လသားကလေးမိခင်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းထားတဲ့ ဆားလင်းကြီးပလဖကို ဒေသခံတွေဆန္ဒပြ

လသားကလေးမိခင်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းထားတဲ့ ဆားလင်းကြီးပလဖကို ဒေသခံတွေဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ပလဖ အသစ်ပြောင်းပေးဖို့ ကျေးရွာ ၅ ရွာက ဒေသခံတွေပူးပေါင်းပြီး မတ်လ ၈ ရက် ဒီနေ့ နေ့လယ် ၁ နာရီကနေ ၄ နာရီအထိ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆားလင်းကြီးနယ်က နေအိမ်တွေမီးရှို့ဖျက်ဆီးခံထားရတဲ့ ပြည်သူတွေဟာ နေထိုင်စားသောက်ဖို့ခက်ခဲလာတာကြောင့် မတ် ၅ ရက်က ဆားလင်းကြီးမြို့အထွက် စက်မှု (၁) (ယခင်က စစ်ကောင်စီအထိုင်ချထားတဲ့နေရာ) စက်ရုံထဲကနေ သံတိုသံစတွေနဲ့ အခြားစက်ပစ္စည်းတွေကို ရောင်းချဖို့အတွက် သွားရောက်ယူဆောင်ချိန် ဖမ်းဆီးခံလိုက် ရပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေကို ပြန်ထုတ်ပေးဖို့တောင်းဆိုတဲ့အခါ မထုတ်ပေးတဲ့အပြင် ဖမ်းဆီးထားတဲ့သူတွေကို တွင်းတူးခိုင်းတာမျိုး၊ တွင်းတူးတဲ့အချိန်သီချင်းဆိုတဲ့ ပြည်သူတွေကို ရိုက်နှက်တာမျိုးတွေလုပ်ဆောင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

“ပြည်သူတွေ အဲလိုလုပ်တတ်ဖို့ သူတို့ကအရင်ရှေ့က လုပ်ပြတာလေ။ အခုလည်း အဲဒီစက်ရုံထဲမှာ သူတို့ယူပြီးသားအကျန်တွေကို သွားယူတာကို ဖမ်းတယ်။ ပြန်လည်းမလွှတ်ပေးဘူး၊ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ကျမတို့ပြည်သူတွေက သူတို့ကို ၃ နှစ်ကျော်တဲ့အထိ လက်နက်တွေဝယ်ဖို့ထောက်ပံ့ပေးခဲ့တယ်။ အခုကျမတို့တွေ လုံးဝကိုငတ်ပြတ်နေလို့ သူတို့ယူပြီးသားအကျန်တွေကို သွားယူတာကိုဖမ်းတယ်။ သူတို့က စစ်**တွေထက်တောင်ဆိုးနေပြီလို့ ခံစားရတယ်” လို့ အမည်မဖော်လိုတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ၄ လသားအရွယ်ကလေးရဲ့ မိခင်နဲ့ ဖခင်လည်း ပါဝင်တဲ့အတွက် ရက်ရှည်လာရင် မိခင်နဲ့ အိမ်မှာကျန်ရစ်တဲ့ကလေး ကျန်းမာရေးတခုခုဖြစ်မှာကို စိုးရိမ်လို့ ဖမ်းဆီးထားတာကိုပြန်လွှတ်ပေးဖို့ ဒဏ်ကြေးပေးဆောင်ရမည်ဆိုရင်လည်း ပေးဆောင်မည်ဖြစ်ကြောင်း သွားရောက်ပြောဆိုခဲ့ပေမယ့် ဒီနေ့အထိ ပြန်လည်လွှတ်ပေးတာမျိုး မရှိဘူးလို့ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ပြည်သူတွေကို  ၁ ဦးလျှင် ဒဏ်ကြေး ၃ သိန်းပေးရမယ်လို့ ပြောဆိုခဲ့တဲ့အတွက် ပြည်သူတွေဟာ ငွေချေးငှားပြီး သွားရောက်ရွေးတဲ့အခါမှာလည်း လက်မခံတဲ့အပြင် ဖမ်းဆီးထားတဲ့ပြည်သူတွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။

“ဖမ်းတာကိုကျနော်တို့က အပြစ်မပြောဘူး။ လူတွေ့ခွင့်လည်းမရှိဘူး သွားထုတ်တော့လည်း ထုတ်မပေးဘူး။ ဟိုလူ့ကိုလွှဲချ သည်လူ့လွှဲချဆိုတာမျိုးပဲပြောတယ်။ အဲဒီစက်မှု(၁)မှာ အစောင့်တွေရှိတယ်။ အဲဒီအစောင့်တွေနဲ့ တချို့လူတွေ ပေါင်းထုတ်နေကြတာ။ ပေါင်းထုတ်တာကို ပြည်သူတွေက သိတော့ဝင်ယူတာ အဲဒါကိုဖမ်းတယ် ” လို့ နောက်ထပ်အမည်မဖော်လိုတဲ့ အမျိုးသားတဦးက ပြောပါတယ်။

အခုဆိုဖမ်းဆီးခံထားရတဲ့ပြည်သူ ၄၀ ကျော်ဝန်းကျင်ရှိပြီး ဆားလင်းကြီးမြို့နယ်၊ ဘောဂရွာ၊ လက်ပံကျွန်းရွာ၊ ဆားထုံးရွာ၊ တောကျောင်းရွာ အစရှိတဲ့ကျေးရွာ ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကလည်း အဲဒီပလဖကို မကြိုက်တဲ့အတွက် ဒေသခံပြည်သူတွေက ပလဖ အသစ်ပြောင်းပေးဖို့ဆန္ဒပြ တောင်းဆိုခဲ့ကြပေမယ့် ဒီနေ့အထိ ပြောင်းလဲပေးတာမျိုးတွေမရှိဘူးလို့လည်း ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ဒေသခံပြည်သူလူထု #ဖမ်းဆီးခံရ #ပလဖ #အမျိုးသမီး #ကလေးသူငယ် #မိခင်နဲ့ကလေး #နှိပ်စက်မှု #ဆန္ဒဖော်ထုတ် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10