လက်ပံတန်းမှာ “အနက်‌ရောင်သေမင်းတမန်အဖွဲ့" ကတ်ပြားချိတ်ဆွဲထားတဲ့ လူငယ်အမျိုးသားအလောင်း တွေ့ရှိ

လက်ပံတန်းမှာ “အနက်‌ရောင်သေမင်းတမန်အဖွဲ့" ကတ်ပြားချိတ်ဆွဲထားတဲ့ လူငယ်အမျိုးသားအလောင်း တွေ့ရှိ

ပဲခူတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ဧပြီ  ၂၂ ရက် ဒီမနက် အစောပိုင်းက အမည်၊ နေရပ်မသိ အမျိုးသားအလောင်းတလောင်းတွေ့ရှိတယ်လို့  ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

လက်ပံတန်းမြို့နဲ့  ၆ မိုင်ခန့်အကွာ ရေငံအုပ်စု၊ အုတ်ဖိုစုရွာအနီးမှာ အသက် ၂၀ ဝန်းကျင် အမျိုးသားအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းရဲ့လည်ပင်းမှာ သေမင်းတမန်ကိုယ်စားပြုအနက်ရောင်ရုပ်ပုံနဲ့ "အနက်ရောင်သေမင်းတမန်အဖွဲ့"စာတန်းပါ စက္ကူပြားကို ကြွပ်ကြွပ်ကြိုးအစိမ်းရောင်နဲ့ ဆွဲ ချိတ်ထားလျက် တွေ့ရှိရတာလို့ ဆိုပါတယ်။

” မနက် ၃ နာရီလောက်က လက်ပံတန်းမြို့ဘက်ကနေ ကားနဲ့လာချသွားတာလို့  သိရတယ်။ သေဆုံးသူက ကျနော်တို့ တပ်ဖွဲ့ဝင်ထဲက‌တော့ မဟုတ်ဘူး။ ရဲဘော်လေးတွေကိုလည်း သွားမကြည့်ခိုင်းဘူး ထောင်ချောက်ဆင်ထားတာဖြစ်မှာ စိုးလို့ “လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။ 

ဒေသခံအမျိုးသားတဦးကလည်း  အလောင်းတွေ့တဲ့နေရာဟာ ရန်ကုန် - ပြည် ကားလမ်းအရှေ့ဘက် နှစ်မိုင်ခွဲခန့်အကွာမှာရှိပြီး အလောင်းအနီးမြေပြင်မှာ ကားဘီးရာတွေတွေ့ရသလို အလောင်းဟာ လက်ရှိအထိ အဲ့ဒီနေရာမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။

သေဆုံးသူဟာ လက်ပံတန်းနယ်တဝိုက်ကမဟုတ်တဲ့ မျက်နှာစိမ်းရုပ်အလောင်းဖြစ်လို့ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ မသိရသေးဘဲ လက်ရှိအထိ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ကလည်း ရုပ်အလောင်းကို လာရောက်စစ်ဆေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ နှစ်လယ်ပိုင်းတွေမှာ မန္တလေးတိုင်း ကျောက်ဆည်၊ တံတားဦး ၊ မတ္တရာ၊ နွားထိုးကြီး၊ စဉ့်ကူးနဲ့ မန္တလေးမြို့ပေါ်နေရာတချို့မှာ အရပ်သားအများအပြားသတ်ဖြတ်ခံခဲ့ရပြီး ရုပ်အလောင်းတွေမှာ အလားတူ သွေးသောက်အဖွဲ့၊ အနီရောင်စစ်ဆင်ရေးစတဲ့စာတန်းပါ ကတ်ပြားတွေ ချိတ်ဆွဲထားခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ - သေဆုံးသူနှင့် လည်မှာချိတ်ဆွဲထားသည့်ကတ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #အနက်ရောင် #သေမင်းတမန် #လူငယ်ရုပ်အလောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10