လူသေဆုံးမှုများလာနေတဲ့ ကမ္ဘာ့အပူဆုံး မြန်မာမြို့တွေမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

ကမ္ဘာ့အပူဆုံးမြို့စာရင်းတွေမှာ ဆက်တိုက်ရှိနေတဲ့ မြန်မာနိုင်ငံက မြို့တွေမှာ အပူရှိန်ကြောင့် လူသေဆုံးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။ 

ဧပြီလ ၂၅ ရက်ကနေ့ ယနေ့ ၂၉ ရက်နေ့အထိ မကွေးတိုင်းထဲမှာ အပူချိန်မြင့်မားလို့ သေဆုံးသူ ၁၂ ဦးထိရှိလာနေပြီး မြေပြင်အခြေအနေအရ ဒီထက်ပိုနေသလို မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံဒေသမှာလည်း သက်ကြီးရွယ်အို သေဆုံးတာတွေရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်ဟာ ကမ္ဘာ့အပူဆုံးမြို့အဖြစ် ထိပ်ဆုံးကို ပြန်ရောက်လာတာ ၂ ရက်ဆက်လာပြီဖြစ်ပြီး ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ နဲ့ ယနေ့ ဧပြီလ ၂၉ ရက်နေ့တွေမှာ နေ့အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်ကျော်မှာ ရှိနေတယ်လို့ ElDorado Weather Site က  ထုတ်ပြန်ပါတယ်။

အပူချိန်မြင့်တက်နေလာတာနဲ့အမျှ သက်ကြီးရွယ်အိုသေဆုံးမှုတွေ ရှိလာပြီး ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် ၁ ရက်တည်းမှာပဲ လူ ၆ ဦးကို မြို့ခံနာရေးကူညီမှုအသင်းက သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ မြို့ခံအမျိုးသားတဦးကပြောပါတယ်။

"အရွယ်လွန်တွေ တိမ်းပါးကြတယ်။ ကြာသပတေးနေ့မှာ မြို့ခံနာရေးကူညီမှုအသင်းက ၆ ယောက် သင်္ဂြိုဟ်ပေးရတယ်။ နောက်နေ့မှာအကောင့်တခုက တနေ့တည်းအပူရှပ်တာ ၃၀ ကျော်ရှိတယ်လို့ တင်ပြန်တယ်။" လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

မြို့ပေါ်မှာတော့ အပူရှောင်စခန်းတည်ဆောက်ပေးတာနဲ့ အပူချိန်ပြင်းထန်မှုအတွက် သတိပေးတာမျိုးတွေလည်း မလုပ်ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

"အရင်နှစ်က ဒီလောက်မပူခဲ့ဘူး။ ကိုယ့်အိမ်မှာပဲ မြေကြီးပေါ်ရေဖျန်း စောင်တွေအဝတ်စိုတွေကာရပြီး နေနေကြရတယ်။ တချို့လည်း အရိပ်အောက်သစ်ပင်အောက်မှာ စုနေကြရတယ်။ ကလေးတွေထိခိုက်ခံရတာတော့ မကြားမိသေးဘူး" လို့ မြို့ခံတဦးကဆိုပါတယ်။

အပူချိန်မြင့်တက်နေပေမယ့် လူနေရပ်ကွက်နဲ့ အစွန်အဖျားရွာတွေဘက်မှာ မီးပေးမှုမမှန်ဘဲ ရေနံလိုင်းအိမ်ယာတွေဘက်မှာတော့ မီးအမြဲလာနေတယ်လို့ ပြောပါတယ်။

အလားတူ ကမ္ဘာ့အပူဆုံး နံပါတ် ၂ နေရာမှာ ရှိနေတဲ့ မကွေးမြို့မှာလည်း ဧပြီလ ၂၈ ရက်နေ့မှာ ၄ ဦး နဲ့ ယနေ့ ဧပြီလ ၂၉ ရက်နေ့မှာ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ 

"ခုတ​လောအပူရှိန်များတော့ လူတွေက အပူရှပ်လက္ခဏာတွေနဲ့ သေဆုံးတာတွေဆက်တိုက်ရှိနေတယ်။ ဥပမာ ဦးနှောက်သွေးကြောပြတ်သေဆုံးတာမျိုးတွေပိုများတယ်။ အချို့က ဆေးရုံရောက်မှသေသလို အချိုကနေအိမ်မှာတင်သေဆုံးတာတွေရှိတယ်" လို့ ဒေသခံ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

အပူဒဏ်ကြောင့် သေဆုံးသူ ၆ ဦးထဲမှာ အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၄ ဦးပါဝင်ပြီး အသက် အငယ်ဆုံး ၂၄ နှစ်ကနေ အသက်အကြီးဆုံး ၇၀ နှစ်ကျော်ထိပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေပြင်မှာ အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက်က ယခုထက်ပိုနိုင်ပြီးဆေးရုံတက်ရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ထို့အတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသမှာဆိုရင် နေ့အပူအချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထိရှိနေပြီး အပူချိန်မြင့်မား(Heat stroke)ရာကနေ သတိလစ်မူးလဲတာတွေနဲ့ သေဆုံးမှုတွေထိ သက်ကြီးရွယ်အိုတွေ ဖြစ်နေတယ်လို့ ပုဂံမြို့ခံတွေက ပြောပါတယ်။

"ဒီရက်ထဲမှာ တနေ့တယောက်လောက်ကို ဆုံးနေတာ။ လူကြီးတွေ သေကြတယ်။ အပူချိန်ပြင်းတော့ လူကြီးပိုင်းတွေ ပိုပြီးနေရခက်ကြတယ်။ မနက်လင်းကတည်းက မြေကြီးကိုရေရွှဲအောင်ဖျန်းပေးထားတာ နေရတာ သက်သာသေးတာပေါ့။ စိတ်ကတော့ မလန်းဆန်းဘူးပေါ့။ အလိုလိုဒေါသတွေကြီးနေတာ ညကျမီးမလာ၊ ငရဲပါပဲ။" လို့ ပုဂံမြို့ခံတဦးကပြောပါတယ်။

အပူချိန်မြင့်မားနေပေမယ့်လည်း ပုဂံဒေသကို လျှပ်စစ်မီးတနေ့ကို အများဆုံး ၄ နာရီသာပေးထားပြီး အချိန်မှန်ပေးတာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ 

"ပါဝါဘန့်တွေ၊ ဖုန်းတွေလည်း အားသွင်းလို့မနိုင်တော့ဘူး။ ဆီကြိတ်စားတဲ့လူတွေလည်း အလုပ်ကိုင် မဖြစ်လို့ ဘာလုပ်စားရမှန်းတောင် မသိတော့ဘူး" လို့ မြို့ခံတဦး ကပြောပါတယ်။

ဒါအပြင် အပူချိန်မြင့်မားတာကို သတိပေးတာ အပူရှောင်နေရာတွေ စီမံပေးတာမျိုးမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုလည်း မပေးထားဘူးလို့ မြို့ခံတွေက ပြောပါတယ်။ 

ဘုရားစေတီနဲ့ နီးစပ်ရာနေထိုင်သူတချို့ကတော့ ဘုရားဝန်းတွေထဲမှာ အပူရှောင်ကြတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

"အပူချိန်ကတော့ ကမ္ဘာမှာတောင်စံချိန်တင်တဲ့နေရာတွေဆိုတော့ အရမ်းပူတယ်။ မနက်ဆယ်နာရီလောက်ကနေ ခြောက်နာရီလောက်ထိ အပူဒဏ်မကျဘူး။ နေစရာ မရှိဘူး ထိုင်တဲ့ခုံတွေတောင်ပူတော့လေ။ မီးက လေးနာရီတခါလို့ပြောပေမယ့် ပေးချင်သလိုပေးနေတယ်ပြောရမယ်။ လူကြီးတချို့သေကြတယ် ဘယ်လိုနေကြလဲဆိုတော့ ဖြစ်သလိုကြည့်ကျတ်နေရတာပါပဲ" လို့ ပုဂံမြို့ခံအမျိုးသမီးတဦး ကပြောပါတယ်။

ဧပြီ ၂၇ ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံမှာ အပူဒဏ်ပိုမိုမြင့်မားလာမှုကို ခံစားရနိုင်ပြီး အဲဒီထဲကမှ မကွေးတိုင်းမှာ ၄၄ နဲ့ ၄၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းမှာ ၄၁ နဲ့ ၄၃ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်ကြားမှာ အပူချိန်ရှိနေမယ်လို့ မိုးလေဝသပညာရှင်တွေက ထုတ်ပြန် အသိပေးထားပါတယ်။

ElDorado Weather Site ရဲ့ ယနေ့ ဧပြီ ၂၉ရက်နေ့ထုတ်ပြန်ချက်အရ မင်းဘူးနဲ့စစ်ကိုင်းမန္တလေး၊ မုံရွာ တို့မှာလည်း အပူချိန်စံချိန်တင်မြင့်တက်နေပြီး ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းမှာရှိနေဆဲပါ။

အပူချိန်မြင့်မားနေတဲ့အချိန်မျိုးတွေမှာ အပြင်မထွက်ဖို့၊ အပြင်ထွက်ဖို့လိုအပ်ပါကလည်း နေရောင်ခြည်တိုက်ရိုက်မထိတွေ့နိုင်ဖို့ ထီး၊ ဦးထုပ်ဆောင်းဖို့၊ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားအရောင်ဖျော့ဖျော့ဝတ်ဖို့၊ ရေများများသောက်ဖို့၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာ၊ ရေဖျန်းတာတွေမလုပ်ဖို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူတွေကို မကြာခဏစောင့်ကြည့်သတိထားဖို့၊ လေဝင်လေထွက် ကောင်းမွန်တဲ့နေရာတွေမှာ နေထိုင်ဖို့ လိုအပ်တယ်လို့ CDM ကျန်းမာရေးဆရာမတဦးက သတိပေးပြောကြားပါတယ်။

ဒါ့အပြင် အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ်မူးလဲတာ၊ ကြွက်တက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာပါက တတ်ကျွမ်းတဲ့သူတွေနဲ့ ကျန်းမာရေးအသိရှိသူတွေက ရှေးဦးသူနာပြုစုနည်းတွေ ပြုလုပ်ပေးပြီး‌ ဆေးရုံဆေးခန်းနီးပါက အမြန်ဆုံးသွားကြဖို့၊ တက်စာနဲ့ သွေးတိုးစာတွေကို ရှောင်ကျဉ်ဖို့နဲ့ ရေခဲရေတွေကို အပူချိန်တအားမြင့်တက်နေချိန်မျိုးမှာ သောက်တာတွေ ရှောင်ကျဉ်ဖို့ကို ပြောပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

#ကမ္ဘာ့အပူဆုံး #မြန်မာ #အညာ #နေ့အပူချိန် #အညာ #လူသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10