အချောင်စား ဒုသမ္မတနဲ့ အချောင်ကား အုပ်ကြီးများ (သရော်စာ)

အချောင်စား ဒုသမ္မတနဲ့ အချောင်ကား အုပ်ကြီးများ (သရော်စာ)

တိုင်းသူပြည်သား လူအများတို့ရေ ...

ငါတို့ တိုင်းပြည်မယ် လူထုရွေးကောက်တဲ့  ဒီမိုကရေစီအစိုးရ စပါပြီဆိုကတည်းက ခက်ခက်ခဲခဲဘာအလုပ်မှ မယ်မယ်ရရမလုပ်ရ။ လူမြင်ကတ်လည်း မခံလိုက်ရဘဲ ကိုးနှစ် ကိုးသီတင်း မသိလိုက် မသိဖာသာနဲ့ တော်တော်‌လေး စုမိဆောင်းမိလိုက်တဲ့ တိုင်းရင်းသားကြီးတစ်ယောက် ရှိသတဲ့ကွယ်....

"စိုင်ကော်လို့ ခြံပေါ်ရောက်" အဲ.... ပွဲစားကောင်းလို့ အဲ့ဒီနေရာရောက်လာတဲ့ ဒီလူဟာ ကျုပ်တို့ နိုင်ငံက သမ္မတပြီးရင် သူ့လစာ အမြင့်ဆုံးမောင်ရဲ့ ....

ကဲ လစာမြင့်လို့ ခက်ခက်ခဲခဲများ ရှာဖွေစားသောက်နေရရှာလားဆိုတော့လည်း တစ်လောကလုံး နိုင်ငံရေးသမားတွေ ထောင်နဲ့အချုပ်ထဲ အတင်းအသွင်းခံရချိန်တောင် ဆရာသမားက “နေသာသပ လေညာက” ဆိုသလိုပဲ။ အောင်မာ နိုင်ငံတော်အဆောင်ယောင်အပြည့်နဲ့ တယ်နိပ်သေးတာကိုးဟ။ 

ဟော.... အာဏာသိမ်းပြီးတာတောင် နေပြည်တော်မှာ ဆက်နေရင်း ရေမီးအစုံနဲ့ မီတာခလည်း မပူရ။ အပြင်ထွက်ပြီး ဘာမှလည်းမလုပ်ရ၊ လူလုံးလည်းထွက်မပြ ဘာတာဝန်မှလည်း အခု ဆက်တာဝန်မခံရဘဲ လစာပြည့် အဆောင်ယောင်ပြည့်နဲ့ နေလာလိုက်တာ သာယာလိုက်တာမှ ၆ လတခါ  နာရီဝက်လောက်တက်ရတဲ့ အစည်းအဝေးတွေဖြစ်တဲ့....

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့က ကျင်းပတဲ့ ကာလုံအစည်းအဝေးဆိုလည်း ကျန်းမာရေးအခြေအနေအကြောင်းပြချက်နဲ့မတက်။ 

၂၀၂၂ခုနှစ်  ဇူလိုင် ၃၁ ရက်ကကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကိုလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့  ခွင့်ပန်၊ ၂၀၂၃ ဇန်နဝါရီ ၃၁ က ကျင်းပတဲ့ ကာလုံအစည်းအဝေး(၁/၂၀၂၃)ကိုလည်း ခေါင်းပေါက်လို့ ခွင့်တိုင်နဲ့....

အောင်မာ လူကြားထဲ မထွက်ဘဲ ”ကလူ၏သို့မြူ၏သို့” လုပ်ရင်း လှုပ်လီလှုပ်လဲ့ ချူချာရင်း အကြောင်းပြလာလိုက်တာ....

၂၀၂၃ ဇူလိုင် ၃၁ရက်မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေး(၂/၂၀၂၃)လည်းရောက်ရော....

လူရှေ့ထွက်ပြလိုက်ကာမှ သူ့ကို ထမင်းမစား ကွမ်းမစားအနေနဲ့ ရွေးတင်ထားတဲ့ NLD ကပါ အမိန့်စာထုတ်ပြီး ကန်ထုတ်လိုက်ပါလေရောတဲ့။ 

ကဲ စဉ်းစားကြည့်ဦး ဒီလောက်ခေတ်ပျက်ထဲ ဟို မင်းကြောင်ချေးများဆိုရင် လူတကာက လမ်းပေါ်ကို သူ့ရဲ့ ကျက်သရေကင်းမဲ့တဲ့ ဓါတ်ပုံကိုချ တက်နင်းခံရလိုက်၊ ထမီနဲ့ အုပ်ခံရလိုက်၊ မအလ မအေ… ဘာဆိုလဲ။ ထောပနာ ကောင်းချီးပေးလိုက်နဲ့ အုံနဲ့ကျင်းနဲ့ထွေးတဲ့ တံတွေးခွက်ထဲမှာ ခမျာက လက်ပစ်ကူးရင်း တောင့်ခံနေရချိန်။ 

အောင်မာ သူက လစာအပြည့် Rank အပြည့်နဲ့ ဒီလောက် သာသာယာယာနေပြီး လာချူချာပြနေရမလားဆိုပြီး မင်းကြောင်ချေးရဲ့ စိတ်ထဲ အင်မတန်မှ ထိရှ ကြေကွဲခြင်းများစွာခံစားပြီးကာမှ မနာလိုခြင်းများစွာနဲ့ အမိန့်စာတစ်စောင်ထုတ်ပြီး ခုဧပြီလထဲ ရောက်မှ အနားပေးလိုက်ပါရောတဲ့ကွယ်။

ချင်းကြီးကို နိုင်ငံတော်ရဲ့ ဒုတိယအမြင့်ဆုံး ရာထူးထိ မြှောက်စားပေးထားခဲ့ပါရဲ့နဲ့ သူမွေးလာတာတဲ့ ဇာတိ ချက်ကြွေ ထန်တလန်မြို့လေး မီးဟုန်းဟုန်းတောက် ပြကျခဲ့တာတောင် တစ်ခွန်းမှ ဟ မလာဘဲ ပေးတာစား ထားရာနေပြီး ရသလို ကောက်စားနေခဲ့လို့ ဘုရားသခင်ပါ လက်ဖျားပြန်ခါလိုက်ရတဲ့ တို့မြန်မာသမိုင်းက လူလည်ငပျင်း ချင်းတယောက်ရဲ့ သမ္မတအိပ်မက် နိဂုံးသံပတ် အဆုံးသတ်လိုက်ရသည်ပေါ့ကွယ်။ 

ဒီပုံစံနဲ့ ချင်းပြည်ပြန်လည်း သူ့အမျိုးတွေက သူ့ကို ဆာဗူးသီးအိုးထဲထည့်ပြုတ်ဦးပေမှာကိုးဟဲ့ ငါမရယ်ချင်ပြန်ဘူး....

ကဲ ဒီချင်းငလုပ်စား အသာထားလို့  ခုတလော အင်မတန်လုပ်စားလို့ကောင်းတဲ့ အလုပ်တခု ခေတ်စားနေတဲ့အကြောင်းလေး ဆက်ဦးစို့ရယ်။ 

အဲ့ဒါလည်း သူ့လိုပဲ နေသာသပ လေညာကအလုပ်ဆိုရမယ်။  တနေ့လုံးလည်း ရုံးတက်စရာမလိုဘဲ ညမိုးချုပ်မှ တံခါးလေးအသာဖွင့် စားပွဲခုံလေး နားတံဆိပ်တုံးလေးနှစ်တုံးသုံးတုံးအနားချပြီး အသာလေး မြိုးမြိုးမြက်မြက်ရတဲ့ အလုပ်က ထောက်ခံစာ ထုတ်လုပ်ရေး အလုပ်တဲ့ ဟဲ့ ။ 

သိတဲ့အတိုင်းပဲ ကျုပ်တို့တိုင်းပြည်မှာက ဆောင်ကြာမြိုင်ဆီက အခွန်ကောက် ဖဲဝိုင်း၊ မသာအိမ်အကုန်လုံးကအကောက်ကောက်စားတဲ့ အောက်တန်းစားရဲဆီကနေ လူသူတော်ကောင်းက ထောက်ခံစာ သွားပြန်တောင်းရ တဲ့ ခေတ်ကြီးကိုက ရှိခဲ့တာကိုးဟ ....

အေး ခုလည်း ကျရော  ဇိမ်မယ် ထမီကိုလျက်၊ ရပ်ကွက် ချဉ်ဖတ်ဖြစ် နေကြတဲ့ သူတွေကလည်း ခွေးကတက်ကနေ အုပ်ကြီးတန်းဖြစ်တဲ့ကာလဆိုတော့ကာ စစ်မှုမထမ်းချင်ဘူးမဟုတ်လား ငါးနှစ်စာ ဂီလာန ထောက်ခံစာ သုံးသိန်း၊ ဘာလုပ်ချင်လား ထောက်ခံစာ ရေးပေးရရင် နှစ်သိန်း ။ ဟိုဟာ ထောက်ခံပေးရမလား တသိန်းနဲ့ တော်တော်စီးပွားဖြစ်၊ ပွဲဖြစ်နေကြသတဲ့ ကွယ်။ 

ဟော... ပွဲဖြစ်ဆို အရူးမီးဝိုင်း ခံရသလို ဖြူကာ ပြာကာကျနေတဲ့ စစ်ရှုံးတပ်ဟာလည်း နောက်ထပ် ဝင်လာမဲ့ ဘယ်ရဲဘော်စစ်သားမှ မရှိတော့ တွေ့သမျှလမ်းဘေးက ဘုရားဖူးကားက ယောက်ျားမြင်ရင် အတင်းခေါ်ဆွဲကြုံသမျှရွာမှာ မြို့မှာ စစ်ရှုံးကောင်စီဟာ ဧည့်စာရင်းအတင်းဝင်စစ်ပြီး လူဖမ်းပွဲလုပ်နေတာကြတဲ့အခါကျပြန်တော့ တို့ ဒေသခံတချို့ ဟာ ညဘက်ကိုယ့်အိမ်မှာတောင် ကိုယ်မအိပ်ရဲ့ အခြေနေတွေ ဖြစ်ပျက် နေကြရတာကိုး....

ဒီလိုအခြေနေမှာ ကိုယ့်ရပ်ကိုယ့်ရွာကသူတွေကို စောင့်ရှောက်ရ‌၊ ဖေးကူရကောင်းမှန်းမသိ  

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုသလိုပဲ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ထောက်ခံစာ ပွဲစားအလုပ်ကို ခွေးဘုရားပွဲ တွေ့သလို လုပ်လာကြတဲ့  ဒီအုပ်ကြီးဆိုတဲ့ သတ္တဝါတွေရဲ့ဘဝဟာ အခုတော့....

ဟော ဒိုင်းကနဲဟေ့ဆို ကားကနဲ ကြည့်လိုက် ရှောသွားတာဟေ့ဆို အုပ်ကြီး။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က မင်းတို့လား ပြည်သူကို နှိပ်စက်တာလားဆိုပြီး ထီကနဲ ဗျင်းသွားတယ်ဟေ့လို့ ကြည့်လိုက်ရင် အုပ်ကြီး ။

တပ်ကလာတုန်း အသေချာ မစီစဉ်ပေးရကောင်းလား ဆိုပြီး နားပန်ကျင်း ကျည်ဆန်ပစ်သွင်းလိုက်ရင် အုပ်ကြီး... နဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နေ့မြင်ညပျောက် ငရဲပြည်တန်းရောက်နေရရှာတဲ့ အုပ်ကြီးတို့ရဲ့ ခုချိန်မှာမျိုးမှာလက်တွေ့ ကြုံရဆုံရတဲ့ 

ခွေးသူခိုး အိုးလည်ပင်း စွပ်မိတဲ့ ထောက်ခံစာ စီးပွားနိဂုံးပါတဲ့ ဟဲ့

ငါလည်း မရယ်ချင်သေးပါဘူး ...... .... ... ။

#မြေလတ်အသံ

#သရော်စာ #မြေလတ်အမတ်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10