အကြမ်းဖက်စစ်အုပ်စု အထူးသံတမန် ပရက်ဆော့ခွန်း

အကြမ်းဖက်စစ်အုပ်စု အထူးသံတမန် ပရက်ဆော့ခွန်း

ပရက်ဆော့ခွန်းလို့ဆိုတယ်။၂၀၂၂ခုနှစ်ရဲ့အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယား နိုင်ငံက တာဝန်ယူပြီးနောက် မြန်မာ့အရေးအာဆီယံအထူးသံတမန်ဖြစ်လာသူ၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြား ရေးဝန်ကြီး။

အရင့်အရင်တုန်းက ပရက်ဆော့ခွန်းလို့ပြောလိုက်ရင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမှန်း မသိကြသူများပေမဲ့ အာဆီယံအထူးသံဖြစ်လာပြီးနောက် မြန်မာနိုင်ငံထဲလာလိုက်၊ မင်းအောင်လှိုင်နဲ့ လေကြောဖြောင့်လိုက်၊ မြန်မာပြည်သူတွေ ကိုစော်ကားလိုက်နဲ့ အခုတော့ ပရက်ဆော့ခွန်းဆိုရင် မြန်မာပြည်သူတွေထဲ အော့နှလုံးနာစရာ ချဉ်ပတ်အဖြစ်နဲ့ လူသိများလာခဲ့တယ်။

ပြောရရင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်အာဆီယံအလှည့်ကျဥက္ကဌ၊ဖြစ်လာကတည်းက မြန်မာ့အရေးအာဆီယံရဲ့သဘောထားဟာ တောင်လိုလိုမြောက်လိုလိုနဲ့ နောက်ဆုံးတော့လည်း အာဆီယံမူ၅ရပ် ရှေ့မှာ အာဆီယံမူ ၅ ရပ်ကို စက္ကူစုတ်ပမာ သဘောထားနေတဲ့ အကြမ်းဖက်စစ် အုပ်စုနဲ့ အကြည်ဆိုက်နေပါတော့တယ်။

အားလုံးမှတ်မိကြဦးမယ်လို့ထင်တယ်။ အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အာဆီယံနဲ့နှီးနှောတိုင်ပင်ခြင်းအလျဉ်းမရှိဘဲ   ၂၀၂၂ဇန်နဝါရီ၇ ရက် မှာ နေပြည်တော်ခရီးစဉ်ကို စတင် ။သူ့ခရီးစဉ်အပေါ် ဝေဖန်မှုတွေကိုလည်း ငါ့ကိုဆရာလာမလုပ်နဲ့ဆိုပြီး ပြန်ငေါက် ငမ်းခဲ့တယ်။

အဲဒီခရီးစဉ်မှာ မင်းအောင်လှိုင်က ၂၀၂၂ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ လက်သီးလက်မောင်းတန်းပြပြီး ပြည်သူ့နေအိမ်ထဲထိ လက်နက်ကြီးနဲ့ပစ်ပြခဲ့တယ်။ပြီးတော့ဘာဆို ဘာမှမဆိုင်တဲ့  အာဆီယံမူ၅ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်၅ရပ် ဆက်စပ်ဖော်ဆောင်ရေး မင်းအောင်လှိုင် နင်းပြခဲ့တဲ့ အရူးကွက်ကို မဆလာ သင်းသင်း ချင်း(ဂျင်း)နိုင်းချင်းနဲ့ မြန်မာ့နိုင်ငံရေးနောက်ဆုံးတွေ့ရှိချက်လိုလို ဟွန်ဆန်က အရူးထက်တမူး သာပြခဲ့သေးတယ်။  

မြန်မာခရီးစဉ်ကပြန်ရောက်ရောက်ချင်းမှာပဲ (အဲဒီအချိန်တုန်းကအာဆီယံအထူးသံတမန် မဖြစ်သေး တဲ့)ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းက ဟွန်ဆန်နဲ့မင်းအောင်လှိုင်တို့ရဲ့ ဆွေးနွေးမှုနဲ့ သဘော တူညီချက်တွေကို ကန့်ကွက်သူ တွေ ဟာ စစ်ပွဲကိုလိုလားသူလို့ စွပ်စွဲခဲ့တယ်။

မြန်မာပြည်သူတွေက ဟွန်ဆန် နေပြည်တော်လာမယ်ဆိုကတည်းက ကန့်ကွက်ခဲ့ကြတာ။မင်းအောင် လှိုင်ပြောတဲ့ငြိမ်းချမ်းရေးဆိုတာ သူ့အာဏာတည်မြဲရေးလို့အဓိပ္ပါယ်ထွက်မှန်း သိပြီးသားမို့ မြန်မာပြည်သူတွေ က ပြတ်ပြတ်သားသားပယ်ချပြီးသား။ဟွန်ဆန်နဲ့မင်းအောင်လှိုင်ရဲ့ ဆွေးနွေးသဘောတူခဲ့တယ်ဆိုတာကို မြန် မာပြည်သူတွေက အဖက်လုပ်စရာမလိုမှန်းသိပြီးသားဆိုတော့ ပရက်ဆော့ခွန်းစွပ်စွဲခဲ့တဲ့  စစ်ပွဲလိုလားသူဆို တဲ့အထဲ  မြန်မာပြည်သူတွေက ထိပ်ဆုံးက  ပါဝင်တာအသေအချာပါပဲ။

အဲဒီလို ဟိန်းလားဟောက်လား၊မြန်မာမြေပေါ်ကအပြန် မြန်မာပြည်သူတွေကို စစ်ပွဲလိုလားသူအဖြစ် စော်ကားပြီး ဘာမှမကြာ ၂၀၂၂ဖေဖေါ်ဝါရီ၁၆ရက်နေ့မှာ ဟွန်ဆန်က သူ့ရဲ့မြန်မာခရီးစဉ်ဟာ ဘာတိုးတက်ဖြစ် ထွန်းမှုမှ မရှိဘူးလို့ဝန်ခံလိုက်ပြန်တယ်။စစ်ပွဲလိုလားသူအဖြစ်စွပ်စွဲချက်ကိုတော့ ပရက်ဆော့ခွန်းက ပြန်လည်တောင်းပန်ခြင်းမျိုးမရှိပါဘူး။

ပရက်ဆော့ခွန်း အာဆီယံအထူးသံတမန်ခန့်အပ်ခံရပြီးနောက် မတ်လ၂၁ရက်နေ့ကနေ ၂၃ရက်နေ့ အထိ သူ့ရဲ့ ပထမဆုံးအကြိမ် နေပြည်တော်ခရီးစဉ်ကိုစတင်ခဲ့တယ်။နေပြည်တော်ခရီးစဉ်မသွားခင်မှာ အလ ကားသွားတာမဟုတ်ဘူးလို့ ပြောချင်ပုံလားမသိ။ အာဆီယံအထူးသံတမန်လာရင် NLDပါတီ ဝင်တွေနဲ့ တွေ့ခွင့် ပေးမယ်လို့ မင်း အောင်လှိုင်ကသဘောတူခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးဝန်ကြီးက လေသံပစ်ပြ တယ်။တကယ့်တကယ် နေပြည်တော်ရောက်သွားတော့ ဘယ်NLDပါတီဝင်နဲ့မှလည်းမတွေ့ရ၊မင်းအောင်လှိုင် တွေ့ခိုင်းသလောက်လူနဲ့တွေ့ပြီး ပြန်လာ၊ထုတ်ပြစရာ ဘာရလဒ်မှပါမလာတော့ မြန်မာ့အရေးက အင်မတန်မှ ရှုပ်ထွေးပွေလီသလိုလို ညည်းချင်းတွေ ဘာတွေချပြခဲ့တယ်။

နောက်ထပ်တစ်ကြိမ် မြန်မာ့ဒီမိုကရေစီအင်အားစုကို ထပ်စော်ကားသူကတော့ ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟွန်ဆန်ပါ။အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ဝါရှင်တန်ရောက်နေတဲ့ ဟွန်ဆန်ဟာ မေ ၁၂ရက်နေ့၊အမေရိကန်ရောက် ကမ္ဘောဒီးယားလူမျိုးတွေနဲ့တွေ့ဆုံပွဲ မှာ သူက‘မြန်မာနိုင်ငံရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ဥက္ကဋ္ဌကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးရေး အခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောဖို့ မေတ္တာရပ်ခံတယ်။ ဒါကြောင့်မို့ ဒီလုပ်ရပ်ကို ရပ်တန့်သွားဖို့ ဆန့်ကျင် ဆန္ဒပြမယ်ဆိုတဲ့ မြန်မာဆန္ဒပြသူတွေကို ကျနော်ပြောချင်တယ်။ ဒီဟာက ကိုယ့်တိုင်းပြည်ကို ကိုယ် ဖျက်ဆီး နေတာဖြစ်ပြီး အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပဲ ဖြစ်တယ်’လို့ ဆိုတယ်။

ဟွန်ဆန်က မင်းအောင်လှိုင်ခိုင်းသမျှအကုန်လျှောက်လုပ်၊မင်းအောင်လှိုင်အထိုင်ကနေ မြန်မာ့နိုင်ငံ ရေးကို လှမ်းကြည့်ကာ မင်းအောင်လှိုင်အမြင်နဲ့ ပြတ်ပြတ်သားသားဆန့်ကျင်နေတဲ့ ဒီမိုကရေစီရေးအင်အား စု တွေကို တိုင်းပြည်ဖျက်ဆီးနေသူတွေပါလို့စွပ်စွဲ။မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးမယ်ဆိုတဲ့ အာဆီယံဥက္ကဌ ဟာ မင်းအောင်လှိုင်အထိုင်ကိုသာဗဟိုပြုပြီး မင်းအောင်လှိုင်နဲ့သာ တစ်ဖက်သတ်ဆက်ဆံနေခြင်းဟာ အာဆီ ယံမူ၅ရပ်ကို ချိုးဖောက်နေခြင်းဖြစ်ပါတယ်။ဟွန်ဆန် အာဆီယံအလှည့်ကျဥက္ကဌလုပ်ချိန်ကစလို့ အာဆီယံ အပေါ်မြန်မာပြည်သူတွေ အယုံအကြည်ကင်းမဲ့မှု သိပ်သည်းဆပို နက်ရှိုင်းလာခြင်းရဲ့အဖြေဟာ အဲဒါပါပဲ။

ဟွန်ဆန်နဲ့ ပရက်ဆော့ခွန်းကို မြန်မာပြည်သူတွေက ဘယ်လိုပဲ လက်မခံတော့ပေမဲ့ ဘယ်ပြည်သူ ကိုမှဂရုမစိုက်တတ်တဲ့ အာဏာရှင်တို့ရဲ့ စရိုက်လက္ခဏာအတိုင်း ဇွန်၃၀ကနေ ဇူလိုင်၂ရက်နေ့အထိ ဒုတိယ အကြိမ်မြောက် နေပြည်တော်ခရီးစဉ်ကို ပရက်ဆော့ခွန်း သွားရောက်ခဲ့ပြန်ပါတယ်။

ပရက်ဆော့ခွန်းမလာမီ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောငဆန်းစုကြည်ကို အကျယ်ချုပ်အိမ်ကနေ နေပြည်တော်အချုပ်ထောင်ထဲပို့လိုက်တယ်။ဒေါ်အောင်ဆန်းစုကြည်ကို မူနေအိမ်ပြန်ပို့ဖို့၊ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ခွင့်ပြုဖို့ ပရက်ဆော့ခွန်းရဲ့တောင်းဆိုချက်ကို မင်းအောင်လှိုင်ပယ်ချ။မင်းအောင်လှိုင်တွေ့ ခိုင်းတဲ့လူတွေနဲ့တွေ့ပြီး ခပ်ကုပ်ကုပ်ကလေး ကမ္ဘောဒီးယားပြန်ခဲ့ရ။

ဒါပေမဲ့ မင်းအောင်လှိုင်ဘက်ကနေ စွမ်းစွမ်းတမံ အထောက်အပံ့ပေးနေတဲ့ ပရက်ဆော့ခွန်းဟာ ကမ္ဘောဒီးယားရောက်ပြီးမကြာခင်မှာ သွေးညှီနံ့နံနေတဲ့မင်းအောင်လှိုင်ပါးစပ်ပေါက်မျိုးကသာ ပြောထွက် တဲ့ ကြိုတင်သတ်မှတ်ချက်၃ရပ်နဲ့ ဆွေးနွေးမယ်ဆိုတာကို ပရိုမိုးရှင်းလုပ်ပြန်တယ်။အဲဒီကြိုတင်သတ်မှတ်ချက် ၃ရပ်က အစိုးရနဲ့ ပူးပေါင်းမယ်ဆိုရင်  အစိုးရ ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်ခြင်းမျိုး မလုပ်ရ၊ အစိုးရကို အစားမထိုးရနဲ့  ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ  ၂၀၀၈ အခြေခံဥပဒေကို အခြေခံမူအဖြစ် သတ်မှတ်ရမယ်လို့ဆိုတယ်။အဲဒီကြိုတင်သတ်မှတ်ချက်၃ရပ်ဟာ အာဏာသိမ်းစစ်အုပ်စုကို အစိုးရအဖြစ် အသိအမှတ်ပြုခိုင်းတာဖြစ်ပြီး အာဆီယံမူ၅ရပ်နဲ့ လုံးဝဆန့်ကျင်နေပေမဲ့ ပရက်ဆော့ခွန်းကတော့ တိုးတက် မှုရလဒ်လိုလို ဆိုလိုက်ပြန်ပါတယ်။

ပြီးတော့ စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနနဲ့ ဇူလိုင်လ ၂၀ ရက်နေ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပရက်ဆော့ခွန်း က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ သြဇာကိုပါ အသုံးပြုချင်တယ်လို့ ဆိုလိုက်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းဆွေးနွေးလိုတဲ့ အရေးအကြီးဆုံးအချက်က မြန်မာနိုင်ငံရဲ့ အနာဂတ်၊ လက်ရှိ အကျပ်အတည်းကနေ ဘယ်လိုထွက်မြောက်နိုင်မလဲ၊ သူ့ရဲ့ နိုင်ငံရေးသြဇာနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ နိုင်ငံရေး ညှိနှိုင်းဆွေး နွေးမှုကိစ္စ၊ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့အခြေခံမူကို လက်နက်ကိုင်အဖွဲ့တွေ ကြား ဘယ်လို ဘယ်ပုံ သက်ရောက်အောင် ဆောင်ရွက်မလဲဆိုတဲ့ အချက်ကိုလည်း မေးမြန်းလို ကြောင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနဲ့ ၂၀၂၂ဇူလိုင်၂၇ရက်နေ့အထိ စာရင်းအရ အကြမ်းဖက်စစ်အုပ်စုသတ်လို့ ကျဆုံးခဲ့တဲ့ပြည်သူ၂၁၃၁ဦး ရှိခဲ့ပါပြီ။ အကြမ်းဖက် စစ်တပ်က ပြည်သူတွေရဲ့နေအိမ်တွေထဲ ခိုးဆိုးလုယက်ပြီးနောက် မီးရှို့ဖျက်ဆီးနေတာ နေ့စဉ်နဲ့ အမျှ ။အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေအပေါ် ဘယ်လောက်ထိရက်စက်ယုတ်မာသလဲဆိုတာ တစ်က မ္ဘာလုံးက သိရှိကန့်ကွက်ရှုတ်ချခဲ့ပေမဲ့ ပရက်ဆော့ခွန်းက တစ်ခွန်းတောင်ကန့်ကွက်ခြင်းမရှိ မမြင်ချင် ယောင်ဆောင်ခဲ့ပါတယ်။

ပရက်ဆော့ခွန်းဟာ အဲဒီလိုမမြင်ချင်ယောင်ဆောင်ခဲ့ပေမဲ့ အကြမ်းဖက်မှုကို ခုခံတော်လှန်နေ တဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ ခုခံတော်လှန်တိုက်ပွဲကိုတော့ မင်းအောင်လှိုင်အလိုကျ အကြမ်းဖက် မှု လို့ စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အရှိန်အဝါသုံးပြီး ရပ်တန့်ဖို့အသုံးချချင်ကြောင်းဆိုလိုက်ပါ တယ်။

မြန်မာနိုင်ငံအကြမ်းဖက်မှုရဲ့ လက်သည်၊အဓိကတာဝန်ရှိသူဟာ မင်းအောင်လှိုင်ဆိုတာ နိုင်ငံ တကာက သိပေမဲ့ ပရက်ဆော့ခွန်းကမသိချင်ယောင်ဆောင်နေပါတယ်။အကြမ်းဖက်မှုတွေဟာ မင်း အောင်လှိုင်ဆီကနေ လာ တယ်ဆိုတာ ပရက်ဆော့ခွန်းက အတိအလင်းမငြင်းရဲပေမဲ့ ငြင်းဆိုချင်ပါ တယ်။ 

အကြမ်းဖက်မှုတွေရပ်ဖို့ နေ့စဉ်အကြမ်းဖက်နေတဲ့ မင်းအောင်လှိုင်ကို တစ် ခွန်းမပြောဘဲ ဒီမိုကရေစီအင်အားစုတွေကပဲ အကြမ်းဖက်မှုကျူးလွန်နေသယောင် အပြောအဆိုဟာ မြန်မာ့နွေဦး တော်လှန် ရေးကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပဲဖြစ်ပါတယ်။

အခုလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၄ဦးကို မင်းအောင်လှိုင်က အင်းစိန်ထောင်ထဲလူမသိ သူမသိသတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ပြန်ပါတယ်။ပရက်ဆော့ခွန်းကိုယ်တိုင် ကြိုးပေးတာမလုပ် ဖို့ မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ပေမဲ့ မကြာမီ ကမ္ဘောဒီးယားမှာကျင်းပတော့မယ့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးအစည်းအဝေးနဲ့အချိန်ကိုက် သတ်ပြကာအာဆီယံရောနိုင်ငံတကာကိုပါ စိန်ခေါ်လိုက် ခြင်းပါပဲ။

အာဆီယံဥက္ကဌဖြစ်နေတဲ့ ဟွန်ဆန်ကစစ်အုပ်စုရဲ့ အချိန်ကိုက်သတ်ဖြတ်မှုဟာအလွန် ကဲ့ရဲ့ဖွယ်ကောင်းတဲ့လုပ်ရပ်လို့ ကြေညာချက်ထုတ်ပြောကြားခဲ့ပေမဲ့ ပရက်ဆော့ခွန်းကတော့ မင်းအောင်လှိုင်ရဲ့ လူသတ်အလောင်းဖျောက်ဇာတ်ကို ဘာမှတ်ချက်မှဝင်မပေးဘဲ ရူးချင်ယောင် ဆောင်နေပြန်ပါတယ်။

ပရက်ဆော့ခွန်းရဲ့ တတိယအကြိမ်မြောက်နေပြည်တော်ခရီးစဉ်မှာ(မင်းအောင်လှိုင်က ပရက်ဆော့ခွန်းကို ကတိပြု ထားသလို) ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရကောင်းရနိုင်ပေမဲ့ ဘာမှအလုပ်မဖြစ်တော့တဲ့ တွေ့ဆုံမှုဆိုတာ လူသတ်အလောင်း ဖျောက်ရဲတဲ့ မင်းအောင်လှိုင်လုပ်ရပ်က သက်သေခံပြီးပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ပရက်ဆော့ခွန်းကတော့ အထူးသံတမန်သက်တမ်းမကုန်မချင်း မင်း အောင်လှိုင်သက်ဆိုးရှည်ရေးအတွက် ဗလောင်းဗလဲမျိုးစုံနဲ့ အားထုတ်နေဦးမှာသေချာပါတယ်။တ ကယ်တော့ ပရက်တော့ခွန်းဆိုတာ အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်ခန့်အပ်ထားတဲ့ အကြမ်း ဖက်စစ်အုပ်စုသံတမန်ဖြစ်ကြောင်း သူ့လုပ်ရပ်တွေကသက်သေခံနေပါတယ်။

ထွန်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10