင်းတန်းခြင်းကို ရပ်ကာ အနောက်ကနေ သူတတ်နိုင်တာ ကူညီပေးတဲ့ပုံစံပြောင်းခဲ့တယ်။

    လူမြင်သူမြင် လက်သီးလက်မောင်းတန်းတာကို စောစောစီးစီး အရှိန်သတ်လိုက်တာကြောင့် စစ်တပ်ကဖမ်းတဲ့အချိန် ရှောင်ရတိမ်းရထွက်ပြေးရတဲ့စာရင်းထဲ ဘကြီး မပါလိုက်ဘူး။ ကျနော်တို့တောမြို့လေးမှာ PDF လှုပ်ရှားမှုလည်း မရှိသလောက်ပါးတဲ့အတွက် စောစောစီးစီးပဲ စစ်တပ်လွှမ်းမိုးမှုအောက် လုံးလုံးလျားလျား ကျရောက်သွားခဲ့တယ်။

    ဘကြီးလည်းအသံတိတ်သွားတယ်။ စစ်တပ်လည်းဝင်လာရော ဘကြီးလည်း အရင်လိုပြန်ကြောက် သွားရောဆိုတဲ့စကားဟာ အခု ကျနော်တို့ဆွေမျိုးစုထဲ ပြောစရာဖြစ်လာတယ်။ ဘကြီးက သူ့ကိုဘာပြောပြော အပြုံးမပျက်အေးဆေးပဲ။

    နေ့စဉ်ဆိုသလို ဘကြီးက မြို့ပေါ်နဲ့ နည်းနည်းလှမ်းတဲ့ သူ့သစ်သီးခြံကိုသွားတယ်။ ဟိုရောက်ရင် ဖေ့စ်ဘွတ်ခ်ထည့်ထားတဲ့ ဖုန်းကိုထုတ်၊ စိတ်ချရတဲ့သတင်းဌာနတွေက သတင်းတွေလှန်လှောဖတ်ရှု၊ ပြီးတော့ ကျနော်နဲ့အသံလှိုင်းချိတ်ကာပြောကြဆိုကြ။ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဘကြီးအဓိကထမ်းနေတဲ့ဝန်ကတော့ တော်လှန်ရေးအတွက် သူ့တနိုင်ငွေကြေးထောက်ပံ့ခြင်းပါပဲ။ သူတို့စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက် ကျနော့်ရဲ့ချိတ်ဆက်လမ်းကြောင်းကနေ လစဉ်မပျက် အထောက်အပံ့။ အဲဒီတာဝန်ကိုဘကြီးက ဂုဏ်ယူစွာထမ်းဆောင်တယ်။

    ဘကြီးဖေ့စ်ဘွတ်ခ်သုံးတဲ့ဖုန်းကိုခြံထဲက လုံခြုံတဲ့နေရာမှာထားပြီး ဘကြီးလက်ထဲ အမြဲတမ်းကိုင်တဲ့ ဖုန်းက ဘာဖေ့စ်ဘွတ်ခ်မှ မရှိတာမို့ ဘကြီးဖေ့စ်ဘွတ်ခ်သုံးမှန်း သူ့ညီတောင်မသိ။ သူတို့စိတ်ချရတဲ့ မိတ်ဆွေ ၃-၄ယာက်ဆုံမှ နိုင်ငံရေးတွေဘာတွေပြောပြီး ကျန်ဘယ်သူနဲ့မဆို ဘာနိုင်ငံရေးမှမပြောတာမို့ ဘကြီးဟာ င ကြောက်ကြီးပြန်ဖြစ်သွားပြီလို့ အရပ်ထဲ ထင်ပေါ်လို့။

    ‘နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အထိ ဘကြီးအသက်ရှင်ချင်သေးတယ်။ တော်လှန်ရေးအောင်တဲ့ နေ့မှာ ဆွေမျိုးတွေအကုန်အိမ်ခေါ်ပြီး ညစာကျွေးမယ်။ အားလုံးဆုံချိန်မှာ နွေဦးတော်လှန်ရေးအတွက် ဘကြီး ဘာလုပ်ခဲ့သလဲဆိုတာ ပြောပြမယ်။ တကယ်မို့ ဒီကြားထဲ ဘကြီးသေသွားခဲ့ရင် ငါ့တူက ဘကြီးဘယ်လိုမ ကြောက်မရွံ့ဘဲ တတ်နိုင်သလောက်လုပ်ခဲ့သလဲဆိုတာ ဆွေမျိုးတွေကို ပြောပြပေးပါ’တဲ့။

    အဲဒါ ဘကြီးရဲ့ အဖြစ်ချင်ဆုံးဆန္ဒ၊ ဘကြီးရဲ့ နောက်ဆုံးမှာတမ်းလို့တောင်ပြောရမယ့်စကား။

    ‘အတွေ့အကြုံအရ သိနေတယ်ငါ့တူ။ နွေဦးတော်လှန်ရေးက ကျိန်းသေပေါက်ပြည်သူတွေနိုင်မှာ။ အဲဒီစိတ်နဲ့ ဘကြီးလည်း မသေအောင်ကြိုးစားနေတယ်’ တဲ့။

    ရွာသားကြီးတစ်ဦးရဲ့ မကြောက်တရား။ ရွာသားကြီးတစ်ဦးရဲ့ နွေဦးတော်လှန်ရေး။ ရွာသာကြီးတစ်ဦးရဲ့ နေဝင်ရီတရော ကာလဟာ လှလှပပ။

ထွန်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10