အင်းတော်တိုက်ပွဲမှာ ၂ ဘက်အကျဆုံးရှိပြီး ဓားစာခံပြည်သူ ၃ ဦး သတ်ခံရ

အင်းတော်တိုက်ပွဲမှာ ၂ ဘက်အကျဆုံးရှိပြီး ဓားစာခံပြည်သူ ၃ ဦး သတ်ခံရ

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကြိမ်ချောင်းရွာနဲ့ သစ်ပုံလွင်ရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၀ ရက် မနေ့ကနေ့လယ် ၂ နာရီလောက်က အင်အား ၁၃၀ ခန့်ပါတဲ့ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁၊ ခလရ ၄၁၆ စစ်ကြောင်းနဲ့ နယ်မြေခံ KIA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"အချိန်က မကြာပါဘူး နာရီဝက်တည်းဖြစ်တာ။ စစ်*တကောင်သေတဲ့ဟာကို သစ်ပုံလွင်သင်္ချိုင်းမှာ မြုပ်ထားတယ်။ စစ်*တွေက ကမ်းနီရွာနား ရောက်နေပြီ။ ဒဏ်ရာရတွေ သယ်သွားတယ်။" လို့ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း အသက်၂၀ အရွယ် ပကဖ ရဲဘော်တဦး ကျဆုံးခဲ့ပြီး၊ ၂ ဦး ဒဏ်ရာရပြီး စစ်ကောင်စီဘက်ကလည်း တဦး သေကာ၊ ၄ ဦးဒဏ်ရာရပြီး သေဆုံးစစ်သားအလောင်းကိုတော့ တိုက်ပွဲဖြစ်တဲ့ရွာနားက သင်္ချိုင်းမှာပဲ မြှုပ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့နယ်၊ လယ်မှီးရွာကနေ ဓားစာခံအဖြစ် ဖမ်းလာတဲ့ ကိုရဲဝင်းအောင် အသက် ၃၅ နှစ်၊ ကိုညိုအေး အသက် ၃၅ နှစ်နဲ့ ကိုစန်းဝေ အသက် ၄၀ တို့ရဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တိုက်ပွဲအနီး ရွာချင်းကပ်ရက် ဦးသျှစ်ကုန်းရွာရဲ့ တောထဲတနေရာမှာ စွန့်ပစ်ထားတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

"သူတို့က ဘယ်က ပြည်သူတွေလည်းတော့ အစက မသိဘူး။ အလောင်းတွေ့မှ လိုက်မေးကြည့်တော့ လယ်မှီးရွာကဆိုတာ သိရတာ။ အဲ့တာနဲ့‌ အဲ့ရွာကို လှမ်းချိတ်မေးတော့ စစ်ကြောင်းနဲ့ ပါသွားတဲ့သူတွေဆိုတာ သိရတာ" လို့ ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက် ညနေ ၄ နာရီလောက်ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အင်းတော်ဈေးအရှေ့ကို ကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၃ နှစ်အရွယ်ကလေးတဦးနဲ့ အမျိုးသားတဦး ထိခိုက်ခဲ့ပါသေးတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10