လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ဗျူဟာပြောင်းရတော့မယ့် တရုတ်

လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ဗျူဟာပြောင်းရတော့မယ့် တရုတ်

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မတ် ၂၂ ရက်ကစတင်ပြီး အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေမှာ တပ်စွဲတာ၊ လုံခြုံရေးကင်းချတာတွေလုပ်ခဲ့ကြပါတယ်။ 

ဒီတခါစစ်ကြောင်းထိုးတာမှာ ထူးခြားချက်က လူနေအိမ်တွေကို မီးမရှို့သလို ဒေသခံတွေကိုလည်း ဖမ်းဆီးတာတွေ မလုပ်ကြပါဘူး။ ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ ပုံမှန်အတိုင်း ဈေးဆိုင်တွေ ဖွင့်ကြဖို့၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ပြီး ပုံမှန်အတိုင်း နေထိုင်ကြဖို့ ပြောဆိုတာတွေ ပြုလုပ်နေတယ်လို့ ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။

အခုအကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စည်းရုံးရေးဆန်တဲ့စစ်ကြောင်းထိုးမှုကို ဆားလင်းကြီးအခြေစိုက်တဲ့ ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုမှ ရဲဘော် မြတ်ကိုက အခုလို မှတ်ချက်ပြုပါတယ်။ 

“ပြည်သူတွေကို သကာ(အချို)ကျွေးနေတယ်။”

လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်ရေးစက်ရုံ ပြန်လည်ပတ်ဖို့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်က ကျေးရွာတွေကို နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာလို့ သူကဆက်ပြောပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက စက်ရုံဝန်ထမ်းတွေ CDM လုပ်သွားကြတဲ့အတွက် ၂၀၂၁ခုနှစ် အတွင်း ဝမ်ပေါင်ကုမ္ပဏီဟာ စက်ရုံလည်ပတ်မှုတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ 

ဒါပေမဲ့ ၂၀၂၂၊ ၂၀၂၃ ကာလတွေမှာ ကြေးနီစက်ရုံကို ပြန်လည် လည်ပတ်ဖို့ ကြိုးစားခဲ့ပေမယ့် အပြည့်အဝ မလည်ပတ်နိုင်သေးတာကြောင့် တရုတ်ကုမ္ပဏီနဲ့ စစ်ကောင်စီဟာ အခုအခါမှာ နောက်ထပ်ဗျူဟာတမျိုးပြောင်းပြီး ထပ်မံကြိုးစားလာတာတွေကို တွေ့မြင်လာရတယ်လို့ ယင်းမာပင်ခရိုင်အတွင်းရှိ လက်နက်ကိုင်အင်အားစု တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ 

“စစ်တပ်နဲ့ပြေလည်ရင် မြန်မာနိုင်ငံနဲ့ပြေလည်တယ်ဆိုတဲ့ သူတို့ရဲ့ မဟာဗျူဟာ စဉ်းစားချက်က ရွေ့လာတာ တွေ့ရတယ်။” လို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)ရဲ့ အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောပါတယ်။ 

မအောင်မြင်တဲ့ စစ်တပ်ရဲ့စည်းရုံးရေးစစ်ကြောင်း 

စစ်ကောင်စီလက်အောင်ခံတပ်ဖွဲ့ဝင် အင်အား ၃၃၀ ကျော်ဟာ မတ် ၂၂ ရက်ကစတင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။ 

ဒီလိုစစ်ကြောင်းထိုးရာမှာ ယင်းမာပင်မြို့နယ်၊ မြောက်ယမားတံတား မြောက်ဘက်မှာရှိတဲ့ အုံတုံပင်ကျေးရွာ၊ ကျေးစာကျကျေးရွာနဲ့ ဘိန်းနွယ်ချောင်း ကျေးရွာတွေကို စစ်ကြောင်းထိုးတာဖြစ်သလို မြောက်ယမားတံတား တောင်ဘက် ဆားလင်းကြီးမြို့နယ်ထဲက ရွာသာရွာ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်၊ ထနောင်းကုန်း၊ အေးကုန်း စတဲ့ကျေးရွာတွေမှာပါ စစ်ကြောင်းထိုးတပ်စွဲတာ၊ ကင်းချတာတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၂ ရက်စစ်ကြောင်းထိုးတဲ့အတွက် ရှောင်ပြေးနေရတဲ့ ဆားလင်းကြီးမြို့နယ်ထဲက စစ်ရှောင်အမျိုးသမီး တဦးက “ပြည်သူတွေကို သတ်တာဖြတ်တာ မရှိသေးဘူး။ အိမ်မိးရှို့တာလည်း မလုပ်သေးဘူး။ ဝင်လာတဲ့နေ့က ဖမ်းမိတဲ့သူတွေကို နောက်နေ့ပြန်လွှတ်ပေးတယ်။ ဖုန်းတွေတော့ သိမ်းထားတယ်" လို့ ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းက ဒေသခံတွေကို ဈေးဆိုင်တွေပြန်လည်ဖွင့်လှစ်ရန်၊ တောင်ယာနဲ့ ခြံစိုက်ပျိုးရေး လုပ်ငန်းတွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်ကြရန် တိုက်တွန်းမှုတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်ကြောင်းထိုးတဲ့ခါ ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေလုပ်တတ်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခုအခါမှာ မီးရှို့လူသတ်တာတွေ မလုပ်ပေမယ့် စစ်တပ်ကိုကြောက်လန့်တာကြောင့် ဒေသခံ ပြည်သူ ၁၅,၀၀၀ ကျော်ဟာ မတ် ၂၂ ရက်ကနေ ဧပြီလ ဒုတိယပတ်အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေကြသူတွေက ဆိုပါတယ်။ 

ဒေသခံတွေရဲ့ ပြောကြားအချက်အရ စစ်ကောင်စီစစ်ကြောင်းမှာ အသက် ၆၀ ကျော်အရွယ်စစ်သားတွေပါဝင်ပြီး လက်နက်ငယ်တွေထက် တာဝေးပစ်လက်နက်ကြီးတွေကို ကိုင်ထားကြတာတွေ့တယ်လို့ ဆိုပါတယ်။ 

“စစ်ကြောင်းမှာ အသက်ကြီးကြီး အဘိုးကြီးတွေပါတယ်။ သူတို့မှာ လက်နက်ငယ်တွေပါတာ သိပ်မတွေ့ရဘူး။ လက်နက်ကြီးတွေပဲပါတယ်။ ပြည်သူတွေကိုတော့ ဘာမှ မလုပ်ဘူး။ မလုပ်တဲ့တပိုင်းကတော့ စည်းရုံးရေးဝင်နေတယ်။ စည်းရုံးရေးဝင်ပြီးတော့ နယ်မြေတွေ စိုးမိုးနေတယ်” လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော် မြတ်ကိုက ပြောပါတယ်။

အသက်ကြီးတဲ့စစ်သားတွေနဲ့အရင်ဆုံး စစ်ကြောင်းထိုးပြီး နောက်ပိုင်းမှာ ငယ်ရွယ်တဲ့စစ်သားတွေကို ဖြည်းဖြည်း အင်အားထပ်မံဖြည့်တင်းလာတာတွေ့ရတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စည်းရုံးသိမ်းသွင်းမှုတွေကို မယုံကြည့်သင့်ဘူးလို့ သူက အကြံပြုပါတယ်။ 

“ဘယ်တုန်းကမှ ပြည်သူကိုချစ်တဲ့စိတ်၊ မေတ္တာရှိတဲ့စိတ် စစ်တပ်မှာ မရှိတာဖြစ်တဲ့အတွက်၊ စစ်ကြောင်းထိုးတဲ့ ဒေသပေါင်းစုံမှာလည်း ပြန်မလုပ်နိုင်တဲ့ ခြေလက်အင်္ဂါ မပြည့်စုံတဲ့သူတွေကိုတောင်မှ သတ်ပစ်ထားခဲ့တာတွေရှိတယ်။ မုဒိမ်းကျင့်တာတွေရှိတယ်၊ မုဒိမ်းကျင့်ပြီးသတ်ပစ်ထားခဲ့တာတွေ တွေ့နေရတာ၊ ဒါတွေကို သိသိကြီးနဲ့ သူတို့ရဲ့စည်းရုံးမှုအောက်ကို မဝင်ကြပါနဲ့ နားမထောင်ကြပါနဲ့” လို့ ရဲဘော်မြတ်ကိုက တိုက်တွန်းပါတယ်။ 

ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စောင့်ကြည့်လေ့လာနေတဲ့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုစိုးဝင်းဆွေကလည်း စစ်ကောင်စီရဲ့ ပြောင်းလဲလာတဲ့ စည်းရုံးရေးဗျူဟာ မအောင်မြင်စေရန် စစ်ကောင်စီနဲ့ မပူးပေါင်းကြဘဲ “ပြေးပါ၊ ရှောင်ပါ၊ ဝေးရာကိုသွားကြပါ” လို့ သူ့ရဲ့ ဖေ့ဘွတ်အကောင့်မှာ တိုက်တွန်းထားပါသေးတယ်။ 

“စခတွေလာရင် ပြေးကြတယ်ဆိုတာ သာမန်မဟုတ်ပါဘူး၊ ပြေးခြင်းဟာ တော်လှန်ရေးပါပဲ။” လို့ သူက ဆိုပါ တယ်။ 

ပေါ်တင်မထုတ်ယူရဲတဲ့ ကြေးနီတွေ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထုတ်လုပ်မှုတွေကို ကြာရှည်စွာရပ်ဆိုင်းထားရတဲ့အတွက် အသုံးမပြုဘဲ ထားရှိတဲ့ သတ္တုတွင်းဧရိယာထဲက စက်ယန္တရာတွေနဲ့ အဆောက်အဦတွေကို သံချေးတက်စားခြင်းတွေ ဖြစ်ပေါ်လာတာကြောင့် မိုးရာသီကာလမရောက်မီ စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတွေကို လုပ်ဆောင်နေတယ်လို့ ၂၀၂၄ခုနှစ် မတ်လ ၂၇ ရက်မှာ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပေမယ့် တကယ်တမ်းမှာ ကုမ္ပဏီအနေနဲ့ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ စက်ရုံလေ့လာ စောင့်ကြည့်နေသူတွေနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက နိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။ 

စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့ဝင် ကိုစိုးဝင်းဆွေးက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ မှာ ရပ်ခဲ့ပေမယ့် ၂၀၂၂ လောက်ကစပြီး စက်ရုံအတွင်းထဲမှာ “ကြိတ်ကြိတ်ပြီး လည်ပတ်နေတာတွေရှိပါတယ်” လို့ ဆိုပါတယ်။ 

ကြေးနီထုတ်လုပ်တဲ့လုပ်ငန်းကို ရာနှုန်းပြည့်လည်ပတ်တာမျိုးမဟုတ်ဘဲ လည်ပတ်လို့ရနိုင်တဲ့ အစိတ်အပိုင်းတွေကိုသာ လည်ပတ်ပြီး ကြေးနီထုတ်လုပ်နေသလို ကြေးနီတွေကို သယ်ယူနေတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။ 

“ကြေးနီသယ်တာတွေက အချိန်အတိအကျနဲ့တော့ မဟုတ်ဘူး။ အခါအားလျော်စွာသယ်ယူပို့ဆောင်တာတွေတော့ရှိတယ်” လို့ ကိုစိုးဝင်းဆွေက ပြောပါတယ်။ 

စစ်ကောင်စီဟာ မတ် ၂၂ ရက်မှာ ကျေးရွာတွေမှာ စစ်ကြောင်းထိုး စည်းရုံးရေးဆင်းတာ၊ တပ်စွဲတာ၊ ကင်းချတာတွေလုပ်နေတာနဲ့ တပြိုင်နက်တည်း တဖက်မှာလည်း ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီတွေကို ခိုးသယ်တာတွေ လုပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

မြောက်ယမားချောင်းတံတားနဲ့ ချင်းတွင်းမြစ်ကူးတံတား ပုသိမ်-မုံရွာလမ်းတလျှောက် လုံခြုံရေးတွေချထား ပြီးနောက် ဝမ်ပေါင်ကုမ္ပဏီစက်ရုံးဝင်းထဲကနေ မတ်လ ၂၅ ရက် ညဘက်မှာ ကား ၆ စီးနဲ့ ကြေးနီတွေကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ထဲကို ဝင်သွားတယ်လို့ စက်ရုံအတွင်းသတင်းတွေကို ကိုးကားပြီး ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော် မြတ်ကိုက ပြောပါတယ်။ 

“အဲဒီကြေးနီကားတွေပေါ်ကိုမှ ဘီယာဘူးခွံတွေ၊ အိတ်တွေအုပ်ပြီးမှ သွားတယ်” လို့ သူက ဆိုပါတယ်။  

နမခထဲကို ကားကြီး ၆ စီးနဲ့ ၂ ကြိမ်သယ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နမခထဲကို ဝင်သွားတဲ့ အဲဒီကြေးနီကားတွေဟာ မုံရွာ-မန္တလေးလမ်းအတိုင်း ဆက်လက်ထွက်ခွာသွားခြင်း ရှိ မရှိနဲ့ ဘယ်လိုနည်းနဲ့ ထွက်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။ 

နမခထဲက ရိက္ခာတွေသယ်ဆောင်ထားတဲ့ ကား ၄ စီး ပြန်ထွက်လာသော်လည်း ဝမ်ပေါင်ကုမ္ပဏီထဲသို့  ၂ စီး သာရောက်လာပြီး ကျန် ၂ စီးမှာ ဘယ်နေရာကိုသွားတယ်ဆိုတာ မတွေ့လိုက်ရဘူးလို့ ရဲဘော်မြတ်ကိုက ဆိုပါတယ်။ 

ကြေးနီတင်ကားတွေနဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေဟာ လက်ပံတောင်းတောင်ကနေ ချင်းတွင်းမြစ်ကူး တံတားထိပ် ရွှေတောင်ဦးအထိ ၁၀ မိုင်ကျော်အကွာအဝေးရှိတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မကြာခဏ မိုင်းဆွဲခံရတာကြောင့် အဲဒီလမ်းပိုင်းကို အသုံးမပြုခဲ့တာကြာခဲ့ပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

၂၀၂၃ ဇွန်ထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိ ညောင်ပင်ကြီး ရဲစခန်းကို တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးအပါအဝင် အနီးအနားက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ညောင်ပင်ကြီးမှာ အခိုင်အမာတပ်စွဲခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ လက်ပံတောင်းတောင်က ကြေးနီသယ်ကားတွေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ပုသိမ်-မုံရွာလမ်းပိုင်းကို အသုံးမပြုကြတော့ဘဲ လက်ပံတောင်းတောင်(ဝမ်ပေါင်)ကနေ ညောင်ပင်ကြီး ဇက်ဆိပ်ကတဆင့် မုံရွာမြို့ကို သွားနေကြတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ 

လက်ပံတောင်းတောင်ကနေ ညောင်ပင်ကြီးဇက်ဆိပ်အထိ ၄ မိုင်ခန့်ကွာဝေးပြီး အရင်ကတည်းက ကတ္တရာခင်းထားတဲ့ကားလမ်းရှိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကားလမ်းပိုင်းမှာ မိုင်းကွင်းတွေနဲ့ မိုင်းဆွဲတာတွေရှိလို့ စစ်ကောင်စီက အသုံးမပြုရဲတာကြောင့် လက်ပံတောင်းတောင်နဲ့ ညောင်ပင်ကြီးဇက်ဆိပ်ကြားကို ၂၀၂၃ ဇွန်လထဲမှာ လမ်းသစ်တခုဖောက်လုပ်ပြီး ကြေးနီသယ်တာ၊ စစ်ကြောင်းသွားတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

“ဝမ်ပေါင်ကုမ္ပဏီ၊ လက်ပံတောင်းတောင် အရှေ့တည့်တည့်ကနေပြီးတော့ အကွေ့အကောက်မရှိ၊ ဇက်ဆိပ်အထိကို လမ်းဖောက်လိုက်တာ။ ခြံစည်းရိုးကိုလည်း ခတ်ပစ်လိုက်တော့ သူတို့လုံခြုံရေးက အများကြီးယူစရာ မလိုတော့ဘူးပေါ့” လို့ ရဲဘော်မြတ်ကိုက ပြောပါတယ်။ 

အရင်က လက်ပံတောင်းတောင်ခြေရင်းအထိသာ ခြံစည်းရိုးခတ်ထားသော်လည်း လမ်းသစ်ဖောက်လုပ်ပြီးတဲ့ နောက်ပိုင်း တောင်ရဲ့အရှေ့ဘက်ရှိ ကံတော၊ ဝက်မှေးစတဲ့ရွာဟောင်းနေရာတွေအထိ တိုးချဲ့ပြီး ခြံစည်းရိုးခတ်ခဲ့တာလို့ သူက ရှင်းပြပါတယ်။ 

အခုအခါမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပုသိမ်-မုံရွာလမ်းပိုင်းကို လုံခြုံရေးကင်းတွေချထာပြီး ပြန်လည် အသုံးပြုဖို့ကြိုးစားလာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

ဒါကြောင့် ဝမ်ပေါင်ကုမ္ပဏီဟာ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတချို့ကို လည်ပတ်နေရာက ထုတ်လုပ်ရေးလုပ်ငန်းအားလုံး လည်ပတ်နိုင်ရေးအတွက် ကြိုးစားလာတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စက်ရုံလေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။ 

ဝမ်ပေါင်ကုမ္ပဏီဟာ အခုလိုကြေနီထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ထုတ်နေဆဲဖြစ်သလို စက်ရုံဝင်း အတွင်းမှာလည်း စစ်ကောင်စီကို တပ်စွဲခွင့်ပြု ထားတာ၊ ပျူစောထီးတွေကို စစ်သင် တန်းပေးခွင့်ပြုထားတာတွေ အပြင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေကိုလည်း သိုလှောင်ခွင့်ပေးထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။ 

စီးပွားရေးလုပ်မှာလား၊ အကြမ်းဖက်အားပေးလား

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းအတိုင်းအတွင်းမှာ လူနေအိမ်ပေါင်း ၅၈,၀၀၀ ကျော်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူပေါင်း ၂ သန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်လို့ Data for Myanmar နဲ့  ISP – Myanmar ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်းမှာ အရပ်သား ၉၀၀ ကျော်သေဆုံးပြီး ၈၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့်လည်း ဧပြီ ၄ ရက်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံကို လေယာဉ်လောင်စာဆီတင်ပို့တာတွေ မလုပ်ဖို့၊ ဆီရောင်းချခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

အထက်ပါလုပ်ရပ်တွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေကို ဝမ်ပေါင်ကုမ္ပဏီက စက်ရုံဝင်းထဲမှာ အထိုင်ချတပ်စွဲခွင့်ပြုထားသလို ပျူစောထီးသင်တန်းပေးတာတွေကိုလည်း ကုမ္ပဏီဘက်က ခွင့်ပြုပေးထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့  ဆားလင်းကြီးမြို့နယ်ထဲရှိ တော်လှန်ရေးအင်အားစု တွေက ဆိုကြပါတယ်။ 

ဒီလိုလုပ်ရပ်နဲ့ပတ်သက်လို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့ဝင် ကိုစိုးဝင်းဆွေက အခုလို ပြောပါ တယ်။ 

“စစ်ကောင်စီရဲ့တပ်တွေကို သူ့ရဲ့ လုပ်ငန်းခွင်ထဲမှာ တပ်စွဲခွင့်ပြုတာမျိုးတွေ၊ ဆားလင်းကြီး၊ ယင်းမာပင်ဒေသတွေမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့အခါ သူ့ရဲ့ ကုမ္ပဏီကားတွေကို အသုံးပြုခွင့်ပေးတာမျိုးတွေ၊ အဲတော့ အခုက လုပ်ငန်းလည်ပတ်ရုံတင်မဟုတ်ဘဲ အကြမ်းဖက် စစ်**တွေကို အားပေးအားမြှောက်ပြုတာမျိုးတွေပါ တွေ့လာရတယ်” 

ဒါကြောင့်လည်း စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူ တွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေကို ဝမ်ပေါင်ကုမ္ပဏီက အကာအကွယ်၊ အထောက်အပံ့ပေးတာမျိုးတွေ လုပ်နေတယ်လို့ ဆားလင်းကြီးနဲ့ယင်းမာပင်မြို့နယ်ထဲက တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ 

“နိုင်ငံတကာဥပဒေ၊ နိုင်ငံကြီးသားပီသမယ်ဆိုရင် စစ်**တွေကို လက်မခံသင့်ဘူး။ ပျူသင်တန်းတွေပေးနေတာ တွေကို လက်မခံသင့်ဘူး” လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်မြတ်ကိုက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကုမ္ပဏီဝင်ထဲမှာ တပ်စွဲအထိုင်ချတာ၊ ပျူစောထီး သင်တန်းပေးတာတွေလုပ်သလို ကြေးစင်တောင်၊ မြန်မာယန်စီကုမ္ပဏီအရှေ့ဘက် ကံကုန်းကြီးကျေးရွာအနီးက အက်စစ်စက်ရုံနဲ့ ကျောက်မျက်ရွာ ရွှေမြင်တင်တောင်မှာလည်း အခိုင်အမာတပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ လက်ပံတောင်းတောင်၊ ကြေးစင်တောင်အနီးတဝိုက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီက ကင်းချတာ၊ စစ်ကြောင်းထိုးတာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။

ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ အခုလို စစ်ကောင်စီလက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေကို စက်ရုံဝင်း အတွင်းလက်ခံ ထားတာဟာ ကြေးနီစီမံကိန်းစက်ရုံကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လာအောင် တမင်လုပ်ထားတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ 

“ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့ပုံစံမျိုးနဲ့ဆိုရင် အရပ်သားကို လုံခြုံရေးထားလို့ရတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးပစ်မှတ်က သူတို့စီမံကိန်း မပါဘူး။ အခုဟာက အဲဒီလိုမပါတာကိုမှ သူတို့ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာယန်စီ ကုမ္ပဏီကို PDF တွေက မတိုက် တိုက်အောင်လုပ်နေတယ်” လို့ ရဲဘော်မြတ်ကို က ဆိုပါတယ်။ 

ဒေသကာကွယ်ရေးတပ်တွေက ဝမ်ပေါင်ကုမ္ပဏီကိုတိုက်ခိုက်တာမျိုးပြုလုပ်မိပါရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံတကာကုမ္ပဏီကို တိုက်ခိုက်တယ်ဆိုတဲ့ တုန့်ပြန်မှုတွေကို တော်လှန်ရေးအင်အားစုတွေအပေါ် တုန့် ပြန်ချင်တဲ့အတွက် လုပ်နေတာလို့ သူက သုံးသပ်ပါတယ်။ 

“ကျနော်တို့တိုက်နေတာက စစ်တပ်ကိုပဲတိုက်နေတာဖြစ်တဲ့အတွက် သူတို့က စစ်တပ်ကို လက်ခံထားလိုက်မယ်ဆိုရင် ကျနော်တို့လည်း တနေ့တိုက်ချင်ရင်တိုက်ရမှာပဲ” လို့  ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော် မြတ်ကိုက သတိပေးပါတယ်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ BNRA ရဲ့ သဘောထား

စစ်ကိုင်းတိုင်းထဲမှာ အင်အားတောင့်တင်းတဲ့ တော်လှန်ရေးလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)က ၂၀၂၃ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အမိန့်ကြေညာစာတခုထုတ်ပြန်ခဲ့ပါသေးတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားတဲ့ တပ်ဖွဲ့တခုဖြစ်ပါတယ်။ 

အဲဒီအမိန့်စာမှာ BNRA ရဲ့ လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ ၂နိုင်ငံ အကျိုးတူ စီးပွား‌ဖြစ်သော ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးတာ၊ တစုံတရာသိမ်းဆည်း ယူငင်တာ(လုံးဝ) မပြုလုပ်ကြရန် အသိပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အဓမ္မအာဏာရယူထားသော စစ်ကောင်စီကို ဖြုတ်ချပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ပြည်သူ့အစိုးရတရပ် ပေါ်ထွက်လာတဲ့အချိန်မှာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်လည်းကောင်း၊ မိတ်ဖက်နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်လည်းကောင်း ပြန်လည်ပူးပေါင်းလုပ်ဆောင်ကြရမှာသာဖြစ်တယ်လို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် နိုင်ငံအတွင်းရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်ချက်အရ ထိန်းသိမ်းစောင့်ရှောက်ရသော အခြေအနေတွေရှိလာသည့်တိုင် ထိခိုက်ပျက်စီးစေခြင်းမပြုဘဲ စည်းကမ်းလိုက်နာကြရန် ဒီအမိန့်ကြေညာစာကို ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

ဒီလိုအမိန့်စာထုတ်ပြန်ထားတဲ့အတွက် လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး BNRA ရဲ့ သဘောထားကို သိနိုင်ရန် မြေလတ်အသံသတင်းဌာနက ဧပြီလ ၁၁ ရက်မှာ ဆက်သွယ်ခဲ့ပေမယ့် BNRA ဘက်က ပြန်လည်ဖြေကြားပေးခြင်း မပြုခဲ့ပါဘူး။ 

ဒါပေမဲ့ BNRA ရဲ့ အမိန့်စာထုတ်ပြန်မှုဟာ တရုတ်ကို အစီရင်ခံရတာလားဆိုတဲ့ ဝေဖန်မှုတွေအပေါ် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးပြန်လည်ဖြေရှင်းထားတဲ့ ရုပ်သံမှာတော့ “ကျနော်တို့တပ်ဖွဲ့ရဲ့သဘောထားကို ကမ္ဘာက သိအောင်အစီရင်ခံတာ။ နိုင်ငံတနိုင်ငံစာအတွက် ဘယ်သူ့ကိုမှ အစီရင်ခံမှာ မဟုတ်ဘူး။” လို့ ဗိုလ်နဂါးက ဆိုထားပါတယ်။

အမိန့်စာထုတ်ပြန်ရခြင်းအကြောင်းရှင်းလင်းရာမှာ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) မှာ မြန်မာနိုင်ငံဟာ အဆင့် ၈ မှာရှိပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးနိုင်ငံစာရင်းမှာ အဆင့် ၃ မှာ ရှိနေတယ်ဆိုတဲ့အချက်ဟာ သတိထားစရာဖြစ်ကြောင်းကိုလည်း ဗိုလ်နဂါးက ထည့်သွင်းရှင်းလင်းခဲ့ပါသေးတယ်။ 

BNRA အနေနဲ့ တရုတ်အစိုးရရဲ့ ခြိမ်းခြောက်မှု၊ ကြိုးကိုင်မှုအောက်မှာ “လုံးဝမဟုတ်ဘူး၊ ဒါကိုတော့ ပြတ်ပြတ် သားသားပြောရဲတယ်။” လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သူတို့နိုင်ငံ၊ သူတို့ပြည်သူတွေအတွက် စစ်ကောင်စီနဲ့ ဘယ်လိုဆက်ဆံရေးရှိခဲ့သည်ဖြစ်စေ လက်ရှိမြန်မာပြည်သူလူထုရဲ့ စစ်ကောင်စီလက်အောက်က လွတ်မြောက်အောင်ကြိုးစားနေတဲ့ တော်လှန်ရေးမှာ တရုတ်အနေနဲ့ ပူးပေါင်းပါဝင်ပေးမယ်၊ အားဖြည့်ပေးမယ်ဆိုရင် အပြန်အလှန်အကျိုးစီးပွားအတွက် နားလည်ပေးရမှာ ရှိတယ်လို့ သူကဆက်ပြောပါတယ်။ 

“အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဘဲ၊ ရပ်တည်ချက်တူလာလို့ရှိရင်၊ ကျနော်တို့အတွက် အထောက်အပံ့အကူညီဖြစ်လာလို့ရှိရင် ကျနော်တို့အတွက် မိတ်ဖက်အဖြစ်သတ်မှတ်နိုင်တာတွေရှိတယ်” လို့ BNRA က ထုတ်ပြန်တဲ့ အမိန့်စာနဲ့ပတ်သက်ပြီး ရှင်းလင်းရာမှာ ဗိုလ်နဂါးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဗျူဟာပြောင်းရတော့မယ့် တရုတ်

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားတွေ မလည်ပတ်နိုင်တော့သလို PDF တွေရဲ့နယ်မြေစိုးမိုးမှုတွေ ပိုမိုကျယ်ပြန့်လာတဲ့အခါ တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေဟာ ပုံမှန်လည်ပတ်နိုင်ဖို့ ခက်ခဲလာပါတယ်။ 

ဒါကြောင့်လည်း တရုတ်ကုမ္ပဏီတွေဟာ စစ်ကိုင်းတိုင်းထဲမှာ သူတို့ရဲ့ လုပ်ငန်းတွေလည်ပတ်နိုင်ဖို့ စစ်ကောင်စီ တခုတည်းနဲ့ မလုံလောက်တော့တဲ့အခါ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ပါ ဆက်ဆံလာရတာမျိုးတွေ တွေ့လာရတယ်လို့ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောပါတယ်။ 

“လက်နက်ကိုင်အဖွဲ့တွေကို တရုတ်ဘက်က ချည်းကပ်တာမျိုးတော့ အတည်မပြုနိုင်တဲ့ အချက်အလက်တွေအရတော့ ကြားရပါတယ်။ တရုတ်နိုင်ငံဆိုတာထက် စီမံကိန်းတွေဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီတွေချဉ်းကပ်တာမျိုးပေါ့၊ ဒီလိုအနေအထားမျိုးတော့ ကြားရတယ်” လို့ သူက ဆိုပါတယ်။ 

တရုတ်ကုမ္ပဏီတွေဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပေါ် အကာအကွယ်ဖြစ်စေနိုင်ရန် စစ်ကောင်စီအပြင် တခြားသောဒေသတော်လှန်ရေးအင်အားစုတွေနဲ့ပါ ဆက်ဆံလာရတာမျိုးတွေကို ကြားသိထားတာရှိတယ်လို့ ဆိုပါတယ်။ 

“၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ဒီလိုအနေအထားတွေကို ပိုပြီးတွေ့ရတယ်” လို့ ကိုစိုးဝင်းဆွေက ပြောပါ တယ်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်တပ်ရင်းမှူး ဗိုလ်သက်ကြီးကတော့ စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီတွေဘက်က တွေ့ဆုံစကားပြောတာ၊ ဆက်ဆံရေးတည်ဆောက်တာတွေ ရှိ မရှိဆိုတာကို တိတိကျကျ မသိရပေမယ့် “သူတို့ကတော့ နိုင်မြင်းပဲလောင်းမှာပဲ” လို့ မှတ်ချက်ပြုပါတယ်။ 

လက်ရှိအခြေအနေမှာ စစ်ကောင်စီဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒကို လုံးဝကိုယ်စားမပြုနိုင်တဲ့အတွက် သက်ဆိုင်ရာဒေသအလိုက် ပြည်သူတွေရဲ့ဆန္ဒတွေအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တရုတ်နိုင်ငံဟာ ဆက်ဆံရေးလမ်းကြောင်းတွေ ဖော်ဆောင်သင့်တယ်လို့ စစ်ကိုင်းဖက်ဒရယ် ကောင်စီ(ရှေ့ပြေး)အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောပါတယ်။

“စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)လိုမျိုး ဒေသဆိုင်ရာ Stakeholder တွေမျိုးနဲ့လည်း ပြည်ပနိုင်ငံကြီး အနေနဲ့ ဆက်ဆံသင့်တယ်လို့လည်း အကြံပြုတယ်။ ဒီလိုဆက်ဆံလာမယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ဆက်ဆံရေးပြန်ပြီးတည်ဆောက်ဖို့ရှိပါတယ်” လို့  သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ မတူးဖော်ရသေးတဲ့ သဘာဝသယံဇာတတွေ များစွာကျန်နေသေးသလို တော်လှန်ရေးကာလအတွင်း ရွှေထပ်ထွက်နေတဲ့နေရာတွေ၊ ကြေးနီထပ်တူးနိုင်မယ့်နေရာတွေနဲ့ အခြားသော တွင်းထွက်သယံဇာတတွေ များစွာကျန်နေသေးတယ်လို့ သူက ဆိုပါတယ်။

“လက်ပံတောင်းတောင်ပြီးသွားရင် အဲဒီအနားက ဝါစိမ်းတောင်မှာလည်း ကြေးနီထွက်တယ်။ အာဏာမသိမ်းခင် ပြီးခဲ့တဲ့အစိုးရတုန်းက စမ်းသပ်တွေ့ရှိထားတာတွေရှိတယ်” လို့ သူက ဆက်ပြောပါတယ်။ 

နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ဒီလုပ်ငန်းတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင် ဒေသတော်လှန်ရေး အင်အားစုတွေကို အခွန်ဆောင်တာ၊ ထောက်ပံ့ကြေးပေးတာမျိုးနဲ့ မလုံလောက်ဘဲ ပြည်သူတွေရဲ့ဆန္ဒကိုပါထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရှိနေတာဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင်ရရှိရေးအတွက် ကောင်းမွန်တဲ့အချက်ဖြစ်တာကြောင့် ကြိုဆိုတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ် တပ်ပေါင်းစုမှ ရဲဘော်မြတ်ကိုက ဆိုပါတယ်။ 

ဒါပေမဲ့ လက်ပံတောင်းကြေးနီးစီမံကိန်းလို တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ကလက်ဝါးချင်းရိုက်ပြီး နိုင်ငံပိုင်သယံဇာတကို ရောင်းစားတဲ့ပုံစံမျိုးကိုတော့ လက်မခံနိုင်ဘူးလို့ သူက မှတ်ချက်ပြုပါတယ်။  

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10