ဝက်လက်နယ်က စစ်ကောင်စီတပ်စွဲခဲ့တဲ့ကျေးရွာမှာ လူအရိုးစုတွေ တွေ့ရှိ

ဝက်လက်နယ်က စစ်ကောင်စီတပ်စွဲခဲ့တဲ့ကျေးရွာမှာ လူအရိုးစုတွေ တွေ့ရှိ

စစ်ကောင်စီတပ်စွဲခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ကျေးရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံတွေရဲ့အလောင်းတွေနဲ့ မီးရှို့ခံထားရတဲ့ အရိုးစုတွေ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေက စစ်ကိုင်း-ရွှေဘို မီးရထားသံလမ်းဘေးက သုံးဆင့်ကန်ကျေးရွာကို တလခွဲနည်းပါးအကြာ ဝင်ရောက်တပ်စွဲထားပြီးနောက် အောက်တိုဘာ ၁၇ ရက်က ပြန်ထွက်သွားလို့ ဒေသခံကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ ကျေးရွာထဲက မီးရှို့ခံထားရတဲ့ အရိုးတွေနဲ့ သုံးဆင့်ကန်ရွာရဲ့ မြောက်ဘက်က မြေကွက်လပ်တခုမှာ အလောင်း ၂ လောင်းကို တွေ့ခဲ့တာလို့ ဝက်လက်အခြေစိုက် နန်းတက်မင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။


"ရွာထဲက အိမ်တလုံးထဲကိုထည့်ပြီး အလောင်းတွေကို မီးရှို့ထားတာ။ ၃ လောင်းလို့ ခန့်မှန်းရတယ်။ လို့ နန်းတက်မင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇာတ်လိုက်က ပြောပါတယ်။ 

ကျန်တဲ့ အလောင်း ၂ လောင်းမှာ ၁ လောင်းက ဦးခေါင်းခွံအောက်မှာ ဆံပင်တွေ အထွေးလိုက်တွေ့ရတာကြောင့် အမျိုးသမီးလို့ ယူဆရပြီး ကျန်တလောင်းကတော့ ပုဆိုးနဲ့ဖြစ်တာကြောင့် အမျိုးသားဖြစ်ပုံရတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ 

အသတ်ခံထားရတဲ့အလောင်းတွေဟာ ရက်အတော်ကြာနေပြီး လူပုံမပီပြင်တော့ဘူးလို့ ဆိုပါတယ်။


စစ်ကောင်စီတပ်တွေ တပ်စွဲပြီးတဲ့နောက် လွန်ခဲ့တဲ့တလလောက်က ညောင်ပင်ကြီးတောကျေးရွာ ပကဖတဦးနဲ့ သားဖြစ်သူတို့ဟာ လယ်တောကိုအသွားမှာ ဖမ်းဆီးခံခဲ့ရသလို ရေသောက်ကန်ကျေးရွာ CDM ကျောင်းဆရာမ ၁ ဦးနဲ့ ပအဖအမျိုးသားတဦးနဲ့ ၎င်းရဲ့ ညီဖြစ်သူတို့ကိုလည်း ကျေးရွာအနီးမှာပဲ ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ အဲဒီဖမ်းဆီးခံခဲ့ရတဲ့သူတွေရဲ့ အလောင်းတွေဖြစ်နိုင်ပေမယ့် အလောင်းတွေဟာ ရုပ်မပီပြင်တော့တာကြောင့် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကိုင်း-ရွှေဘိုမီးရထားလမ်းကို ပြေးစွဲဖို့ စစ်ကောင်စီတပ်တွေရဲ့ ပြင်ထိန်းရထားနဲ့ ရထားတချို့ဟာ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာအနီးမှာ ရောက်နေပြီး ဒီရထားတွေကို လုံခြုံရေးပေးဖို့ စစ်ကောင်စီခြေလျင်တပ်တွေ လည်းရောက်နေတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အခုတလခွဲနည်းပါးကြာတဲ့အထိ ပေါက်ကန်ဘူတာအနီးမှာ ရထားတွေရပ်ထားရဆဲဖြစ်ပြီး ပြင်ထိန်းရထားဟာ ပေါက်ကန်ဘူတာရဲ့ မြောက်ဘက် ၂ မိုင်ခန့် အကွာက ဝက်လူးအိုင်ဘူတာနဲ့ အသွားအပြန်လုပ်ကာ ရထားလမ်းပြင်ဆင်ရေးတွေလုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက်မြို့နယ် #သုံးဆင့်ကန်ကျေးရွာ #အစုလိုက်အပြုံလိုက် #စစ်ကောင်စီ #ပေါက်ကံဘူတာ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10