ဝက်လက်က စစ်အုပ်စုတပ်စွဲရာ နေရာ ၃ ခုတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ဝက်လက်က စစ်အုပ်စုတပ်စွဲရာ နေရာ ၃ ခုတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက စစ်ကောင်စီတပ်သားတွေ စခန်းချတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဒေသခံကာကွယ်ရေးတပ်တွေဖွဲ့တွေက တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ 

ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို ဇန်နဝါရီ ၃ ရက်မနေ့က ည ၈ နာရီကျော်မှာ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ Tiger Brother LPDF က ပြောပါတယ်။

တပ်မ ၃၃မှ စစ်ကောင်စီတပ်သား ၇၀ ကျော် အထိုင်ချတပ်စွဲထားတဲ့ ရွာသာကြီးကျေးရွာရှိ လမ်းဆုံစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဥ် ၃ စီးနဲ့ ဗုံးသီး ၃ လုံးအပြင် ၆၀ မမအလုံး ၄၀ ခန့်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဗုံးသီးက ဘန်ကာထဲကိုတည့်တည့်ကျသွားလို့  ၂ ကောင်ပွဲချင်းပြီးသေတယ်။ သေတာကို ကျနော်တို့ Scout (ကင်းထောက်) ပြောတာ" လို့ Tiger BrotherLPDF ခေါင်းဆောင် ကိုရန်ကြီးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာသာကြီးကျေးရွာမှာ တပ်စွဲနေတာ ၈ လကျော်ရှိနေပြီဖြစ်ပြီး တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်အကြာပြန်ပစ်ခဲ့တယ်လို့ ကိုရန်ကြီးက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ကျားညီနောင် - Tiger Brother LPDF တပ်ဖွဲ့၊ တွေ့မရှောင်၊ MRTF ၊ MMU ၊ NDRF၊ ရွာသာကြီးတိုက်နယ် ပကဖအင်အားစုတို့ ပူးပေါင်းကာလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အလားတူ မနေ့ကနေ့လယ် ၃ နာရီလောက်မှာလည်း ဝက်လက်မြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အမှတ် ၁၈ လင်းယုန်စစ်ကြောင်းနဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်သားနဲ့ရဲ အင်အား ၂၀ ကျော်တပ်စွဲနေတဲ့ ဝက်လက်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မြို့မရဲစခန်းကို 1Kg ဗုံးသီး ၂ လုံး၊ စခန်းနဲ့ မီတာ ၄၀၀ ခန့်ဝေးကာ စစ်ကောင်စီတပ်သား ၁၅ ဦးတပ်စွဲထားတဲ့ ထွေအုပ်ရုံးကို 1Kg ဗုံးသီး ၂ လုံးနဲ့ အဖွဲ့ခွဲပြီး တချိန်တည်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

"အဖွဲ့ခွဲပြီး တပြိုင်တည်းချတာ။ စခန်းထဲနဲ့ရုံးထဲကို ကွက်တိကျတယ်။ ဒါပေမယ့် လုံခြုံရေးတင်းကျပ်တော့ ထိခိုက်သေဆုံးမှုကိုမသိရသေးဘူး"လို့ အမှတ် ၁၈ လင်းယုန်စစ်ကြောင်းမှ ခေါင်းဆောင် ဗိုလ်လင်းယုန်ကပြောပါတယ်။

ဗုံးကြဲပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ အဆိုပါရဲစခန်းနဲ့ ထွေအုပ်ရုံးဘက်ကို ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်က ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဗိုလ်ပျံလွှားအဖွဲ့၊ အလံနီဓါးကြီးအဖွဲ့၊ အမှတ် ၁၇ တောကြီးမြွေပွေးအဖွဲ့နဲ့ အမှတ် ၁၈ လင်းယုန်စစ်ကြောင်းတို့က ပူပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဇွန် ၂၈ ရက်ကလည်း ဝက်လက်မြို့မရဲစခန်းထဲကို တော်လှန်းရေးတပ်ဖွဲ့တွေက ဒရုန်း ၄ စီးနဲ့ ဗုံးသီး ၂၂ လုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဝက်လက်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်စဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #တပ်စခန်း #မြို့မရဲစခန်း #ထွေအုပ်ရုံး #တိုက်ခိုက် #မောင်းသူမဲ့ #လက်နက်ကြီးပစ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10