ဝက်လက်က အမျိုးသမီးငယ်ကို PDF က သေနတ်နဲ့ပစ်သတ်ခဲ့မှု မိခင်ဖြစ်သူ NUGထံ တိုင်ကြား

ဝက်လက်က အမျိုးသမီးငယ်ကို PDF က သေနတ်နဲ့ပစ်သတ်ခဲ့မှု မိခင်ဖြစ်သူ NUGထံ တိုင်ကြား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောရွာသူ မယုမွန်ထိုက်ကို ဝက်လက် PDF တပ်ရင်း ၂၊ တပ်စိတ်မှူးဖြစ်သူ ကိုပြည့်က သေနတ်နဲ့ပစ်သတ်ခဲ့မှုနဲ့ပတ်သက်ပြီး  NUG အစိုးရထံ မတ်လ ၆ ရက်နေ့စွဲနဲ့ စာပို့တိုင်တန်းထားတယ်လို့ နစ်နာသူရဲ့မိခင်ထံက သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ NUG အစိုးရယာယီသမ္မတအပါအဝင် လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဗဟိုတိုင်ကြားမှုဆိုင်ရာကော်မတီ၊ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကို လိပ်မူပေးပို့တိုင်ကြားထားတာလို့ ဆိုပါတယ်။

"လမ်းပေါ်ဖြစ်ရင်လည်း တော်သေးတယ်။ ဒီလိုရက်ရက်စက်စက်ကြီး အိမ်တိုင်ရာရောက်လာပြီး သတ်သွားတာ။ ငှက်ကလေး၊ ကြက်ကလေးများလို လာပြီးပစ်သတ်သွားတာ။ အဲ့တော့ကျွန်မကလည်း ကျွန်မ သမီးသေသလို သူ့ကိုအသေစားအသေခံကို ကျွန်မရှေ့မှာတင် သတ်စေချင်တယ်" မယုမွန်ထိုက် ရဲ့ မိခင်က ပြောပါတယ်။

သတ်ဖြတ်သွားသူ PDF ရဲဘော် ကိုပြည့်ဟာ အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတပ်ရင်းမှာ အဖမ်းခံခဲ့တယ်လို့ သတင်းသာကြားရပေမယ့် ဆက်လက်ဆောင်ရွက်နေတဲ့အခြေအနေတွေကိုတော့ မယုမွန်ထိုက်ရဲ့မိသားစုဝင်တွေအနေနဲ့ ဘာမှမသိရှိရဘူးလို့ သူကဆိုပါတယ်။

ဝက်လက် PDF ကိုပြည့်က ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းမှာ မယုမွန်ထက်ရဲ့ သခွတ္တောရွာရှိနေအိမ်ကို ရောက်ရှိလာပြီး ၎င်းကိုပြန်မကြိုက်လို့ဆိုကာ မယုမွန်ထိုက်ကို မိဘဆွေမျိုးတွေရှေ့မှာ သေနတ်နဲ့အနီးကပ်ပစ်သတ်ခဲ့တာပါ။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဝက်လက်တပ်ရင်း၂ရဲ့ ဒုတာဝန်ခံ ကိုနေလှိုင်းက ပြစ်မှုကျူးလွန်သူကို စံပြအနေနဲ့အရေးယူသွားမှာဖြစ်ပြီး ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြသွားမယ်လို့ ဖေဖော်ဝါရီ ၂၉ ရက်က  မြေလတ်အသံကို ဖြေကြားထားပါတယ်။

ဖြစ်စဉ်နောက်ဆက်တွဲအခြေအနေတွေကို သိရှိနိုင်ရေး ဝက်လက်တပ်ရင်း ၂ ကို ထပ်မံဆက်သွယ်ပေမယ့် ဆက်သွယ်မရသေးသလို လက်ရှိမှာဝက်လက်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ မန္တလေးမြို့နေ အမျိုးသားစိတ်ခံယူထားသူအမျိုးသမီး(Tomboy)နဲ့ လိင်တူချင်းချစ်ကြိုက်နေသူဖြစ်ပြီး ၎င်းရဲ့ချစ်သူကောင်မလေးကို မိဘတွေရှေ့မှာ လူမဆန်စွာသတ်ဖြတ်သွားတဲ့အတွက် တရားမျှတမှုလိုချင်တယ်လို့ ချစ်သူမိန်းကလေးက ပြောပါတယ်။

ပုံစာ - သေနတ်ဖြင့်ပစ်သတ်ခံရသူ မယုမွန်ထိုက်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #PDF #ပစ်သတ်မှု #နစ်နာသူ #တိုင်ကြားစာပို့ #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10