ဝက်လက်က စစ်ရှောင်ဒေသခံတွေ ရိက္ခာပြတ်နေတာကြောင့် အရေးပေါ်အကူအညီလိုအပ်နေ

ဝက်လက်က စစ်ရှောင်ဒေသခံတွေ ရိက္ခာပြတ်နေတာကြောင့် အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျီးကန်တောင်ရွာနဲ့ ကျီးကန်မြောက်ရွာ ဒေသခံတွေဟာ စစ်ရှောင်နေရတာ တပတ်ကျော်ကြာလာတဲ့အခါ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရပြီး အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကျီးကန်ကျေးရွာပအဖက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ရွှေပန်းကုန်းကျေးရွာရဲစခန်းသိမ်းတိုက်ပွဲကတည်းက ကျီးကန်တောင်ရွာနဲ့ မြောက်ရွာမှ ဒေသခံ ၂,၀၀၀ လောက်ဟာ စစ်ဘေးရှောင်နေရပြီး အခုအခါမှာ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတာဖြစ်တယ်လို့ ကျီးကန်ကျေးရွာပအဖက ဆိုပါတယ်။ 

"လူအင်အားများတော့ ဘေးရွာတွေကလည်း ကျွေးဖို့ အခက်အခဲဖြစ်လာတယ်။ ရှောင်တဲ့ရက်ကလည်း ကြာလာတော့ စားစရာပြတ်သွားတာ" လို့ ပအဖခေါင်းဆောင်က ပြောပါတယ်။

ရွှေပန်းကုန်းကျေးရွာရဲစခန်းကို သိမ်းပြီးနောက်စစ်တပ်က ရွှေဘိုမြို့ကနေ လှတောရဲစခန်းကိုအင်အား ၁၃၀ လောက် ထပ်တိုးခဲ့ပြီး ရွှေပန်းကုန်းကျေးရွာရဲစခန်းကို အထိုင်ချဖို့ ထပ်မံကြိုးစားခဲ့တာကြောင့် နိုဝင်ဘာ ၂၄ ရက်က ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ 

အဲ့ဒီတပ်က အထိနာပြီး ရွှေဘိုမြို့ကို တပ်ပြန်ဆုတ်ဖို့ကြိုးစားပေမယ့် ကာကွယ်ရေးတပ်တွေက လမ်းတွေပိတ်ထားတာမို့ ဒီနေ့အထိ လှတောရဲစခန်းထဲမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

လှတောရဲစခန်းနဲ့ ကျီးကန်မြောက်ရွာဟာ မိုင်ဝက်လောက်သာဝေးတယ်လို့ သိရပါတယ်။

"လှတောရဲစခန်းကနေ ညဘက်ဆိုရင် ကျွန်တော်တို့ရွာဘက်ကို လှမ်းလှမ်းပစ်တယ်။ အခုထိ ရွာထဲပြန်ဝင်လို့ မရသေးဘူး" လို့ ကျေးရွာပအဖခေါင်းဆောင်က ပြောပါတယ်။

စစ်ရှောင်တွေကို ကူညီထောက်ပံ့လိုတဲ့သူတွေအနေနဲ့ ဝက်လက်မြို့နယ်အတွင်းကထောက်ပို့အဖွဲ့အစည်းတွေကို ကျီးကန်စစ်ရှောင်များအတွက် ထောက်ပံ့ပေးရန်ဟုပြောကာ ကူညီနိုင်တယ်လို့ ဆိုပါတယ်။ 

သြဂုတ် ၂၆ ရက်ကလည်း ကျီးကန်မြောက်ရွာက မရွှေမန်းသူကို စစ်တပ်က ဖခင်ဖြစ်သူရှေ့မှာပင် မုဒိန်းကျင့် သတ်ဖြတ်ခဲ့ပြီး မရွှေမန်းသူဖခင်အပါအဝင် စုစုပေါင်း ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ပုံစာ - ကျီးကန်ကတိုက်ပွဲကြောင့်ပိတ်ထားရသည့် ဝက်လက်-ရွှေဘိုကားလမ်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ကျီးကန်တောင်ရွာ #ကျီးကန်မြောက်ရွာ #ရိက္ခာပြတ် #ရွှေပန်းကုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10