လက်ရုံးတပ်တွေကိုပါ သေတွင်းထဲ ပို့နေရတဲ့ အာဏာသိမ်းစစ်တပ် (သတင်းဆောင်းပါး)

လက်ရုံးတပ်တွေကိုပါ သေတွင်းထဲ ပို့နေရတဲ့ အာဏာသိမ်းစစ်တပ် (သတင်းဆောင်းပါး)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းပြည်အနှံ့က ရှေ့တန်းစစ်မျက်နှာတွေမှာ အင်အားလျော့နည်းလာတဲ့ သူ့ရဲ့တိုက်ခိုက်ရေးတပ်တွေအတွက် လက်ရုံးတပ်တွေရဲ့ အင်အားကိုထုတ်နုတ်ပြီး ဖြည့်တင်းနေရပါတယ်။ 

ဒီလို လက်ရုံးတပ်တွေကနေ အင်အားထုတ်နုတ်ရာမှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့တပ်တွေဖြစ်တဲ့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ )တပ်တွေပါမချန် ရှေ့တန်းပို့ဆောင်ခံရတဲ့ အခြေအနေထိဖြစ်လာနေတယ်လို့ မြန်မာစစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။ 

“ကပစဆိုတာ ကမ္ဘာစစ်ဖြစ်တောင် လက်နက်ပဲ ထုတ်ရမယ်ဆိုပြီး ကြွေးကြော်ထားတာ။ ဒါက အရင်ကပေါ့။ အခုအခြေအနေက ကပစလည်း မရတော့ဘူး၊ တိုက်နေရပြီ” လို့  ကပစတပ်အပါအဝင် မြန်မာစစ်တပ်မှာ နှစ် ၂၀ ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

တပ်မတော်အကြီးစားစက်ရုံ တကစ ၃ မှ စစ်ဘက်သုံးကားထုတ်လုပ်ရေး စစ်ကောင်စီတပ်ဖွဲ့တဦး။ (ပုံဟောင်း)
တပ်မတော်အကြီးစားစက်ရုံ တကစ ၃ မှ စစ်ဘက်သုံးကားထုတ်လုပ်ရေး စစ်ကောင်စီတပ်ဖွဲ့တဦး။ (ပုံဟောင်း)

 စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့နွေဦးတော်လှန်ရေး ခုခံတော်လှန်စစ်ကြောင့် စစ်ကောင်စီတပ်ဟာ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်နဲ့ အနီးဒေသတဝိုက်အပါအဝင် ကရင်နီ၊ ရှမ်းတောင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ရှမ်းမြောက်စတဲ့ ဒေသတွေမှာပါ စစ်မျက်နှာဖွင့်ထားရပြီး တိုက်ပွဲတွေ အပြင်းထန်ဖြစ်ပွားနေတာပါ။ 

နေပြည်တော်နဲ့ နယ်မြေချင်းထိစပ်နေပြီး တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ ကရင်နီဒေသ ကယားပြည်နယ်ကိုတော့ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ဒီကရင်နီနယ်မြေအတွင်းမှာပဲ အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုက အများဆုံးဖြစ်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကရင်နီနယ်မြေအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိမှု၊ CDMလုပ်ဘက်ပြောင်းခိုလှုံမှု၊ ဖမ်းဆီးခံရမှု စတဲ့စစ်သားပြုန်းတီးမှု များပြားနေတဲ့ အခြေအနေတွေကို မြေလတ်အသံသတင်းဌာနက စုံစမ်းထောက်လှမ်းရေးသားထားတဲ့ “ကရင်နီမြေမှ အိမ်မပြန်နိုင်တော့တဲ့ တပ်မ ၆၆” ဆိုတဲ့ ဆောင်းပါးကို  ဇူလိုင်လမှာ ဖော်ပြခဲ့ပါသေးတယ်။ 

“ကရင်နီမြေမှ အိမ်မပြန်နိုင်တော့တဲ့ တပ်မ ၆၆” (သတင်းဆောင်းပါး)

“ကရင်နီမြေမှ အိမ်မပြန်နိုင်တော့တဲ့ တပ်မ ၆၆” (ရုပ်သံဆောင်းပါး)

ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF ရဲ့ တပ်တည်ထောင်မှု ၂ နှစ်ပြည့် စစ်ရေးအစီရင်ခံစာအရ  ၂ နှစ်တာကာလအတွင်း ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂,၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီထဲမှာ ကရင်နီပြည်နယ်ကို အစောဆုံးဝင်ရောက်လာတဲ့ တပ်မ ၆၆ က စစ်ကောင်စီတပ်သားတွေ အများဆုံးသေခဲ့တာဖြစ်ပြီး အင်အား ၁,၀၀၀ ဝန်းကျင်ရှိတဲ့ တပ်မကြီးဟာ ၃ ပုံ ၂ ပုံခန့် ပြုန်းတီးသွားခဲ့ရာ တပ်ဖွဲ့စည်းပုံပျက်သွားတဲ့အထိ အင်အားချိနဲ့သွားတယ်လို့ တပ်မ ၆၆ သတင်းရင်းမြစ်တွေနဲ့ KNDF သတင်းပြန်ကြားရေးက ဆိုထားပါတယ်။

ဒီလိုစစ်ကောင်စီရဲ့ တပ်သားတွေအများအပြား သေဆုံးနေတာဟာ ကရင်နီပြည်နယ်ထဲမှာတင်မဟုတ်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA  ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်စတဲ့ဒေသတွေမှာလည်းဖြစ်ပေါ်နေသလို ရှမ်းမြောက်ဒေသနဲ့ အညာဒေသ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးနေတာ ဖြစ်ပါတယ်။

KNU တပ်မဟာ ၆ ၏ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လအတွက် တလတာတိုက်ပွဲသတင်းထုတ်ပြန်ချက်။
KNU တပ်မဟာ ၆ ၏ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လအတွက် တလတာတိုက်ပွဲသတင်းထုတ်ပြန်ချက်။

ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုရဲ့ စက်တင်ဘာ ၂၂ ရက် စစ်ရေးသတင်းထုတ်ပြန်ချက်အရ KNU တပ်မဟာ ၆ နယ်မြေမှာ ပြီးခဲ့တဲ့ ဩဂုတ်လတလတာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲအကြိမ် ၇၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့် ၃ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၁ ဦး သေဆုံးကာ တပ်ရင်းမှူးအဆင့်အပါအဝင် ၁၆၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖော်ပြပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး  ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက်ဟာ ၁၄,၀၀၀ ခန့်အထိ ရှိသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ အမြဲတမ်းဒု-အတွင်းဝန် ဦးမောင်မောင်ဆွေက ပြီးခဲ့တဲ့ မေလအတွင်းမှာ ပြောဆိုထားပါတယ်။

ဒီလိုအဘက်ဘက်က အင်အားယုတ်လျော့လာတဲ့စစ်ကောင်စီတပ်ဟာ အညာဒေသမှာ ကျေးရွာအလိုက် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့တွေ ဖွဲ့စည်းအသုံးပြုနေရသလို ရှမ်းပြည်နယ်အတွင်းမှာ ဌာနေပြည်သူ့စစ်နဲ့ ကရင်ပြည်နယ်မှာဆိုရင်လည်း နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေကို အားပြုပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေရတာလည်း ဖြစ်ပါတယ်။

လူမှုကွန်ယက်တွင်ပြန့်နှံ့လာသည့် နောင်ချို ခမရ ၁၁၄ တပ်ရင်း၏ ရှိရင်း၊ စစ်ထွက်၊ နောက်ချန် လစဉ်ပြန်တမ်း။
လူမှုကွန်ယက်တွင်ပြန့်နှံ့လာသည့် နောင်ချို ခမရ ၁၁၄ တပ်ရင်း၏ ရှိရင်း၊ စစ်ထွက်၊ နောက်ချန် လစဉ်ပြန်တမ်း။

၂၀၂၃ ဩဂုတ် ၁ ရက်စွဲနဲ့ ပေါက်ကြားလာတဲ့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ နောင်ချိုမြို့ အခြေစိုက် အမှတ် ၁၁၄ ခြေမြန်တပ်ရင်းရဲ့ ရှိရင်း၊ စစ်ထွက်၊ နောက်ချန် လစဉ်ပြန်တမ်းအင်အားစာရင်းအရ စစ်ထွက်အင်အားဟာ ၇၀ ဦးသာ ရှိနေပါတယ်။

ဒီစစ်ထွက်အင်အားဟာ အာဏာမသိမ်းမီက စစ်ထွက်အင်အားနဲ့ယှဉ်ရင် ခေါက်ချိုးလျော့နည်းသွားတာဖြစ်ပြီး စစ်ထွက်အင်အားပြည့်မီနိုင်ရေးကို ကပစအပါအဝင် အခြားသောလက်ရုံးတပ်တွေကနေ ခေါ်ယူဖြည့်တင်းမှုတွေဟာ ဒီနှစ်အတွင်းမှာ ပိုမိုများပြားလာတာလို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီ ၂၀၂၃ ထဲမှာဆိုရင် စစ်ကောင်စီဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်က စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး လက်ရုံးတပ်ဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)တပ်တွေကနေ အင်အား ထုတ်နုတ်ပြီး တိုက်ခိုက်ရေးတပ်တွေဆီ ပို့ဆောင်နေတာဟာ ၅ ကြိမ်ထက်မနည်းရှိပြီလို့  မကွေးတိုင်းအတွင်းရှိ ကပစတပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယခုစက်တင်ဘာအစောပိုင်းမှာပဲ မကွေးတိုင်း၊ မင်းလှမြို့အခြေစိုက် အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၀)၊ ငဖဲမြို့နယ်အခြေစိုက် ကပစ ၁၄ နဲ့ စေတုတ္တရာမြို့အခြေစိုက် ကပစ ၂၀ စတဲ့တပ်ရင်းတွေကနေ တပ်ကြပ်ကြီးအဆင့်ခေါင်းဆောင်ပြီး တပ်ရင်းတရင်းကို စစ်သည် ၁၂ ဦးနှုန်းနဲ့ စုစုပေါင်း ၃၆ ဦးဟာ တိုက်ခိုက်ရေးတပ်တွေနဲ့အတူ ရှေ့တန်းထွက်ဖို့ စေလွှတ်ခံရပါတယ်။

“တကြိမ်နဲ့တကြိမ် (အပို့ခံရတဲ့ တပ်ဖွဲ့ဝင်) အရေအတွက်တွေက မတူဘူး။ ဒီနှစ်ဆန်းပိုင်းလောက်ကစပြီး (ကပစကနေ) အဲ့ဒီလို ခြေလျင်၊ ခြေမြန်တပ်တွေကို ပြောင်းရတာ ပိုများလာတယ်။ အရင်က သူတို့လိုအပ်ချက် အပေါ်မူတည်ပြီး တွဲဖက်လောက်ပဲ လွှတ်တာပေါ့” လို့ စေတုတ္တရာမြို့အခြေစိုက် ကပစ ၂၀ တပ်ရင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်ပေါင်း ၃၁ ခုအနက် ၁၈ ခုဟာ မကွေးတိုင်းမှာ အခြေစိုက်ထားတာဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ကွပ်ကဲမှုအောက်မှာ ရှိတာဖြစ်ပါတယ်။  

မန္တလေးတိုင်းအတွင်းက တိုက်ပွဲတခုတွင် သိမ်းဆည်းရမိသည့် ကပစအပါအဝင် လပခလက်အောက်ခံတပ် ယူနီဖောင်းများ။
မန္တလေးတိုင်းအတွင်းက တိုက်ပွဲတခုတွင် သိမ်းဆည်းရမိသည့် ကပစအပါအဝင် လပခလက်အောက်ခံတပ် ယူနီဖောင်းများ။

စက်တင်ဘာလဆန်းပိုင်းက ပြောင်းရွှေ့လာရတဲ့ ကပစတပ်ဖွဲ့ဝင်တွေဟာ မန္တလေးနန်းတွင်းက လပခကိုရောက်ရှိနေပြီး လပခလက်အောက်က ခြေလျင်၊ ခြေမြန်တပ်ရင်းတွေကို ခွဲဝေပို့ဆောင်သွားမှာလို့ လပခနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက အတည်ပြုပြောပါတယ်။

ပုံမှန်အားဖြင့် စစ်မြေပြင်အင်ဂျင်နီယာတပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ အမြောက်တပ်တို့လို လက်ရုံးတပ်တွေဟာ ကိုယ်တိုင်စစ်မတိုက်ရဘဲ ရှေ့တန်းထွက် တိုက်ခိုက်ရေးတပ်မ၊ တပ်ရင်းတွေကို လိုက်လံထောက်ကူ ပြုရလေ့ရှိပါတယ်။  ကပစတပ်ရင်းတွေကတော့  သက်ဆိုင်ရာစက်ရုံတွေမှာပဲ လက်နက်ထုတ်ရတာဖြစ်ပြီး ရှေ့တန်းကို လိုက်ပါတာဝန်ထမ်းဆောင်ရတဲ့ အစဉ်အလာမရှိခဲ့ပါဘူး။  

အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီဟာ ကပစတပ်တွေပါမချန် လက်ရုံးတပ်ဖွဲ့ဝင်တွေကို နီးစပ်ရာတိုင်း၊ တပ်မတံဆိပ်တွေ ပြောင်းလဲတပ်ဆင်ခိုင်းပြီး တိုက်ခိုက်ရေးတပ်တွေနဲ့အတူ စစ်ကြောင်းထိုး၊ နယ်မြေရှင်းလင်းဖို့ ယာယီစေလွှတ်တာမျိုးရှိလာရာကနေ ဒီနှစ်အစောပိုင်းကစလို့  အပြီးတိုင် စေလွှတ်မှုတွေ လုပ်ဆောင်လာတာလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မရမ်းကုန်းမြို့နယ်အခြေစိုက် အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံ(တကစ ၃) ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်စစ်ဆေးစဉ်။
၂၀၂၂ ခုနှစ်အတွင်း မရမ်းကုန်းမြို့နယ်အခြေစိုက် အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံ(တကစ ၃) ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်စစ်ဆေးစဉ်။

ဒါ့အပြင် တိုက်ခိုက်ရေးတပ်တွေရဲ့ အင်အားတောင်းခံမှုကို အလွယ်တကူဖြည့်တင်းနိုင်ဖို့ကိုလည်း လက်ရုံးတပ်တွေဟာ အသင့်အနေအထားဖွဲ့စည်းထားရပြီး အင်အားတောင့်တင်းတဲ့ ကပစတပ်ရင်းတွေက အများဆုံး ထုတ်နုတ်ပို့ဆောင်ခံရတယ်လို့ ဆိုပါတယ်။

“ကပစမှာက ဖွဲ့စည်းပုံအရ အနည်းဆုံးတပ်တောင်မှ စစ်သည်ချည်းပဲ ၃၀၀၊ ၄၀၀ နဲ့ အထက်မှာရှိတယ်။ တချို့တပ်တွေဆို အရာရှိအရေအတွက်တောင် ရာနဲ့ချီရှိတယ်။ လူတောင်းလို့ ပိုကောင်းတဲ့တပ်တွေ” လို့ ဗိုလ်ကြီးဇင်ယော်က ရှင်းပြပါတယ်။

အာဏာသိမ်းပြီးနောက် တိုင်းပြည်အနှံ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေရဲ့ အင်အားပြုန်းတီးမှုနှုန်းဟာ ပျမ်းမျှအားဖြင့် နေ့စဉ်နေ့တိုင်း တပ်သား ၁၅ ယောက် သေဆုံးနေတယ်လို့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်တချို့က ခန့်မှန်းကြပါတယ်။ 

ဒီနှုန်းအတိုင်းဆိုရင် ၁ နှစ်ကို တပ်သား ၅,၅၀၀ နီးပါးနှုန်းနဲ့အင်အားပြုန်းတီးနေတာဖြစ်ပြီး ဒီပမာဏဟာ နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားလုပ်ရင် အင်အားပြလေ့ရှိတဲ့ စစ်သည်အင်အား ၈,၀၀၀ ရဲ့ ထက်ဝက်ကျော် ဖြစ်တယ်လို့ နစ်ကီအေးရှသတင်းဌာနရဲ့ အယ်ဒီတာ Dominic Faulderu ရဲ့ ဒီနှစ် မတ်လထုတ်ဆောင်းပါးမှာ တွက်ချက်ဖော်ပြပါတယ်။ 

တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်တွေ့ရသည့် အာဏာသိမ်းစစ်တပ်၏ အမြောက်တင်ယာဉ်တချို့။
တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်တွေ့ရသည့် အာဏာသိမ်းစစ်တပ်၏ အမြောက်တင်ယာဉ် တချို့။

အာဏာမသိမ်းခင်က အင်အား ၂ သိန်းရှိတဲ့ မြန်မာစစ်တပ်ဟာ လက်တလောမှာ အင်အား ၁ သိန်းခွဲဝန်းကျင်သာရှိတော့ပြီး တိုက်ခိုက်ရေးအင်အားက ၇ သောင်းကျော်သာရှိတော့တယ်လို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ - USIP ရဲ့ ဧည့်သုတေသီ ရဲမျိုးဟိန်းကလည်း ဒီနှစ် မေလထုတ်ဆောင်းပါးမှာ ခန့်မှန်းထားပါတယ်။ 

ခုလို ရှေ့တန်းမှာ အင်အားပြုန်းတီးမှုတွေ သိသိသာများလာတဲ့အခါ တော်လှန်ရေးအင်အားစုတွေကို အပြုတ်တိုက်မယ်လို့ ကြွေးကြော်ထားတဲ့ မင်းအောင်လှိုင်ဟာ လက်ရုံးတပ်သားတွေကို တိုက်ခိုက်ရေးတပ်သားတွေအဖြစ် ရှေ့တန်းစစ်မျက်နှာကိုစေလွှတ်ပြီး တိုက်ပွဲဝင်ခိုင်းနေတာဖြစ်တယ်လို့  တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ခုလို လုံခြုံရေးတာဝန်တောင် မထမ်းဆောင်ဖူးတဲ့ ကပစတပ်သားတွေအပါအဝင် လက်ရုံးအထိုင်တပ်သားတွေကို ရှေ့တန်းမှာ တိုက်ပွဲဝင်ခိုင်းတဲ့အခါ တိုက်ခိုက်ရေးစွမ်းရည်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံလာရနိုင်ပြီး အင်အားပြုန်းတီးမှုနဲ့ တပ်ကိုစွန့်ခွာထွက်ပြေးတာတွေ ပိုများလာနိုင်တယ်လို့  CDM တပ်မတော်သား ဗိုလ်ကြီးထက်မြက်က ပြောပါတယ်။

ပြီးတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က လက်ရုံးတပ်တွေကို တိုက်ခိုက်ရေးတပ်သားတွေ အဖြစ်အသုံးပြုနေတဲ့အပေါ်  သူက အခုလို သုံးသပ်ပြောဆိုပါတယ်။ 

“ဘယ်လောက်တောင်သွေးပျက်မလဲ တွေးကြည့်လို့ရပါတယ်။ သူတို့မိသားစုကလည်း ဒီလိုအခြေအနေကို လက်ခံလို့ရမှာ မဟုတ်ဘူး။ ဒီလိုစစ်သားတွေကို စစ်ဆင်ရေးကိုပို့တာ အရင်က ၁၀ ယောက်သေတဲ့နေရာမှာ အယောက် ၁၀၀ သေဖို့ဖြစ်လာတာပဲဗျ။ အကြမ်းဖက်စစ်တပ်က ခုလိုလုပ်လေ သေမှာကြောက်ပြီးတော့ ထွက်ပြေးတဲ့ စစ်သားမိသားစုတွေ ပိုပိုများလာမှာပဲဗျ''

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ကောင်စီ #လက်ရုံးတပ် #ကပစ #တိုက်ခိုက်ရေး #စစ်ဆင်ရေး #စေလွှတ်ခံရ #အင်အားပြုန်းတီး #တိုက်ပွဲ #အာဏာသိမ်း #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10