ဝိတုတ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရ ABSDF ရဲဘော် ၁ ဦး ဆေးကုသစဉ်သေဆုံး

ဝိတုတ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရ ABSDF ရဲဘော် ၁ ဦး ဆေးကုသစဉ်သေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကျောင်းသားတပ်မတော်(ABSDF)မှ ရဲဘော် ၁ ဦး ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ကျဆုံးခဲ့သူမှာ ABSDF-တပ်ရင်း ၅၊ တပ်ခွဲ ၂ မှ ရဲဘော်ဝေယံ ၂၇ နှစ်ဖြစ်ပြီး နိုဝင်ဘာ ၃ ရက် ဝိတုတ်တပ်စခန်းသိမ်းတိုက်ပွဲမှာ ကျည်ထိမှန်ခဲ့တဲ့ဒဏ်ရာနဲ့ ဆေးကုသမှုခံယူရင်း နိုဝင်ဘာ ၈ ရက်က ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကျည်က အစာအိမ်နဲ့အူမကို ဖောက်သွားတာ။ ခွဲစိတ်မှုလည်း လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အသက်မရှင်ခဲ့ဘူး" လို့ ABSDF-တပ်ရင်း ၅၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဝေယံရဲ့ စျာပနအခမ်းအနားကို နိုဝင်ဘာ ၉ ရက်မှာ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်မှာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သူက ဆိုပါ တယ်။

ဝိတုတ်ကျေးရွာတပ်စခန်းမှာ ပျူစောထီး၊ ရဲအပါအဝင် စစ်ကောင်စီတပ်သား ၄၀ ခန့်ရှိပြီး အဲ့ဒီစခန်းကို နိုဝင်ဘာ ၃ ရက်ကစတင် တိုက်ခိုက်ရာ ၆ ရက်မှာ စစ်ကောင်စီနဲ့ ရဲတပ်သားတွေက စခန်းကစွန့်ခွာထွက် ပြေးသွားတာကြောင့် စခန်းကိုအပြီးအသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF က ပြောပါတယ်။

"စကစတွေဘက်ကလည်း သေဆုံးသူတွေရှိနိုင်တယ်။ ဒီကောင်တွေ ထွက်ပြေးချိန် ဘာမှကို ချန်မထားခဲ့ဘဲ အကုန်ယူသွားကြတာ" လို့ ဆိုပါတယ်။

စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာတော့ စခန်းထဲက ပျူစောထီးတွေ ကိုင်ဆောင်တဲ့တူမီးတွေနဲ့ ဆက်စပ်ပစ္စည်းတွေသာရရှိခဲ့ပေမယ့် ရဲနဲ့ စစ်ကောင်စီတပ်တွေရဲ့အသုံးအ ဆောင်ပစ္စည်းတွေနဲ့ သူတို့ရဲ့သေဆုံးအလောင်းတွေကို မတွေ့ရှိခဲ့ရဘူးလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တမူးမြို့ #ဝိတုတ်ကျေးရွာ #စစ်ကောင်စီ #စခန်းသိမ်းတိုက်ပွဲ #ကျောင်းသားတပ်မတော် #ABSDF #ရဲဘော်ဝေယံ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10