ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဒေသခံလူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရှိရပါတယ်။ 

မေ ၂ ရက် နေ့လယ်ပိုင်းက အညာစုကျေးရွာနေ အသက် ၂၀ ဝန်းကျင်အရွယ် ကိုမင်းကျော်စွာနဲ့ ကိုသီဟအပါအဝင် လူငယ် ၄ ဦးဟာ အညာစုကျေးရွာကနေ သူရဲသမိန်ကျေးရွာကို ဆိုင်ကယ်နဲ့အသွား ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"သူတို့က ထိုင်းသွားဖို့လုပ်နေတာ။ သူရဲသမိန်သွားတာကလည်း မောင်နှမတွေက လမ်းစရိတ်ပို့လိုက်တာကို သူရဲသမိန်မှာသွားထုတ်တာ။ အဲဒါ လမ်းမှာ ပျူတွေ၊ စကစတွေနဲ့တွေ့ပြီး PDF တွေဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်သေရှာတာမတွေ့လို့ ဆေးမိတယ်ဆိုပြီး အကြောင်းပြ ဖမ်းထားလိုက်တယ်"လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါလူငယ်တွေဟာ ကျေးရွာမှာ သာမန်နေထိုင်သူတွေသာဖြစ်ပြီး PDF တွေနဲ့ပတ်သက်တာ၊ ဆေးသုံးတာ မရှိတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

လူငယ် ၄ ဦးကို စစ်ကောင်စီအဖွဲ့တွေက ဝေါမြို့ကိုဖမ်းသွားတယ်လို့သာသိရပြီး မေ ၄ ရက် ဒီကနေ့အထိ ရဲစခန်းမှာ ဖမ်းဆီးထားတာလား၊ စစ်ကြောရေးမှာဖမ်းဆီးထားတာလားဆိုတာ မသိရဘဲ အဆက်ပြတ်နေတာကြောင့် စိတ်ပူနေတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

ဇန်နဝါရီ ၂၄ ရက်ကလည်း စစ်ကောင်စီအဖွဲ့ဟာ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာ၊ အထက်ဝိုင်းပတ်ကျေးရွာတွေကို ဝင်လာပြီး လမ်းသွားလမ်းလာဒေသခံ ၈၀ ကျော်ကို ဖမ်းဆီးသွားခဲ့ကာ အချို့ကို ငွေနဲ့ပြန်ရွေးခိုင်းပြီး ငွေမပေးနိုင်သူတွေကို ဖမ်းဆီးအမှုဖွင့်တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - ဖမ်းဆီးခံရသူ ကိုသီဟနှင့် ကိုမင်းကျော်စွာ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီ #ဖမ်းဆီး #လူငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10