ဝက်လက်နယ်အနောက်ခြမ်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းကျော် ထွက်ပြေးနေရ

ဝက်လက်နယ်အနောက်ခြမ်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၀ ရက်ဒီမနက်ပိုင်းကစပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဝက်လက်မြို့နယ်၊ လှတောရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဒီမနက် ၇ နာရီလောက်က စတင် စစ်ကြောင်းထိုးနေတာဖြစ်ပြီးလက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။ 

 “မိုးရွာထဲ ပြေးနေရတာပေါ့။ မနက်ကတည်းက ရွာတဲ့မိုးကလည်း မတိတ်ဘူး။ စွေနေတာ တနေကုန်ရွာမယ့် သဘောပဲ။ စစ်ရှောင်သုံးရွာလောက်ကလည်း အခု ကျနော်တို့ရွာဘက်ကို ပြေးလာကြတယ်။ ကျနော်တို့ရွာနဲ့ စစ်ကြောင်းက သိပ်တော့မဝေးတော့ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။ 

 

ကျီးကန်တောင်ရွာ၊ မြောက်ရွာ၊ အိုးဘုတ်ကုန်း၊ ဥတစ်ကုန်း၊ တကောင်းမင်း၊ စဥ့်မာ၊ ပင်းဇင်း၊ နှောပင် စတဲ့ ကျေးရွာတွေက ဒေသခံသောင်းကျော် တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။ 

လက်ရှိတော့ အဲ့ဒီစစ်ကြောင်းဟာ တကောင်းမင်းကျေးရွာ  ကျေးရွာစာသင်ကျောင်းထဲမှာ ရောက်နေပြီး ဘယ်ကိုဆက်လက် စစ်ကြောင်းထိုးမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်း၊ ရွှေပန်းကုန်းရွာနဲ့ သမားရိုးရွာအနီးမှာ စျေးရောင်းဖို့လာတဲ့ သမာရိုးရွာက အမျိုးသမီး ၇ ဦးကို စစ်ကောင်စီစစ်ကြောင်းတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။ 

 

ပုံစာ - ၂၀၂၃ ခုနှစ်၊ မေလအတွင်း ဝက်လက်မြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးသည့်အတွက် ထွက်ပြေးနေရသည့် ဒေသခံများ။ (ပုံဟောင်း)

 

စာတည်း - လင်း

 

#မြေလတ်အသံ 

#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10