"လူတယောက် ကျည်တထောင့်မှန်မှ ဖြစ်မယ်ဆိုတဲ့ အသေခံရဲမေ" (အမျိုးသမီးကဏ္ဍ)

ပုလဲနယ်က အသက် ၂၆ နှစ်အရွယ် မေသူဆိုတဲ့ အမျိုးသမီးဟာ စစ်ကိုင်းတိုင်းထဲမှာ  စစ်ကောင်စီက အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတာတွေကို တွေးကြောက်ပြီး ထွက်ပြေးနေမယ့်အစား တော်လှန်ရေးမှာ တထောင့်တနေရာကနေ ဝင်ပါမယ်လို့ ဆုံးဖြတ်ချက်နဲ့ ၂၀၂၂ ခုနှစ် မှာ စစ်ကိုင်းတိုင်းအခြေစိုက် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ထဲကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ထဲကို ရောက်ကာစမှာ မိန်းကလေးဖြစ်နေတဲ့အတွက် လက်နက်ကိုင်တိုက်ခိုက်ရေးတွေ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ကဲ့ရဲ့သံတွေနဲ့ နေရေးစားရေးကအစ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် မကြာခင်မှာပဲ ဒါတွေကို မေသူဟာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ စိတ်အားငယ်တဲ့အချိန်တွေမှာဆိုရင် ငါ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတာပဲ။ ငါတော်လှန်ရေး မပြီးမချင်း အရှုံးမပေးနိုင်ဘူး ဆိုပြီး စိတ်အားတင်းပြီး ကျော်လွှားခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

မကြာသေးမီ လပိုင်းမှာပဲ သခင်ဒေါင်းညိုအဖွဲ့က အသေခံ အထူးကွန်မန်ဒို တပ်သား ၂၂ ဦးကို ရွေးထုတ်လိုက်ရာမှာ မေသူလည်း တဦးပါဝင်ခဲ့ပါတယ်။ အထူးကွန်မန်ဒို စစ်ပညာရပ်တွေကို တောထဲမှာ ၃ လတာအတွင်း ပင်ပင်ပန်းပန်း လေ့ကျင့်သင်ယူပြီးနောက် အဖွဲ့အတွက် အထူးကွန်မန်ဒို ရဲမေဖြစ်လာခဲ့တာပါ။ ဒီအတွက် မေသူဟာ ယုံကြည်မှုအပြည့် ရှိနေပြီး သူ့ကိုယ်သူလည်း အသေခံရဲမေလို့လည်း ခံယူထားတာပါ။ 

အသေခံရဲမေ ဖြစ်လာပေမယ့် အခုအချိန်အထိ အိမ်ကိုအသိမပေးထားသလို သူ တော်လှန်ရေး နယ်မြေထဲရောက်လာကတည်းက အိမ်နဲ့ အဆက်အသွယ်မလုပ်ဘဲ နေလာခဲ့တာလည်း အခုဆိုရင်  ၁ နှစ်ကျော်နေပြီ ဖြစ်ပါတယ်။ ဘဝတခုလုံးကို တော်လှန်ရေးမှာ နှစ်မြှုပ်ထားတဲ့ မေသူတယောက် စစ်ကောင်စီကို တိုက်ခိုက်ချင်တဲ့စိတ်သာ ကိန်းအောင်းနေပြီး တိုက်ပွဲတွေအတွက် သူ့ဘက်က အဆင်သင့် ဖြစ်နေပေမယ့် တိုက်ပွဲတွေမှာ ကျည်မလုံလောက်တာကတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုပြန်တယ်။

စစ်ကောင်စီကို ကြောက်လို့ပြေးနေမယ့်အစား လက်နက်ကိုင်တိုက်ပြီး သေပွဲဝင်တာက ပိုမြတ်တယ်လို့ ဆုံးဖြတ်ထားတဲ့ ပုလဲနယ်သူတယောက် ပြည်သူတွေအတွက် အရေးကြုံလာရင် အထူးကွန်မန်ဒိုတပ်သား တဖြစ်လဲ အသေခံရဲမေတယောက်ဖြစ်ပြီး တိုက်ပွဲထဲ သေခဲ့မယ်ဆိုရင်တောင် သူ့အနေနဲ့ လိပ်ပြာသန့်တယ်တယ်လို့  ခံယူထားသူပါ။ တော်လှန်ရေးပြီးလို့ အသက်မသေခဲ့ရင်တော့ သူ့ဘဝကို သာမန်လူငယ်တယောက်လိုပဲ အေးအေးလူလူ ဖြတ်သန်းသွားမယ်လို့ စိတ်ကူးရှိနေတာလည်း ဖြစ်ပါတယ်။

အင်တာဗျူး - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ 

#အမျိုးသမီးကဏ္ဍ #ရုပ်သံ #ပုလဲ #အသေခံတပ်သား #ရဲမေ #သခင်ဒေါင်းညိုပြောက်ကျား #တော်လှန်ရေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10