လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာကဆေးခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အဦတွေနဲ့ ဆေးဝါးတွေ ပျက်စီးဆုံးရှုံးကုန်တယ်လို့ ကောလင်းမြို့နယ်ပကဖဆီက သိရပါတယ်။

အဲဒီဆေးရုံဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုသမှုပေးနေတဲ့ ဆေးရုံဖြစ်ပြီး ပျက်စီးခဲ့ပြီးနောက် လက်ရှိမှာ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ဒီဆေးရုံကို ကောလင်းကိုစပြီးသိမ်းကတည်းက သူတို့(စကစ)က အငြှိုးထားခဲ့တာ။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတုန်းမို့ ဆေးကုသဖို့အတွက် ဆေးဝါးတွေလိုအပ်နေပါတယ်" လို့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်က ပြောပါတယ်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်နိုင်ပြီးနောက် ဖေဖော်ဝါရီ ၉ ရက်မှာ ကောလင်းမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ကုက္ကိုကုန်းကျေးရွာကဆေးခန်းကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ 

ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်ထားနိုင်ပေမယ့် မြို့အရှေ့ဘက် ၁၂ မိုင်အကွာက စစ်ကောင်စီတပ်စွဲထားတဲ့ သစ်ဖုလတောင်အခြေစိုက်စခန်းသိမ်းတိုက်ပွဲနဲ့  မြို့အနောက်ခြမ်းက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ကလည်း နေ့စဥ်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

"၂၃ရက်နေ့က သစ်ဖုလစခန်းသိမ်းတိုက်ပွဲမှာ စကစထောင်ထားတဲ့မိုင်းမိပြီး PDFဖက်က အနည်းငယ်ဒဏ်ရာရတာတော့ရှိတယ်"လို့ မြို့နယ်ပကဖအဖွဲ့ဝင်က ပြောပါတယ်။

ဆေးရုံအတွက်လှူဒါန်းလိုသူပြည်သူများအနေနဲ့ ကောလင်းခရိုင်တပ်ရင်း ၁ ရဲ့ ဖေ့ဘုတ်ကနေ ဆေးရုံအတွက်လို့ပြောပြီး ကူညီလှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ကောလင်း #ကျေးလက်ဆေးပေးခန်း #တော်လှန်ရေးအင်အားစု #ကျန်းမာရေး #လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10