သေမင်းဝင်မွှေတဲ့ မနက်ခင်း

သေမင်းဝင်မွှေတဲ့ မနက်ခင်း

အချိန်က လူလုံးမကွဲသေးတဲ့ မနက်ခင်း ၄ နာရီကျော်။ သမ္မာရိုးကျေးရွာက အမျိုးသမီးဈေးသည်တွေ ရွှေပန်းကုန်းကျေးရွာမှာ ဈေးရောင်းဖို့ ပြင်ဆင်နေကြတဲ့အချိန်။ သူတို့ဟာ နေအိမ်စိုက်ခင်းတွေက ထွက်တဲ့ အသီးအနှံတွေကို ဝယ်၊ ပြီးရင် သမ္မာရိုးကျေးရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာက ရွှေပန်းကုန်းကျေးရွာမှာ ဈေးသွားရောင်းကြရတာပါ။ သူတို့ဈေးဗန်းခင်းရမယ့် အချိန်က ထုံးစံအတိုင်း မနက် ၄ နာရီခွဲပါ။

 

သူတို့နည်းတူ သမ္မာရိုးကျေးရွာက ကိုဖိုးလွင်ကလည်း ရွှေပန်းကုန်းကျေးရွာမှာ ငါးဝယ်သွားဖို့ ဆိုင်ကယ်တစီးနဲ့ အိမ်က ထွက်လာပါတယ်။ သူဟာ ရွှေပန်းကုန်းရွာက ငါးတွေဝယ်လာပြီးရင် သမ္မာရိုးကျေးရွာမှာ ငါးတွေပြန်ရောင်းတဲ့ ဈေးသည်တယောက်ပါ။ ဒါက သူ့ရဲ့ နေ့စဉ်အလုပ်။ 

 

ဒါကြောင့် မနက်စောစော အမှောင်မပြယ်သေးခင် သမ္မာရိုးရွာမှ ဆိုင်ကယ်စီးပြီး အရင်ဆုံးထွက်သွားသူဟာ ကိုဖိုးလွင်ပါ။ သူ့ရဲ့နောက်ကနေ သုံးဘီးထော်လာဂျီစီးပြီး လိုက်လာတဲ့သူတွေကတော့ အသီးအရွက်တွေရောင်းမယ့်ဈေးသည် အမျိုးသမီး ၅ ဦးရယ်၊ ထော်လာဂျီမောင်းတဲ့ အမျိုးသား ၁ ဦး ရယ်ပါ။ 

 

သူတို့အားလုံးရှေးရှုသွားရာ အမှောင်ထုရဲ့နောက်ကွယ်မှာ သေမင်းရဲ့စစ်သည်တော်တွေ စောင့်ကြိုနေကြတယ်ဆိုတာတော့ သူတို့အားလုံး မသိလိုက်ကြပါ။ 

 

သူတို့တွေ ရွာကထွက်သွားပြီး မိနစ်ပိုင်းအကြာမှာတော့ “ ဒိုင်း... ဒိုင်း...ဒိုင်း...” ဆိုတဲ့ သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာပါတော့တယ်။ 

 

“ကျွန်တော့်အိမ်ခေါင်းရင်းဖက်က သေနတ်သံတွေ ဆူညံနေအောင်ကြားနေရပြီး ကပ်ပစ်နေသလိုပဲ” လို့ သမ္မာရိုး ကျေးရွာသား ဦးအောင်(အမည်လွှဲ)က ပြောပါတယ်။ 

 

သေနတ်သံတွေကြားတယ်ဆိုရင်ပဲ ဦးအောင်တို့ မိသားစုလည်း ချက်ချင်းဆိုပြေးဖို့ပြင်ဆင်လိုက်ကြတယ်။ မူးမြစ်ရဲ့ကမ်းနဖူးမှာ တိတ်ဆိတ်အိပ်မောကျနေတဲ့ သမ္မာရိုးကျေးရွာရဲ့ မနက်ခင်းတခုဟာ မုန်းတိုင်းတခုဝင် တိုက်ခတ်လိုက်သလို ဆူညံပွက်လောရိုက်သွားတယ်။ ဦးအောင်တို့မိသားစုနည်းတူ တရွာလုံးမှာရှိတဲ့လူတွေဟာ အမှောင်ကြားထဲမှာ ကြောက်လန့်တကြား ထွက်ပြေးလိုက်ကြရတယ်။ သမ္မရိုးရွာထဲမှာ လူသံ၊ လှည်းသံ၊ ဆိုင်ကယ်သံ၊ ကားသံနဲ့ သေနတ်သံတွေ ဆူညံသွားပါတော့တယ်။ 

 

သေနတ်သံတွေကြားပြီး မကြာခင်မှာပဲ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာအရှေ့ဖက်ကို ရောက်လာတယ်လို့ ဦးအောင်က ဆိုပါတယ်။ 

 

အရာတော်-ဝက်လက်ကားလမ်းမကြီးဟာ သမ္မရိုးကျေးရွာအလယ်ကနေ ဖြတ်သန်းထားတာပါ။ သူတို့သားအဖ ၂ ဦးဟာ ကျေးရွာထဲကထွက်ပြီး ကားလမ်းပေါ်တက်လိုက်ကြတယ်။ ပြီးတော့ လမ်းမအတိုင်း ရွာအနောက်ဖက်ကို ထွက်ပြေးကြတယ်။ သေနတ်သံတွေက သူတို့နောက်မှာ ထက်ကြပ်မကွာ လိုက်လာတာပါ။ 

 

ဦးအောင်တို့သားအဖဟာ သေမင်းလက်က လွတ်သွားခဲ့ပေမယ့် သူတို့နောက်က ဆိုင်ကယ်စီးပြီး လိုက်တာလာတဲ့ သားအဖ ၂ ဦးအနက် အဖေဖြစ်သူကတော့ ခေါင်းကိုကျည်မှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ သားဖြစ်သူကိုတော့ စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဦးအောင်က ပြောပါတယ်။ 

 

 

"သူတို့ရပ်ခိုင်းတာ ရပ်မပေးလို့ ပစ်တာလို့ပြောတယ်။ မောင်းတဲ့ကောင်လေး(သားဖြစ်သူ)က အကြားအာရုံသိပ်မကောင်းတဲ့ကလေး"လို့ ဦးအောင်က ရှင်းပြပါတယ်။ 

 

ဒါကြောင့်လည်း စစ်တပ်က သားဖြစ်သူကို ဖမ်းသွားပြီးနောက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

 

သမ္မာရိုးကျေးရွာသားတွေရဲ့ ပြောကြာချက်အရတော့ ရွှေပန်းကုန်းရွာမှာ ငါးသွားဝယ်တဲ့ ကိုဖိုးလွင်ဟာ စစ်တပ်ရဲ့ ပစ်ခတ်တာကို အရင်ဆုံးခံလိုက်ရတဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ ကိုဖိုးလွင် ဆိုင်ကယ်မောင်းနေတဲ့အချိန် ပစ်ခတ်လိုက်တာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

 

 

ကိုဖိုးလွင်ရဲ့ရုပ်အလောင်းကို မြင်ခဲ့ရတဲ့ ဦးအောင်ကတော့ မျက်နှာကလွဲလို့ လက်တွေ၊ ခြေထောက်တွေနဲ့ ခန္ဓာကိုယ်ဟာ ရစရာမရှိတော့ဘူးလို့ ပြောပါတယ်။ 

 

ကိုဖိုးလွင်ရဲ့နောက်က လိုက်လာကြတဲ့ အသီးအရွက်ရောင်းတဲ့ အမျိုးသမီးဈေးသည်တွေဟာ ဒေသအခေါ် အလယ်ထိုင်လို့ခေါ်တဲ့ ထော်လာဂျီကို စီးပြီးလိုက်လာကြတာပါ။ စက်သံက ဆူညံလို့နေပါတယ်။ ဒီစက်သံကပဲ သူတို့အားလုံး သေမင်းလက်ထဲကျရောက်ဖို့ အကြောင်းဖန်သွားတယ်လို့ ဆိုရပါမယ်။ 

 

သမ္မာရိုးကျေးရွာနဲ့ ရွှေပန်းကုန်းကျေးရွာကြားက ဒေသအခေါ် မန်းကျည်းပင်ကြီးဆိုတဲ့ နေရာအရောက်မှာတော့ သူတို့ကို စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။ 

 

 

ဒေသခံတွေရဲ့ ပြောကြားချက်အရ အဖမ်းခံလိုက်ရတဲ့ ထော်လာဂျီပေါ်မှာလိုက်ပါလာတဲ့ ၆ ဦးအနက် ထော်လာဂျီ မောင်းသူနဲ့ အမျိုးသမီး ၂ ဦးဟာ ဦးခေါင်းတွေကို သေနတ်နဲ့ပစ်ထားခံရပြီး အမျိုးသမီးတဦးမှာတော့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်အမျိုးသမီး ၂ ဦးဟာ သေနတ်ဒဏ်ရာတွေ ရထားပြီး စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

သမ္မာရိုးကျေးရွာကို ဇူလိုင် ၆ ရက်မှာ ဝင်ရောက်ခဲ့တဲ့စစ်ကြောင်းဟာ ဇူလိုင် ၅ ရက်က ရွှေဘိုမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းပါ။ လမ်းတလျှောက်က ကျေးရွာတွေမှာလည်း ပစ်ခတ်မှုတွေပြုလုပ်ပြီးနောက် ဝက်လက်မြို့နယ် အနောက်ခြမ်းက ရသာကြီးကျေးရွာမှာ ညအိပ်ကြပါတယ်။ 

 

အဲ့ဒီစစ်ကြောင်းဟာ သမ္မာရိုးကျေးရွာကို မနက်အစောကြီးရောက်လာလိမ့်မယ်လို့ ဦးအောင်အပါအဝင် တရွာလုံးက ထင်မထားကြပါဘူး။ အခုသေနတ်သံတွေကြားမှသာ တရွားလုံးထွက်ပြေးလိုက်ကြရတာပါ။ 

 

 

ဦးအောင်တို့လို ရွာကထွက်ပြေးကြတဲ့ သူတွေထဲမှာ နောက်ထပ် အပစ်ခံလိုက်ရတဲ့သူတွေ ရှိပါသေးတယ်။ သူတို့ဟာ မိသားစုလိုက် လိုက်ထရပ်ကားနဲ့ထွက်ပြေးကြတာပါ။ အဲ့ဒီကားပေါ်လိုက်ပါလာတဲ့အထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးလည် ပါပါတယ်။

 

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် မိခင်၊ ဖခင်နဲ့ ဦးကြီးတော်စပ်သူတွေမှာ သေနတ်ဒဏ်ရာတွေ ကိုယ်စီရသွားကြပါတယ်။ ယာဉ်မောင်းရဲ့ခြေထောက်မှာလည်း ဒဏ်ရာရသွားတာကြောင့် ကားထားပြီး လူတွေအားလုံးထွက်ပြေးသွားလိုက်ရတယ်လို့ ဦးအောင်က ဆိုပါတယ်။

 

“ကောင်မလေးက နေ့စေ့လစေ့နဲ့။ လက်မောင်းသေနတ်ဒဏ်ရာနဲ့ ထွက်ပြေးလာတယ်။ သွေးထွက်လွန်ပြီး အကြာကြီးပြေးလာရတော့ လူကြီးကိုပဲရအောင်ကယ်နေကြတယ်။ ဗိုက်ထဲက ကလေးကမသေချာဘူး” လို့ သူက ဆိုပါတယ်။

 

 

သမ္မာရိုးကျေးရွာအနောက်ဘက်က မူးမြစ်တံတားကိုဖြတ်ပြီး ကူးတို့ကိုင်းကျေးရွာကို ဆက်လက်ထွက်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကူးတို့ကိုင်းကျေးရွာက အမျိုးသမီးတဦးကိုလည်း သမ္မားရိုးကျေးရွာနတ်စင်အနီးမှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

 

ဒါကြောင့် သမ္မာရိုးကျေးရွာရဲ့  ဝေလီဝေလင်းမနက်ခင်းမှာ စစ်ကောင်စီလက်နက်ကြောင့် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။  

 

 

စစ်ကောင်စီတပ်တွေဟာ သမ္မာရိုးကျေးရွာသူ၊ ကျေးရွာသားတွေကို သေနတ်နဲ့ပစ်သတ်ခဲ့သလို ကျေးရွာထဲက လူနေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေကို ခိုးယူသွားကြသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

 

မနက် ၇ နာရီလောက်မှာ ဒေသခံပရဟိတအသင်းတွေက စစ်ကောင်စီသတ်သွားတဲ့အလောင်းတွေကို လိုက်လံကောက်ယူကြတယ်။ အလောင်းတွေကို သုသာန်မှာထားပြီး သက်ဆိုင်ရာမိသားစုတွေကိုခေါ်ကာ သင်္ဂြိုဟ်မယ့်ကိစ္စတွေကို စီစဉ်ကြတယ်။ 

 

အဲ့ဒီနေ့က တချို့အလောင်းကိုတွေကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတဲ့အချိန် စစ်ကြောင်းပြန်ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် မိသာစုဝင်တွေဟာ အလောင်းတွေထားပြီး ထပ်မံထွက်ပြေးခဲ့ရသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

 

ဒါကြောင့် တချို့အလောင်းတွေကို ညဘက်မှာ သင်္ဂြိုဟ်လိုက်ရပါတယ်။ ညဘက်တွေမှာလည်း သေနတ်သံတွေက မကြာခဏဆိုသလို ကြားနေရတာကြောင့် ဒေသခံတွေဟာ ကျေးရွာထဲကို လုံးဝမပြန်ရဲကြဘူးလို့ ဆိုပါတယ်။  

 

"တကယ်ကိုဝမ်းနည်းစရာကြီးပေါ့ဗျာ။ သေတာတောင်ကျယ်ကျယ် မငိုရဲဘူး" လို့ သမ္မာရိုးကျေးရွာသားတဦးက ပြောပါတယ်။

 

ဆွေမျိုးတွေကိုစောင့်နေရတဲ့ အလောင်းတချို့ကိုတော့ နောက်နေ့မနက်မှာ ထပ်မံသင်္ဂြိုဟ်တာတွေ ပြုလုပ်လိုက်ရပါတယ်။ 

 

"သူ့(ကိုဖိုးလွင်)သမီးတွေက တခြားမြို့မှာ အလုပ်လုပ်နေလို့ စောင့်ပေးတာ။ ဒီနေ့မနက် ပြန်ရောက်လို့ မြေချလိုက်ပြီ "လို့ ဦးအောင်က ပြောပါတယ်။

 

မိတ်ဆွေတဦးဖြစ်တဲ့ ကိုဖိုးလွင်နာရေးကိုလည်း ဦးအောင်လိုက်ပို့ခွင့် မရလိုက်ပါဘူး။ သူ့လိုပဲ ကျေးရွာသားအများစုဟာ ဆိုးဆိုးရွားရွားသေဆုံးသွားရတဲ့ မိတ်ဆွေတွေရဲ့ နာရေးခရီးကို လိုက်မပို့နိုင်ကြပါဘူး။

 

ဒီနေ့အထိ စစ်တပ်က သမ္မာရိုးကျေးရွာရဲ့ ငါးမိုင်အကွာမှာ စစ်ကြောင်းထိုးနေသေးတာကြောင့် သမ္မာရိုးဒေသခံတွေဟာ နာရေးကို တိုးတိုးတိတ်တိတ်လုပ်နေရတယ်လို့ ဆိုကြပါတယ်။ 

 

ဒါ့အပြင် သေဆုံသွားသူတွေအတွက် မိသားစုဝင်တွေဟာ ဗုဒ္ဓဘာသာရိုးရာအတိုင်း နေအိမ်မှာ ရက်လည်ဆွမ်းသွပ်ခွင့်ရဖို့တောင် မသေချာတဲ့အခြေအနေပါ။

 

ဝက်လက်မြို့နယ်က သမ္မာရိုးကျေးရွာသူ၊ ကျေးရွာသားတွေဟာ စစ်ကောင်စီတပ်တွေနဲ့ စိမ်းလှတာတော့ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၁,၀၀၀ နီးပါးရှိတဲ့ သမ္မာရိုးကျေးရွာကို အခုနှစ် မတ် ၁၇ ရက် နေ့ခင်းပိုင်းမှာ ဝင်ရောက်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက စစ်တပ်ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရွာထဲကိုဝင်လာတာပါ။ 

 

ပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ပြီး ကျေးရွာထဲဝင်ရောက်ကာ ဘုန်းကြီးကျောင်းအပါအဝင် လူနေ အိမ် ၂၇၀ ကျော်ကို မီးရှို့ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကတော့ အသက် ၇၀ အရွယ် အဖွားအိုတဦးကို စစ်တပ်က သတ်ပစ်ခဲ့ပါသေးတယ်။ 

 

အခုအခါမှာတော့ သမ္မာရိုးကျေးရွာသူ၊ ကျေးရွာသားတွေဟာ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာကြောင့် မီးရှို့ခံရစဉ်တုန်းကထက် ပိုပြီးထိတ်လန့်တုန်လှုပ်သွားကြတယ်လို့ ဦးအောင်က ဆိုပါတယ်။ 

 

ဒါကြောင့်လည်း ဒေသခံအများစုကတော့ ဒီနေ့အထိ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ ဆိုပါတယ်။

 

"အကြီးအကျယ်ကို တအားကြောက်သွားတယ်"လို့ ဦးအောင်က ပြောပါတယ်။

 

#မြေလတ်အသံ

#ဆောင်းပါး #စစ်ကိုင်း #ဝက်လက် #သမ္မာရိုး #ဒေသခံ #အသတ်ခံရ #အစုလိုက်အပြုံလိုက် #မီးရှို့ခံရ #ရွှေဘို  #ရွှေပန်းကုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10