အင်းတော်တိုက်ပွဲ အထိအခိုက်များလို့ လေယာဥ်ပစ်ကူခဲ့၊ PDF ၅ဦးဒဏ်ရာရ

အင်းတော်တိုက်ပွဲ အထိအခိုက်များလို့ လေယာဥ်ပစ်ကူခဲ့၊ PDF ၅ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် အင်းတော်မြို့နယ်ထဲကကျေးရွာထဲမှာ စစ်ကောင်စီတပ်နဲ့ KIA / Indaw Pdf ပူးပေါင်းတပ်ဖွဲ့တို့ ၂ရက်တာထိတွေ့ပစ်ခတ်မှုမှာ PDF ပူးပေါင်းတပ်ဖွဲ့မှ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်းထိခိုက်သေဆုံးသူများစွာရှိတယ်လို့သိရပါတယ်။

ထီးချိုင့်ကနေထွက်လာပြီး အင်အား ၁၀၀ ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာဒီဇင်ဘာ ၂၆ ရက် မနေ့က မနက် ၁၀ နာရီကျော်လောက်က ခရမ်းစပ်ကုန်းရွာ နဲ့ မိုးလှိုင်းကုန်းရွာအနီးမှာ Indaw Pdf / KIA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ၁ နာရီကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

"စခတွေ ဘက်ကကျတာတော့ရှိတယ်။ အတိအကျတော့မသိရဘူး၊ ဘာလို့ဆိုတော့သူတို့က အလောင်းဖျောက်တဲ့နေရာမှာတော်တယ်ဆိုတော့လေ။ သူတို့ပထမဆုံးပါတာအင်အား၁၂၀လောက်ပါတယ်ဗျ။ အခုကတော့၈၂ကောင်လောက်ပဲကျန်တော့တယ်လို့တော့ပြောတယ်။ ကျနော်တို့ ဘက်ကတော့ အတိအကျကြီးတော့အတည်မပြုနိုင်သေးဘူးဗျ။" လို့ အင်းတော် PDF ရဲဘော်တဦးက ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေက မိုးလှိုင်းကုန်းရွာထဲကနေအိမ် ၁၆ လုံးကိုမီးရှို့ဖျက်ဆီးသွားပြီး မဲဇာရွာကိုပြန်လည်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။


အလားတူဒီဇင်ဘာ ၂၇ ရက် ဒီနေ့ မနက် ၇ နာရီချိန်လောက်မှာ မဲဇာရွာကနေ အလယ်ဆိပ်ရွာကို တက်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့နဲ့ PDF တို့ ၃နာရီကြာ တိုက်ပွဲထပ်ဖြစ်ခဲ့ကြပါတယ်။

" ထိတွေ့ပစ်ခတ်မှုတွေဖြစ်နေချိန်သူတို့က ထိခိုက်ကျဆုံးတာတွေများတာရယ် ပိတ်မိနေတာတွေကြောင့် ဂျက်ဖိုက်တာလေယာဉ်တစီးက ပစ်ကူပေးခဲ့တယ်။ သူတို့ရဲ့ထိခိုက်ဒဏ်ရာရတဲ့လူတွေကို မဲဇာရွာထဲကိုပြန်ခေါ်သွားတယ်။ ပစ်ခတ်မှုပြီးသွားတော့ အလယ်ဆိပ်ရွာက စျေးဆိုင်ခန်း ၆ခန်း ၊ စာကြည့်တိုက်တလုံး ၊ နေအိမ်၂၆လုံးနဲ့ စပါးတင်းပေါင်းထောင်ချီမီးလောင်ပျက်ဆီးသွားတယ်" လို့ ပြောပါတယ်။

 PDF တွေဘက်က ဒီဇင်ဘာ ၂၆ရက်က ၂ဦး ၂၇ရက်မှာ ၃ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး အားလုံးကို ဆေးကုသပေးပြီးသွားပြီလို့ ဆိုပါတယ်။


အခုလက်ရှိ အချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေက မဲဇာကျေးရွာထဲမှာဒဏ်ရာရတဲ့ရဲဘော်တွေကို ဆေးကုပေးပြီး ဆက်လက်တပ်စွဲထားလို့ မဲဇာရွာသားတွေနဲ့ နီးစပ်ရာကျေးရွာကဒေသခံ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10