လောက်ကိုင်ပြန်တွေထဲက တပ်တွေကိုပြန်ရောက်မလာသူများနေ၊ ပြန်ရောက်လာသူတွေကိုလည်း ရှမ်းမြောက်တပ်တွေဆီပြန်ပို့နေကာ အရေးယူမှုနဲ့ပတ်သက်ပြီး အတိကျမသိရဟုဆို

လောက်ကိုင်ပြန်တွေထဲက တပ်တွေကိုပြန်ရောက်မလာသူများနေ၊ ပြန်ရောက်လာသူတွေကိုလည်း ရှမ်းမြောက်တပ်တွေဆီပြန်ပို့နေကာ အရေးယူမှုနဲ့ပတ်သက်ပြီး အတိကျမသိရဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ကနေ လက်နက်ချပြီး ပြန်ရောက်လာတဲ့စစ်သားတွေကို လားရှိုးမြို့ပေါ်တပ်ရင်းတွေအပါအဝင် ရှမ်းမြောက်ဒေသ လက်ကျန်မြို့တွေက တပ်ရင်းတွေကို ဖြန့်ခွဲပို့ဆောင်နေတယ်လို့ တပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

လက်နက်ချပြီးပြန်လာတဲ့ စစ်ကောင်စီတပ်အရာရှိ၊စစ်သည်တွေကို နီးစပ်ရာတပ်ကိုသတင်းပို့ဖို့ ညွှန်ကြားထားပြီး အဲ့ဒီကနေတဆင့် ရှမ်းမြောက်ဒေသအတွင်းရှိ အင်အားလိုအပ်ချက်ရှိတဲ့ တပ်/စခန်းတွေကို ပြန်လည်ပို့ဆောင်နေတာလို့ ဆိုပါတယ်။

" ရက်တပတ်လောက်ပဲ အချိန်ပေးတယ်။ သက်ဆိုင်ရာတပ်ရင်းတွေဆီကို ပြန်ဝင်ခိုင်းထားတာ။ ပျောက်နေတဲ့သူတွေက အများကြီးပဲ။ ရောက်လာတဲ့သူတွေလည်း အကုန်စိတ်ဓာတ်ကျနေကြတယ်" လို့  ရှမ်းမြောက်ဒေသရှိ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးတဦးက ပြောပါတယ်။

ဇန်နဝါရီလဆန်းပိုင်းမှာ ကိုးကန့်ဒေသရှိ ဒကစ(လောက်ကိုင်) လက်နက်ချအညံ့ခံပြီးတဲ့နောက် ကိုးကန့်ဒေသ ယာယီအုပ်ချုပ်ရေးမှူး၊ လောက်ကိုင် ဒကစမှူး အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦးကို မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ကာ လောက်ကိုင်ဒေသရှိ လက်အောက်အရာရှိ၊ စစ်သည်၊ မိသားစု ၄,၀၀၀ ဝန်းကျင်ဟာလည်း လောက်ကိုင်ဒေသကနေ ထွက်ခွာလာခဲ့ရတာပါ။

လက်နက်ချခဲ့သူတွေထဲက ပြန်ရောက်လာသူတွေအနေနဲ့ ရှမ်းမြောက်ဘက်တပ်တွေကို ပြန်လည်ဝင်ရောက်နေရတာဖြစ်ပြီး လောက်ကိုင်ကနေ ထွက်ခွာလာပြီးတဲ့နောက် သက်ဆိုင်ရာတပ်ရင်းတွေကိုပြန်မလာဘဲ ထွက်ပြေးပျောက်ဆုံးနေသူတွေလည်း အများအပြားရှိတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က လောက်ကိုင်မှာစစ်ရှုံးပြီးပြန်လာတဲ့ အရာရှိ၊စစ်သည်တွေအားလုံးကို ယခုလိုပြန်ခေါ်ထားပေမယ့် ၎င်းတို့အပေါ်အရေးယူ၊မယူ ဆိုတာကို တိတိကျကျမကြေညာထားဘူးလို့ သိရပါတယ်။

" လက်နက်တွေက ပြန်ပါမလာဘူးလေ။ ဟိုမှာအကုန်ဖျက်ဆီးခဲ့ရတယ်။ အဲ့ဒီအတွက် အရေးယူခံရမယ်ထင်တယ်။ အရေးယူမှာဆိုရင် ချက်ချင်းအရေးယူစေချင်တာ။ အခုက အဲ့လိုမဟုတ်ဘူး၊ ဒါတွေပြီးမှ အရေးယူမယ်ထင်တယ်။ ထုချေလွှာတွေတော့ တင်ထားရတယ်" လို့ လောက်ကိုင်ပြန်ကနေပြန်ဝင်လာတဲ့ တိုက်ခိုက်ရေးအရာရှိတဦးက ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်အဖွဲ့တွေအကြား ဇန်နဝါရီ ၁၁ ရက်ကစတင်ကာ အပစ်အခတ်ရပ်စဲထားပေမယ့် နယ်မြေအခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ အခုလကုန်အထိ ရှမ်းမြောက်လက်ကျန်တပ်ရင်းတွေမှာ အင်အားဖြည့်တင်းတာနဲ့ပြင်ဆင်မှုတွေပြုလုပ်ခိုင်းထားတယ်လို့ တပ်အသိုင်းဝိုင်းထံက သိရပါတယ်။

ပုံစာ - လောက်ကိုင်ဒကစ နှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားပြုလုပ်နေပုံအား တွေ့ရစဉ်(ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ရှမ်းမြောက်ဒေသ #လောက်ကိုင် #စစ်ကောင်စီတပ် #ပို့ဆောင်မှု #ထွက်ပြေးသူ #များပြား #တပ်ပျက် #အရေးယူမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10