အင်းတော်မှာ Non-CDM ၁၀၀ ကျော် CDM ပြုလုပ်

အင်းတော်မှာ Non-CDM ၁၀၀ ကျော် CDM ပြုလုပ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ Non-CDM ဝန်ထမ်း ၁၀၀ ကျော် CDM ပြုလုပ်ကာ ပြည်သူ့ဘက် ခိုလှုံလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ စတင်ချိန်ကတည်းက NON CDM ဝန်ထမ်းတချို့ ထွက်ပြေးနေကြတာဖြစ်ပြီး ကောလင်းမြို့သိမ်းပိုက်ခံလိုက်ရတဲ့ နိုဝင်ဘာလ ၆ ရက် နောက်ပိုင်းကစတင်ကာ ဝန်ထမ်းအများစု CDM လုပ်လာကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က Non CDM ဝန်ထမ်းတွေ အလင်းဝင်ရောက်ဖို့ ကြေငြာချက်ထုတ်ပြီးနောက်မှာတော့ CDM ပြုလုပ်သူ ၁၀၂ ဦးထိ ရှိလာတာလို့ ဆိုပါတယ်။  

“ဝင်လာတာက ပညာရေး၊ ထွေအုပ်၊ ကျန်းမာရေး၊ လဝက၊ မြေစာရင်းအစုံပဲ၊ ဝန်ထမ်းတွေက ကြောက်ပြီး ထွက်ပြေးတဲ့အချိန်မှာ ကျေးရွာ ပကဖတွေ တာဝန်ရှိသူတွေက လိုက်စုပြီး အလင်းဝင်ဖို့ ပြောကြတယ်။ လက်ရှိ ခံဝန်ထိုးပြီး စောင့်ကြည့်အနေထားနဲ့ ထားထားတယ်။”လို့ အင်းတော်ဒေသခံ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ ဝန်ထမ်းတွေကို စစ်ဆေးတာတွေ၊ စစ်ကောင်စီနဲ့ ထပ်မံမပတ်သက်ဖို့ ခံဝန်ထိုးတာတွေ လုပ်ဆောင်ပြီးနောက်မှာတော့ နေရပ်ကို ပြန်နေခွင့်ပြုထားပြီး အခုချိန်ထိတော့ CDM လုပ်သူတွေထဲမှာ လက်နက်ကိုင်ဝန်ထမ်းတွေ မပါဝင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း အင်းတော်မြို့ပေါ်မှာ ခံစစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပေမယ့် CDM ပြုလုပ်လာတဲ့ ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးတာမျိုး မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၂၃ ရက် နောက်ဆုံးထားကာ အလင်းဝင်ရောက်ဖို့ ထုတ်ပြန်ထားပြီး အလင်းဝင်လာတဲ့ CDM ဝန်ထမ်းတွေကို ကာလတိုစာချူပ်နဲ့ အလုပ်ခန့်အပ်တာ၊ အရေးယူမှု ကင်းလွတ်ခွင့်ပေးတာတွေကို အခြေအနေအလိုက် လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ချယ်ရီ၊ စာတည်း - လင်း 

#မြေလတ်အသံ

 

#စစ်ကိုင်း #အင်းတော် #NonCDM #CDM #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10