အစည်းအဝေးလုပ်ဖို့ပြင်နေချိန် စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ CDM ကျောင်းဆရာတဦးသေဆုံး

အစည်းအဝေးလုပ်ဖို့ပြင်နေချိန် စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ CDM ကျောင်းဆရာတဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ် ၁၃ ရက် မနေ့က ၁၀ နာရီခွဲလောက်မှာ မြို့နယ်အဆင့် အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေချိန် စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ကျောင်းဆရာတဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာစာသင်ကျောင်းမှာ ပညာရေးဝန်ထမ်းနဲ့ မြို့နယ်ပအဖအဖွဲ့ဝင် တွေ အ စည်းအဝေးကျင်းပဖို့ပြင်ဆင်နေချိန် တံတားဦးလေတပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ်တစီးက စာသင်ကျောင်းဝန်းထဲကို ဗုံး ၂ လုံးကြဲချခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။ 

“ဗုံးသီးက ပေါင် ၃၀၀ နဲ့ ၅၀၀ တခုခုပဲ၊ ၂ လုံးကြဲသွားတယ်။ သေဆုံးသူက အသက် ၃၀ အရွယ် အလယ်တန်းပြ CDM ကျောင်းဆရာတဦးပါ။ သူက အာဏာစသိမ်းကတည်းက CDM လုပ်ခဲ့တာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာ ၁ ဦးသေဆုံးခဲ့သလို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းဆောင်နဲ့ ကား ၁ စီးလည်း ပျက်စီးခဲ့ကာ သေဆုံးတဲ့ကျောင်းဆရာကိုတော့ မနေ့ကပဲ ချက်ချင်းသင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဂဝံလေးတိုင်ကျေးရွာအပါအဝင် ရွာနားနီးစပ်ကျေးရွာက ဒေသခံတွေကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လေကြောင်းရန်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းဆောင်နှင့်ကား။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ဂဝံလေးတိုင် #စစ်ကောင်စီ #ဗုံးကြဲ #CDMကျောင်းဆရာ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10