သေရင် မြေကြီး မသေရင် ငပလီ

သေရင် မြေကြီး မသေရင် ငပလီ

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နအဖစစ်အစိုးရလက်ထက်ကတည်းက အခုလက်ရှိ စစ်အာဏာသိမ်းခေါင်းဆောင်  မင်းအောင်လှိုင်ကာလအထိ စစ်တပ်သက်တမ်းတလျှောက် အခြား အဆင့် အောက်ခြေစစ်သားတွေကို “သူတောင်းစားသာသာ” သဘောထားဆက်ဆံခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့အကျပ်အတည်းဆိုက်ရောက်ချိန်မှာ အောက်ခြေကို ပြန်လည်မျက်နှာချိုသွေးနေရပါပြီ။

ရှေ့တန်းစစ်မြေပြင်တွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတက်ရောက်ကုသနေရတဲ့ အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်တွေကို ချောင်းသာ၊ ငွေဆောင်နဲ့ ငပလီကမ်းခြေတွေမှာ အနားယူ အပန်းဖြေခရီး ပို့ဆောင်ပေးခဲ့တာကို ဇွန်လထဲမှာ စစ်တပ်ဝါဒဖြန့် MWD ရုပ်မြင်သံကြားမှ ကြည့်လိုက်ရပါတယ်။ 

ဒဏ်ရာရစစ်‌ကောင်စီတပ်သားတွေဟာ အဲဒီကမ်းခြေ ၃ ခုမှာ ၃ ရက်လောက် အပန်းဖြေ အနားယူခဲ့ကြပြီး ဆေးရုံတွေကို ပြန်လည်ပို့ဆောင်ပေးလိုက်ကြတယ်လို့ ဆိုပါတယ်။ 

ဒါဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းပြီး CDM မပြုလုပ်ရေးအတွက် အကြမ်းနည်းနဲ့ခြိမ်းခြောက်နေသလို ဒီလိုစည်းရုံးရေးနည်းလမ်းတွေနဲ့ စစ်သားတွေအပေါ် ကရုဏာကြီးမားတဲ့ ပုံစံမျိုးဖော်ဆောင်ပေးတဲ့သဘောပါ။ 

ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်္ဂလာဒုံ အမှတ် ၁ တပ်မတော်ဆေးရုံကြီး၊ ကုတင် (၁၀၀၀) (ဆရက ၁/၁၀၀၀) နဲ့ နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး၊ (ကုတင် ၁၀၀၀) (ဆရက ၂/ ၁၀၀၀) တွေမှာ တက်ရောက်ကုသနေရသူတွေဖြစ်ပြီး ရန်ကုန်နဲ့နေပြည်တော်ကနေ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ အပန်းဖြေကမ်းခြေတွေဆီကို လေယာဉ်ပျံ၊ ဘတ်စ်ကားတွေနဲ့ အဆင့်ဆင့်ပို့ ဆောင်ပေးခဲ့တယ်လို့လည်း မြဝတီရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။

ရခိုင်အခြေစိုက်တပ်ရင်းတခုမှာ ၈ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်လာတဲ့ တပ်မတော်သားအရာရှိတဦးရဲ့ ပြောဆိုချက်အရ စစ်အာဏာမသိမ်းမီကာလတွေက အောက်ခြေစစ်ကောင်စီတပ် သားတွေကို ရန်ကုန်၊ နေပြည်တော်တို့လို ဝေးလံတဲ့နေရာတွေကနေ  အဲ့ဒီလိုကမ်းခြေတွေကို  စစ်တပ်ကုန်ကျစရိတ်နဲ့ ပို့ဆောင်ပေးဖို့မဆိုထားနဲ့ ကမ်းခြေတွေနဲ့ အနီးဆုံးနေရာတွေမှာရှိတဲ့ ရခိုင်ပြည်နယ် အခြေစိုက်တပ်ရင်းတွေကိုတောင် ပို့ပေးဖူးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အဲ့ဒီလို အောက်ခြေတပ်သားတွေကို စစ်တပ်စရိတ်နဲ့ ကမ်းခြေကိုပို့ပေးတာထက် ဘုရားပွင့်ဖို့က ပိုလွယ်မယ်လို့လည်း အဲ့ဒီ CDM အရာရှိက မှတ်ချက်ပြုပါသေးတယ်။

အောက်ခြေစစ်သားတွေအနေနဲ့ ကမ်းခြေတွေကို မိမိအစီအစဉ်နဲ့သွားမယ်လို့ ပြောရင်တောင် သွားရောက်ခွင့်ရဖို့ လွန်စွာခဲယဉ်းတဲ့ အဖြစ်ပါ။ 

စစ်ကောင်စီရဲ့ ရုပ်သံသတင်းထဲမှာကြည့်လိုက်ရတဲ့ အပန်းဖြေခရီးသွားရောက်ရမယ့် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းဘက်တံဆိပ်တွေဟာ လက်ရှိ တိုက်ပွဲပြင်းထန်ရာဒေသတွေဖြစ်တဲ့ ကရင်နီ(ကယား)၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတွေအတွင်း အခြေစိုက်စစ်တိုင်းတွေဖြစ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) စတဲ့စစ်တိုင်းတွေက ဘက်တံဆိပ်အများစုကို တွေ့ရှိရပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်ရာ အဆိုပါဒေသတွေဆီ ထိုးစစ်ဆင်ဝင်ရောက်နေရတဲ့ တိုက်ခိုက်ရေးတပ်မတွေဖြစ်တဲ့ တပ်မ ၃၃၊ ၄၄၊ ၆၆၊ ၂၂ နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ) လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) တွေရဲ့ ဘက်တံဆိပ်တွေလည်းပါဝင်ပါတယ်။

အဲ့ဒါကြောင့် အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေဒေသတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတွေနဲ့ တိုက်ခိုက်ရေးတပ်မလက်အောက်ခံတပ်ရင်းတွေက ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဆိုတာ ထင်ရှားနေတာပါ။

စစ်ကောင်စီဆေးတပ်မှာ ပါရဂူအထူးကုတွေနဲ့ ကုသပေးနိုင်မှု၊ ဆေးဝါးနဲ့ပစ္စည်းကိရိယာအစုံလင်ဆုံး ဆေးရုံတွေဖြစ်တဲ့ ရန်ကုန်နဲ့နေပြည်တော်ရှိ အမှတ် ၁ နဲ့ အမှတ် ၂ ကုတင် ၁၀၀၀ စစ်ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရတဲ့ ဒဏ်ရာရစစ်ကောင်စီတပ်သားတွေဖြစ်တဲ့အလျောက် တိုက်ပွဲတွေအတွင်းမှာလည်း သေလုမြောပါး ဒဏ်ရာရရှိခဲ့ပုံပေါ်ပါတယ်။

တော်ရုံဒဏ်ရာ(မပြင်းထန်)ရရှိသူတွေဟာ အဲ့ဒီလိုအဆင့်မြင့်စစ်ဆေးရုံကြီးတွေမှာ ကုသခွင့်မရရှိသလို၊ နီးစပ်ရာတိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့ ကုတင် ၃၀၀ ၊ ကုတင် ၁၀၀ ဆေးရုံတွေနဲ့ ကုတင် ၅၀ ၊ ကုတင် ၂၅ စစ်ဆေးရုံအသေးတွေ၊ ဆေးတပ်ရင်းတွေမှာပဲ ဆေးကုသမှုပေးတာဖြစ်ပြီး သေနိုင်လောက်တဲ့ ဒဏ်ရာပြင်းထန်သူတွေသာ  ကုတင် ၁၀၀၀ စစ်ဆေးရုံကြီးတွေမှာ ကုသခွင့်ရတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အဲ့ဒီလုပ်ဆောင်မှုမြင်ကွင်းအခြေအနေတွေဟာ ဆေးရုံဆင်းပြီးရင် နောက်တခေါက် ရှေ့တန်းပြန်ပို့ဖို့အတွက် ဆေးရုံမဆင်းခင် ကမ်းခြေပို့ပေးပြီး အဘတွေရဲ့‌ ခေတ္တအကြောလျှော့ပေးတဲ့ အကွက် တခု။

အာဏာရှင်စစ်ခေါင်းဆောင်တွေက သူတို့ခါးပိုက်ဆောင်တပ်သားတွေ  နောက်တခေါက်မတိုက်ရဲ၊ မတိုက်ပေးတော့မှာစိုးလို့  ချွေးသိပ်ဂျင်းထည့်ပြီး တခါမှ မလုပ်ပေးဖူးတာတွေလုပ်ပေးပြီး ချစ်ပြနေတာလို့ CDM အသိုင်းအဝိုင်းက ပြောပါတယ်။ 

ကမ်းခြေတွေကို အပန်းဖြေပို့ပေးတယ်လို့ သတင်းရုပ်သံမှာဖော်ပြပေမယ့် အပန်းဖြေသွားမယ့် ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေရဲ့ မျက်နှာတွေမှာတော့ သာယာနေတဲ့ပုံတော့ မပေါ်ပါဘူး။ စစ်ဗိုလ်ချုပ်တွေကို အလေးပြုနေတုန်းတော့ ရယ်ပြနေရပေမယ့် အပြင်မှာပြုံးနေပြီး ရင်မှာနုံးနေတာ သိသာနေပါတယ်။ ညှိုးငယ်သောမျက်နှာ၊ နှေးကွေးသောခြေလှမ်းတွေနဲ့ သွားလာနေကြတာကို မြင်ရသလို၊ မမြင်ရတဲ့အရာတခုကို နောက်ဆံတင်း စိုးရိမ်နေရတဲ့အခြေအနေတခုဟာ သူတို့မျက်နှာမှာ ထင်ဟပ်နေပါတယ်။ 

“မသွားမနေသွားရမည်” ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ စေလွှတ်မှုကြောင့် စိတ်မသက်သာဖြစ်နေသလား၊ ပြန်လည်သက်သာလာပြီဆိုပေမယ့် လက်ကျန်ဒဏ်ရာတွေရဲ့ နာကျင်မှုကြောင့်လား၊ ကမ်း ခြေကပြန်ရောက်ရင် နောက်တခေါက် ရှေ့တန်းပြန်ထွက်ရမှာကို ကြိုတင်သိရှိနေတာကြောင့်လား တခုခုပဲ။ 

ဒါ့အပြင် သူတို့ဒဏ်ရာရအောက်ခြေစစ်သားတွေရဲ့ လက်ရှိဘဝကလည်း “ဆုပ်လည်းစူး၊ စားလည်းရူး” ဖြစ်နေတဲ့အခြေအနေ။ ဆေးရုံမှာ သေလုမြောပါးဝေဒနာတွေ ခံစားနေရတာချင်းအတူတူ ခြေထောက်ပြတ်သွားပြီး ဆေးအဆင့်နိမ့်နဲ့ စာအုပ်ရောင်းဘဝကို ကူးလိုက်ရရင်တောင် အနည်းဆုံးတော့ အသက်မသေတော့ဘူးလို့ တွေးမိနေမှာပါ။ ဒါပေမယ့် အခုအခြေအနေကတော့ အဘတွေက မသေအောင်ကုပေးပြီး နောက်တခေါက် သေတွင်းပို့ဦးမယ့် အခြေအနေဆိုတော့ သူတို့ပူလည်းပူချင်စရာ။ 

ကမ်းခြေကိုသွားခဲ့ရတဲ့ ဒဏ်ရာရစစ်ကောင်စီတပ်သားတွေအနေနဲ့လည်း လက်ရှိအခြေအနေအရ အဲ့ဒီလိုကမ်းခြေခရီးစဉ်မျိုးကို နောက်တခေါက်သွားနိုင်တော့မှာ မဟုတ်သလို၊ သွားလိုတော့မယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုတခေါက် မသေလို့ ဆေးရုံဆင်းပြီး ရှေ့တန်းပြန်ပို့ခံရလို့ တိုက်ပွဲအတွင်း သေဆုံးသွားမယ်ဆိုရင် ကမ်းခြေကိုသွားနိုင်တော့မှာ မဟုတ်လို့ပါ။ 

အလားတူ ရှေ့တန်းမှာမသေဘဲ မသေရုံတမယ်ဒဏ်ရာကြီးပြန်ရခဲ့လို့ ဆေးရုံပြန်တက်ရရင် အဲ့ဒီဝေဒနာတွေခံစားပြီးမှ ကမ်းခြေနောက်တခေါက်ထပ်သွားရမယ့် အခွင့်အရေးမျိုးကို အဲ့ဒီစစ်သားတွေ ရယူလိုမယ် မထင်ပါဘူး။

ဒီဟာနဲ့တဆက်တည်း ထပ်ပြောရမယ်ဆိုရင် စစ်ကောင်စီတပ်အတွင်းမှာ တိုင်းစစ်ဌာနချုပ်မှူး(တိုင်းမှူး)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး)၊ တပ်နယ်မှူးတွေအနေနဲ့ သူတို့ကွပ်ကဲမှုနယ်မြေက အောက်ခြေစစ်သားတွေနဲ့အတူ မကြာခဏဆိုသလို ထမင်းစားပြတာပါ။ ဒါကို သူတို့ရဲ့ ဝါဒဖြန့်မြဝတီရုပ်သံမှာ တခုတ်တရဖော်ပြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လ ပထမအပတ်အတွင်းကစလို့ စစ်ကောင်စီရဲ့ စစ်တိုင်း ၁၄ တိုင်းက စစ်တိုင်းမှူးတွေ၊ ဒကစမှူးတွေ၊ တပ်နယ်မှူးတွေဟာ နေ့အလိုက်၊ အပတ်စဉ်အလှည့်ကျဆိုသလို လေ့ကျင့်ရေးကျောင်းတွေအပါအဝင် လက်အောက်ခံတပ်ရင်းတွေမှာ အောက်ခြေစစ်သားတွေနဲ့ ထမင်းတဝိုင်းတည်းစားပြတဲ့လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်ပြုလုပ်ခဲ့ပါသေးတယ်။ 

အဲ့ဒီလို စစ်တပ်ခေါင်းဆောင်တွေ အောက်ခြေတပ်သားတွေနဲ့အတူ ထမင်းစားပြတဲ့လှုပ်ရှားမှုတွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံမှာ နေ့စဉ်နီးပါးဖော်ပြခဲ့ရာ အကြိမ် ၂၀ ထက် မနည်းထုတ်လွှင့်ခဲ့တာပါ။

ထမင်းအတူစားတာတွေကို စတင်လုပ်ခဲ့တာက ၂၀၂၂ ဇွန်လနောက်ဆုံးပတ်တွင်းက နေပြည်တော်စစ်ရုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးစီးပြုလုပ်တဲ့ ကြည်းလေးလပတ် အစည်းအဝေးမှာ “မကြာခဏ ထမင်းဆင်းစားပြီး စည်းရုံးရေးလုပ်ကြဖို့” အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့တပည့်စစ်တိုင်းမှူး တွေကို မှာကြားလိုက်ဟန်တူပါတယ်။ ခေါင်းဆောင်ကြီးကိုယ်တိုင်ကလည်း ရောက်လေရာမှာ ထမင်းစားပြနေတော့ သူ့နည်းတူလိုက်လုပ်ကြဖို့ သီးခြားညွှန်ကြားခဲ့ပုံရပါတယ်။

ကြည်း(ကာကွယ်ရေးဦးစီးချုပ်ရုံး)လေးလပတ်အစည်းအဝေးဆိုတာဟာ ဗိုလ်မှူးချုပ်အဆင့် စစ်ဗိုလ်ချုပ်တွေကစလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အထိ စစ်တပ်ထိပ်သီးပိုင်းအရာရှိကြီးတွေ တက်ရောက်ကြရတဲ့ အစည်းအဝေးဖြစ်ပါတယ်။

စစ်တိုင်းမှူးတွေ ထမင်းစားပြတဲ့စည်းရုံးမှုကို အဲဒီကြည်းလေးလပတ်အစည်းအဝေးအပြီး ပြန်လည်ရောက်ရှိချိန် ဇူလိုင်လ ပထမပတ်ထဲမှာစတင်ပြီး အလှည့်ကျလုပ်ဆောင်တာကို တွေ့ခဲ့ရတယ်။ 

စစ်အာဏာမသိမ်းမီကာလတွေအထိ စစ်ကောင်စီတပ် စစ်တိုင်းမှူးတွေအပါအဝင် စစ်ဗိုလ်ချုပ်တွေဟာ ထမင်းစားလာရောက်တာဟာ ရံဖန်ရံခါတပ်စစ်ဆေးကာလနဲ့ကြုံကြိုက်မှသာ ထမင်းအတူစားတဲ့ အခြေအနေမျိုးလောက်ရှိတာပါ။

ယခုလို မကြာခဏလာစားပြတာမျိုးမရှိသလို အဲ့ဒီလို စစ်ဗိုလ်ချုပ်တွေ မကြာခဏ ထမင်းလာစားတာတွေက အောက်ခြေစစ်ကောင်စီတပ်သားတွေကို ပိုပြီးစိတ်ညစ်စေတယ်လို့ CDM တပ် အသိုင်းအဝိုင်းက ဆိုပါတယ်။

အကောင်ကြီးလေ အလုပ်ရှုပ်လေဆိုတဲ့ စစ်တပ်ထုံးစံအတိုင်း အကောင်ကြီးကြီးက ထမင်းလာစားရင် အကောင်မကြီးတကြီးအဆင့်ကအစ အောက်ခြေနင်းပြား စစ်သားအဆုံး အလုပ်ရှုပ်ကြရစမြဲပါ။

သူတို့(စစ်ဗိုလ်ချုပ်)တွေ ထမင်းတခါလာစားတာနဲ့ အသွားအပြန် အစအဆုံး ၁ နာရီလောက်ပဲ ကြာတယ်ဆိုပေမယ့် သူတို့လာလို့ တပ်မှာ ရှုပ်ယှက်ခတ်နေရင် အဆဲခံရမယ်၊ အခြေအနေမကောင်းရင် အထိုးပါခံရမယ်။

အဲ့ဒီတော့ အကောင်မကြီးတကြီး တပ်ရင်းမှူးဆိုတဲ့ကောင်တွေက အထိုးတော့ခံမှာမဟုတ်၊ အောက်ခြေက နင်းပြား စစ်သားတွေဆီကိုပဲ မရှိ/ရှိတဲ့ လူနှစ်ယောက်တပိုင်းနဲ့ ထုံးသုတ်၊ မြက်ရှင်းကအစ တပ်ရင်းတခုလုံးရဲ့သန့်ရှင်းရေးကို စုပြုံခိုင်းစေတာပါ။

မြန်မာစကားပုံ “ပေါ့စေလိုလို့ကြောင်ရုပ်ထိုးမှ ဆေးအတွက်လေး” ဆိုသလို အဘတွေရဲ့ အောက်ခြေတပ်သားတွေထွက်မပြေးရေးနဲ့ တပ်မှာမြဲစေလိုလို့ စည်းရုံးရေလုပ်ကာမှ အောက်ခြေနင်းပြားစစ်သားတွေ ပိုပြေးတော့မယ့်အခြေအနေ။

စနစ်တကျနဲ့ယိုးယွင်းပျက်စီးလာတဲ့ စစ်ကောင်စီတပ်ကြီးမှာ အမှုထမ်းနေတဲ့ စစ်သားတွေအနေနဲ့ အာဏာရှင်တသိုက် ခိုင်းရာနေ၊ စေရာသွား လုပ်ဆောင်နေသမျှကာလပတ်လုံး မြန်မာစကားပုံ “သေလျှင် မြေကြီး၊ ရှင်လျှင် ရွှေထီး” အဖြစ်ကို ရောက်ရှိလာမှာမဟုတ်ဘဲ သေရင်တော့ ရှေ့တန်းမှာ အလောင်းကောက်မဲ့သူမရှိလို့ မြေကြီးထဲကို ကိုယ့်လက်နဲ့ကိုယ် ယက်ပြီးဝင်ရမှာဖြစ်ပါတယ်

မသေရင်တော့ အဘတွေပို့ပေးတဲ့ ငပလီ၊ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေထဲက တခုကို လေကောင်း၊ လေသန့်ရှူဖို့ ချိုင်းထောက်(ဂျိုင်းထောက်)နဲ့သွားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မသေမချင်း ဖန်တရာတေအောင် စစ်တိုက်နေရဦးမှာ ဖြစ်ပါတယ်

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #စစ်ကောင်စီတပ် #အာဏာရှင် #အကျပ်အတည်း #စည်းရုံးရေး #ဝါဒဖြန့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10