အညာဒေသကို စစ်ကောင်စီ မီးလောင်တိုက်သွင်းမှု

အညာဒေသကို စစ်ကောင်စီ မီးလောင်တိုက်သွင်းမှု

အရောင်မှိန်မှိန် အဖြူအစိမ်းကွက် အနွေးထည်အပါးနဲ့  သမင်ရောင်သိုးမွှေးဦးထုပ်ကို စောင်းထားတဲ့ အသက် ၆၀ အရွယ် ခပ်ပိန်ပိန် အဖွားအိုတဦး အုပ်နံရံတခုကိုမှီရင်း ရှိုက်ကြီးတငင်ငိုနေတဲ့ ဗီဒီယိုဖိုင်တခုဟာ Facebook လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူအများစုရဲ့ ဂရုဏာသက်ဝင်ခြင်းကို ခံခဲ့ရပါတယ်။
 
သူရဲ့ဘေးပတ်ပတ်လည်မှာတော့ မီးလောင်ကျွမ်းထားတဲ့ သွပ်၊ သစ်သား၊ သံထည်ပစ္စည်းတွေနဲ့  ကိုယ်ထည်မရှိတော့တဲ့ အိမ်တိုင်တွေသာကျန်ရှိပြီး၊ မြေပြင်မှာလည်း အငွေ့တရှိန်ရှိန်ထနေတဲ့ ပြာတွေကိုသာ တွေ့မြင်ရမှာပါ။
 
ဒီဗီဒီယိုဖိုင်ဟာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဘင်ကျေးရွာကို စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးတုန်းက နေအိမ်မီးထဲပါသွားလို့ စိတ်သောကရောက်နေတဲ့ ဘင်ကျေးရွာက အဖွားအိုတဦးရဲ့ ပုံရိပ်ကိုရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
 
အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ နီးပါးနေထိုင်တဲ့ အဲ့ဒီရွာကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၁၀၅ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ ရွာသားအားလုံးနီးပါးလည်းဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်း (အညာဒေသ) လို့ ခေါ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းကို အာဏာသိမ်းပြီး ၄ လကျော်လောက်မှာ စစ်ကြောင်းဖွဲ့ ဝင်ရောက်လာကာ ဒေသတွင်းကျေးရွာတွေမှာ တပ်စွဲနေထိုင်ပြီး ကျေးရွာတွေအတွင်းကို ဝင်ရောက်မွှေနှောက်တာတွေနဲ့ အခြားသောအကြမ်းဖက်မှုတွေကိုပါ စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့  ခုခံတိုက်ခိုက်မှုတွေရှိနေပေမယ့် အားကောင်းတဲ့အနေအထားတော့ မဟုတ်သေးပါဘူး။ 
 
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ယာယီသမ္မတ ဒူလရှီးဝါးက စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ “ ပြည်သူလူထု၏ ခုခံစစ်” အဖြစ် ကြေငြာခဲ့ပါတယ်။ 
 
အဲ့ဒီနောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက စစ်ကောင်စီကိုဆန့်ကျင်တဲ့ လူငယ်အများစုဟာ လက်နက်ကိုင်တိုက်ခိုက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ဆီမှာ စစ်ရေးသင်တန်းတွေ တက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းပြီးနောက်မှာတော့ သူတို့သက်ဆိုင်ရာ ဒေသတွေဆီပြန်လာကာ  People Defense Force – PDF လို့ခေါ်တဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အလိုက်ဖွဲ့စည်းခဲ့ကြပြီး စစ်ကောင်စီကို လက်နက်ကိုင်လမ်းစဥ်နဲ့ စတင်တော်လှန်ပါတော့တယ်။ 
 
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာလည်း ရာနဲ့ချီတဲ့ PDF အဖွဲ့တွေပေါ်ပေါက်လာကာ စစ်ကောင်စီအပေါ်  ပြန်လည်ခုခံစစ် တဖြည်းဖြည်းအားကောင်းလာမှုနဲ့ စစ်ကောင်စီနဲ့ ပက်သက်ဆက်နွယ်သူတွေကိုပါ သုတ်သင်ရှင်းလင်းတဲ့ လုပ်ငန်းစဥ်တွေဟာလည်း တစတစနဲ့ ကြီးထွားလာခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီဟာ ဒီအရာတွေကို ချုပ်ကိုင်တားစီးနိုင်ဖို့ အခြားတိုင်းနဲ့ ပြည်နယ်တွေထက်ပိုပြီး အဲ့ဒီဒေသတွေကို တပ်သားအင်အား ထပ်မံဖြည့်တင်းခဲ့ပါတယ်။ အဓိကကတော့ PDF တွေကို တိုက်ခိုက်ဖို့အတွက်ပါ။ 

ဒါပေမယ့် စစ်သားတွေဟာ အဲ့ဒီအချိန်ကစပြီး ဒေသတွင်းကာကွယ်ရေးတပ်တွေကို တိုက်ခိုက်ဖို့ထက် တရွာဝင်တရွာထွက် လှည့်လည်စစ်ကြောင်းထိုးရင်း ပြည်သူ့ပစ္စည်းတွေကို မတရားသိမ်းယူ၊ ဒေသခံပြည်သူတွေကိုအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ ရွာလုံးကျွတ်မီးရှို့တဲ့လုပ်ရပ်တွေပေါ်မှာ ပျော်မွေ့နေပြီး ဒီလုပ်ရပ်တွေကိုသာ ထပ်ခါထပ်ခါလုပ်ဆောင်ပါတော့တယ်။ 
 
“သူတို့ မီးရှို့တဲ့အချိန်မှာ ဦးလေးတို့က ရွာနဲ့တမိုင်ခွဲလောက်ပဲကွာတဲ့ရွာကို ရောက်နေတာ၊ မြင်လိုက်ရတယ်။ တော်တော်ခံစားရတယ်။ ခံစာချက်ကတော့ ပြောလို့မဖြစ်အောင် ခံစားရတယ်။ ဒီလောက်ဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းမထားတဲ့အတွက် ရုတ်တရက်ကြီးဖြစ်သွားတော့၊ ကိုယ့်အိမ်ကိုယ် မှတ်မိလောက်အောင်မရှိတော့တဲ့ အခြေအနေကို ရောက်သွားတာ၊ နောက်လဲ ဒီလိုမျိုးမကြုံချင်တော့ပါဘူး” လို့ အသက် ၅၀ အရွယ် ဦးခင်က ပြောလိုက်ပါတယ်။
 
ဦးခင်ဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မွေ့ထုံရွာသားတဦးပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ည ၈ နာရီလောက်မှာ မွေ့ထုံရွာကို စစ်ကောင်စီအင်အား ၁၅၀ လောက်နဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၂၆၀ ဝန်းကျင်ရှိတဲ့အနက် ဦးခင်တို့အိမ်အပါအဝင် အိမ်ခြေ ၁၇၃ အိမ်က မီးလောင်းဆုံးရှုံးခဲ့ရပါတယ်။

မီးစရှို့တဲ့ ညပိုင်းမှာ ရွာသားအားလုံး ဘာမှပြင်ဆင်ချိန်မရတော့ဘဲ အဝတ်တထည် ကိုယ်တခုစီနဲ့ အသက်အန္တရာယ်ကင်းလွတ်နိုင်မယ့် နေရာတွေဆီကို သုတ်ချေတင် ထွက်ပြေးခဲ့ကြရပါတယ်။ ဦးခင်တို့မိသားစုကတော့ ရွာနဲ့ ၁ မိုင်ခွဲသာသာဝေးတဲ့နေရာကို ထွက်ပြေးခဲ့ကြပြီး၊ အဲ့ဒီနေရာကို ရောက်တဲ့အချိန်မှာ ထူထည်းတဲ့ မီးခိုးလုံးတွေနဲ့အတူ အရှိန်ပြင်းမီးတောက်တွေဝါးမျိုထားတဲ့ သူ့ရဲ့ ရွာကို စိတ်မကောင်းစွာ မြင်လိုက်ရတယ်လို့ ဦးခင်က ပြန်ပြောပြပါတယ်။ ဒါ့အပြင် အဲ့ဒီညမှာပဲ အိမ်နီးချင်းရွာဖြစ်တဲ့ ပန်းရွာ နဲ့ မင်းရွာကိုပါ တဆက်တည်း မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့လည်း ဆိုပါတယ်။


ဦးခင်မှာ ဆယ်ကျော်သက် သားတယောက်၊ သမီးတယောက်ရှိပြီး၊ စုစုပေါင်း မိသားစု ၄ ဦးနေထိုင်နေကြတာပါ။  ပုလဲမြို့နယ်က ဒေသခံအများစုဟာ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာစတဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိကထား စီးပွားဖြစ်လုပ်ကိုင်ကြတာကြောင့် တောင်သူတဦးဖြစ်တဲ့ ဦးခင်ဟာလည်း ဒီတောင်ယာ လုပ်ငန်းနဲ့သာ ဘဝတလျောက်လုံး အသက်မွေးဝမ်းကြောင်းပြုလာခဲ့တာဖြစ်ပါတယ်။ 
 
ခုချိန်ဟာ နယ်မြေမတည်ငြိမ်မှုကြောင့် တောင်ယာလုပ်ငန်းတွေကိုလည်း ပြန်လည်လုပ်ကိုင်ဖို့ခက်ခဲတဲ့ကာလတခုပါ။ ဒါ့အပြင် စီပွားရေးကြပ်တည်းတဲ့ကာလလည်းဖြစ်သလို တဖက်မှာလည်း သီးနှံစျေးနှုန်းတွေက ကျဆင်းနေတာကြောင့် စားဝတ်နေရေးလည်း ကြပ်တည်းနေပြီး၊ မီးထဲပါသွားတဲ့ သူရဲ့နေအိမ်ကို မူလအတိုင်း ပြန်တည်ဆောက်ဖို့ဆိုတာကလည်း ဦးခင်အတွက် မလွယ်ကူတော့ဘူးလို့ ဆိုပါတယ်။ 
 
“ကျနော်ကြိုးစားပြီးလုပ်ခဲ့ရတဲ့ပစ္စည်းတွေကော ခုချိန်မှာပြန်ရဖို့တော့ဘယ်လိုမှမလွယ်ကူတော့ဘူး၊ ဒီအိမ်က ဦးရဲ့လက်ထပ်မှာဆောက်တာ မဟုတ်ဘူး၊ မိဘတွေလက်ထပ်မှာကတည်းက အနှစ်နှစ်၊ အလလဆောက်ခဲ့တာ၊ ဒီလိုနေရာကိုအစားထိုးပြန်ရဖို့ဆိုတာ တော်တော်ကြိုးစားရအုံးမှာပါ၊ အနည်းဆုံး နှစ် ၂၀ လောက်ကြာ နိုင်တယ်” လို့ ပြောရင်း ဦးခင်တယောက် သက်ပြင်းတချက်ချလိုက်ပါတယ်။ 
 
ဦးခင်တို့မိသားစုအပါအဝင် ရွာသားအများစုကတော့ ရွာမီးရှို့ခံရပြီး တပတ်နီးပါးလောက်ကြာမှ ရွာကိုပြန်ဝင်လာခဲ့ကြပါတယ်။  လက်ရှိမှာတော့ ရွာထဲမှာပဲ ယာယီနေထိုင်နိုင်ဖို့အတွက် ထန်းရွက်မိုး၊ ထရံကာ တဲအိမ်လေးတွေဆောက်ပြီး နေထိုင်ကြဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
မွေ့ထုံရွာနည်းတူ ပုလဲမြို့နယ်ထဲက ပန်းရွာ၊ လှော်ကားကြီး၊ ကိုင်းကျွန်း၊ ချောင်းဦးစတဲ့ ရွာတွေအပါအဝင် ကျေးရွားပေါင်း ၁၀ ရွာကျော်ကို ဇန်နဝါရီလကုန်ပိုင်းကစပြီး စစ်တပ်က ဆက်တိုက်ဆိုသလို ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း ဘေးလွတ်ရာ တောတွင်းဒေသတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

လက်ရှိအချိန်မှာ မိမိတို့ကျေးရွာတွေအတွင်း ပြန်ဝင်လာသူတွေလည်းရှိသလို စစ်ကောင်စီတပ်တွေပြန်လာမှာကို စိုးရိမ်တာကြောင့် တောထဲမှာ ဆက်ပြီးနေထိုင်နေတဲ့ ဒေသခံတွေလည်း ရှိနေပါသေးတယ်။ သူတို့တွေကတော့ ဒေသတွင်းထောက်ပံ့ကူညီတဲ့ အဖွဲ့အစည်းတွေနဲ့ အခြား တတ်နိုင်တဲ့ပြည်သူတွေဆီက ထောက်ပံ့မှုတွေကိုသာ အဓီကအားထား မှီခိုနေကြရပါတယ်။ 
 
ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ ချောင်းဦး၊ မြောင်၊ မြင်းမူ၊ ဝက်လက်၊ ရေဦး၊ ယင်းမာပင် စတဲ့မြို့နယ်တွေကိုလည်း စစ်တပ်က မကြာခဏ ဝင်ရောက်စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် နေအိမ်မီးရှို့တာတွေကို စိတ်တိုင်းကျလုပ်ဆောင်နေတာ ယနေ့အချိန်ထိပါ။ 
 
စစ်ကိုင်တိုင်းမှာ မြို့နယ်ပေါင်း ၃၄ ခုနဲ့ ကျေးရွာပေါင်း ၅၉၉၁ ရွာရှိပြီး၊ အဲ့ဒီထဲမှာ ၂၆ မြို့နယ်က စစ်တပ်ရဲ့မီးရှို့မှုတွေနဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို အများဆုံးရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။ 

အလားတူ မြို့နယ် ၂၅ မြို့နယ်၊ ကျေးရွာပေါင်း ၄၇၈၈ ရွာ ရှိတဲ့ မကွေးတိုင်းအတွင်းမှာလည်း စစ်တပ်ရဲ့ မီးလောင်တိုက်သွင်းမှုကို ခံခဲ့ရတဲ့ ကျေးရွာပေါင်းများစွာရှိပါတယ်။ 
 
မကွေးတိုင်းအတွင်း ပထမဆုံးမီးရှို့ခံရတဲ့ ကျေးရွာကတော့ ရဲလှကျေးရွာပါ။ မကွေ:တိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး - ဂန့်ဂေါလမ်းဘေးရှိ လူဦးရေ ၁ ထောင်နီးပါးနေထိုင်တဲ့ ရဲလှကျေးရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ပထမဆုံး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ အထိနာခဲ့တဲ့စစ်သားတွေက သူတို့တပ်ပြန်ဆုတ်တဲ့အချိန်မှာ ခုလိုမီးရှို့ခဲ့တာလို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 
 
မြိုင်၊ ဂန့်ဂေါ၊ ပေါက်၊ ရေစကြို၊ ဆော၊ ပခုက္ကူ စတဲ့မြို့နယ်တွေထဲက ကျေးရွာအများစုဟာ စစ်တပ်ရဲ့ မီးရှို့မှုကိုအဓိက ခံခဲ့ရသလို လက်ရှိအချိန်ထိလည်း ဒီဖြစ်စဥ်တွေနဲ့ ရင်ဆိုင်နေကြရဆဲပါ။ 
 
“စစ်တပ်ရဲ့ လုပ်ရပ်ကတော့ လူမဆန်တဲ့လုပ်ရပ်ပေါ့၊ ပြောရရင် လူစိတ်ရှိနေတဲ့ လူတွေမှာတော့ ဒီလိုလုပ်မှာမဟုတ်ဘူး။ ပြည်သူတယောက်အနေနဲ့လည်း နာကျည်းမုန်းတီးမိပါတယ်” လို့  မြိုင်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ 
 
မြိုင်မြို့နယ်အတွင်းမှာလည်း လက်ယက်မတောင်ပိုင်း၊ ပိတောက်ကန်၊ ညောင်ပင်သာ၊ မြောက်ဆည်၊ နဂါးပွက်၊ လယ်တီ၊ မကျည်းကန်၊ ကန်ကြီး၊ အုပ်ဖို၊ နှမ်းစားကျင်းရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော်ဟာ မီးရှို့ခံထားရပြီး၊ လူဦးရေ ၈ ထောင်ကျော်လည်း နေရပ်စွန့်ခွာနေကြရတာပါ။ 
 
“မြိုင်နယ်တနယ်လုံး အနေနဲ့တွေးကြည့်မယ်ဆိုရင် လူ့အသက်ထက် ဘာမှခင်တွယ်စရာမရှိဘူး။ ကိုယ့်အသက်ဘေး လွတ်မြောက်အောင်ပဲ ရှောင်တိမ်းနေရတယ်ပေါ့၊ သူတို့ဖျက်ဆီးသွားရင်လည်း ကျမတို့ ဘာမှမတုံ့ပြန်ပဲနဲ့ ခံစားနေရတာ၊ စစ်တပ်ရဲ့လုပ်ရပ်က လူမဆန်ဘူး၊ ကျမတို့အနေနဲ့ သူတို့ရဲ့လုပ်ရပ်ကို ဘယ်လိုမှ သည်းမခံနိုင်ဘူး၊ ပြည်သူတယောက်အနေနဲ့ ဆိုရင်လည်း သူတို့အပေါ်ကို ရွံရှာစက်ဆုတ်မိပါတယ်။” လို စစ်တပ်ရဲ့အပြုအမူတွေကို မနှစ်သက်ကြောင်း အထက်ပါ မြိုင်ဒေသခံ အမျိုးသမီးက ဆိုပါတယ်။  
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်ချက်နဲ့ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ခြေပေါင်း ၇ ထောင်ကျော် (၇၅၀၃)နဲ့  မကွေးတိုင်းအတွင်း ၂ ထောင်ကျော် (၂၁,၃၁) ရှိပြီလို့ အာဏာသိမ်းပြီးနောက် မီးလောင်ဆုံးရှုံးမှုနဲ့ ပက်သက်တဲ့ အချက်အလက်တွေကို စုစည်းတင်ပြနေတဲ့ လွတ်လပ်သောသုသေသနအဖွဲ့ Data For Myanmar ကလည်း ဆိုထားပါတယ်။
 
တဆက်တည်းမှာလည်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ နေအိမ်မီးရှို့ခံရမှု၊ စစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့ အခြားသောစစ်ရေးပဋိပက္ခတွေကြောင့် နေရပ်ကနေ စွန့်ခွာထွက်ပြေးနေရသူ ၃ သိန်းကျော်ရှိပြီး၊ သူတို့တွေအတွက်လည်း အကူအညီတွေ လိုအပ်နေပါတယ်။ 
 
ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူကတော့ “မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဆေးဝါး ထောက်ပံ့တာတွေ တောက်လျှောက်လုပ်ခဲ့ပါတယ်။ ပြည့်စုံလုံလောက်သွားတဲ့အခြေအနေတော့ မရှိသေးပါဘူး။ ဝန်ကြီးဌာနက အချို့ထောက်ပံ့သလို၊ အဓိကက ပြည်သူအချင်းချင်း ကူညီကြရပါတယ်။” လို့ ဆိုပါတယ်။ 
 
ဂန့်ဂေါမြို့နယ်က ကျေးရွာပေါင်း ၁၈ ရွာကို စစ်တပ်မီးရှို့တာကြောင့် အိမ်ခြေ ၆၈၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအတွက် ဒေသတွင်း စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဆီကနေ ထောက်ပံ့ကြေးငွေ ကျပ်သိန်း ၉ ရာကျော် (၉၀၁၁၂၈၀၀) ထိ ရရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေငြာထားခဲ့ပါတယ်။ 

ဒါပေမယ့် လက်ရှိအချိန်ထိ အဲ့ဒီစစ်ရှောင်တွေအတွက် စာနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ဆေးဝါးတွေကို လိုအပ်လျှက်ရှိနေပြီး၊ ဒေသတွင်းလူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူအချင်းချင်းထောက်ပံ့တာတွေ ရှိပေမယ့်လည်း လုံလောက်တဲ့ ထောက်ပံ့မှုတွေ မရရှိသေးပါဘူး။ 
 
“လက်ရှိကတော့ ဆေးဝါးတို့၊ စားနပ်ရိက္ခာတို့၊ မိုးကျတဲ့အချိန်လည်း ရောက်နေတော့ မိုးကာအင်္ကျီတို့လိုအပ်ပါတယ်။  ကျနော်တို့ဘက်ကလည်း မပြည်စုံကြဘူးလေ၊ ရွာတွေကလည်း ဆင်းရဲကြတယ်” လို့ မြိုင်မြို့နယ်၊ နှမ်းစာရွာမှ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ 

 

တချို့တောထဲမှာ နေထိုင်ရတဲ့ စစ်ရှောင်တွေဆီမှာလည်း စားနပ်ရိက္ခာရှားပါးမှု သောက်သုံးရေးရှားပါးမှု နဲ့ နေထိုင်ရာဒေသ ညစ်ညမ်းမှုတို့ကြောင့် သွေးလွန်တုတ်ကွေး၊ ဝမ်းရောဂါတွေလည်းဖြစ်ပွားနေတဲ့အတွက် ဆေးဝါးပစ္စည်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်လျှက်ရှိနေပါသေးတယ်။ 
 
ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ - NUG အနေနဲ့လည်း သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူမှုပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးကူညီဆောင်ရွက်ပေးသင့်တယ်လို့  ပခုက္ကူလူထု တိုက်ပွဲကော်မတီမှာ တာဝန်ရှိသူတဦးက ဆိုပါတယ်။ 
 
“အညာဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက် NUG အနေနဲ့ ခုလိုကြားကာလမှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးမှုးတွေကနေဖြစ်စေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ - LPDF ၊ မြို့နယ်၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး နေရေးထိုင်ရေးနဲ့ ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှုတွေကို အမြန်ဆုံးစီမံဆောင်ရွက်ပေးသင့်ပါတယ်။” လို့ သူကဆိုပါတယ်။ 
 
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့တိုက်ပွဲဖြစ်ပွားမှု၊ ကျေးရွာမီးရှို့မှုနဲ့ စစ်တပ်က အင်အားသုံး ဖြိုခွင်းတိုက်ခိုက်မှုအပြင် အခြားသောစစ်ဘေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း နေရပ်စွန့်ခွာထွက်ပြေး နေရသူ စုစုပေါင်း ၂၄၀,၆၀၀ ဦးကျော်ရှိပြီး မကွေးတိုင်းအတွင်းမှာတော့ ၅၀,၅၀၀ ဦးကျော်ရှိတယ်လို့ United Nations OCHA Myanmar က ပြီးခဲ့တဲ့ မေလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာထားပါတယ်။ အဲ့ဒီထဲမှာ မွေးကင်းစာ ကလေးငယ်တွေ၊ အသက် ၈၀ ကျော် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်ပါတယ်။ 
 
စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း သူတို့ဘက်က အရေးနိမ့်ခဲ့တဲ့အခါမျိုးမှာလည်း အနီးစပ်ဆုံးကျေးရွာတွေကိုဝင်ပြီး “PDF နဲ့ပူးပေါင်းတယ်။ ဒီရွာမှာ PDF တွေရှိတယ်” ဆိုတဲ့ မခိုင်လုံတဲ့အကြောင်းပြချက်တွေပေးကာ ရွာလုံးကျွတ် မီးရှိ့ဖျက်ဆီးတာတွေနဲ့ အကြမ်းဖက်အမျိုးမျိုးကို လုပ်ဆောင်ပါတော့တယ်။ ဒါကတော့ “ကြွက်မနိုင် ကျီမီးနဲ့ရှို့” ဆိုတဲ့စကားပုံလိုပါပဲ။ PDF မနိုင် ပြည်သူကို အနိုင်ကျင့်အကြမ်းဖက်နေတာပါ။ 
 
တဖက်မှာလည်း ခုလိုစစ်ကောင်စီက နေအိမ်တွေကိုမီးရှိ့တာဟာ သူတို့ကိုပြန်ပြီး မဆန့်ကျင်၊ မတော်လှန်ရဲအောင် ပြည်သူကို အကြောက်တရားသွင်းတဲ့ သဘောမျိုးလဲ သက်ရောက်တယ်လို့ စစ်ကိုင်းတိုင်း၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် အမျိုးသမီးတဦးက ဆိုပါတယ်။ 
 
“အဓိကကတော့ ပြည်သူတွေကို အကြောက်တရားတခုနဲ့လုပ်တာလို့မြင်တယ်။ သူတို့က မီးရှိုပြတယ်။ လူတွေသတ်ပြတယ်။ ဒါမှ ပြည်သူလူထုက ကြောက်ရွံ့ပြီး ငြိမ်ကျသွားမယ်ပေါ့၊ အဲ့ဒီပုံစံနဲ့ လုပ်နေတာလို့မြင်တယ်။ ဒီကောင်တွေမှာက လူလိုအသိစိတ်မရှိဘူးလေ၊ ပြီးတော့ သူတို့မှာအိမ်မရှိဘူး၊ အိမ်တလုံးရဲ့တန်ဖိုးကို သူတို့နားမလည်ဘူး၊ ဒီတော့ လွယ်လွယ်ကူကူနဲ့ မီးရှို့ဖျက်ဆီးတယ်၊”  လို့ သူက ပြောပါတယ်။ 
 
စစ်တပ်က ဘယ်လောက်ပဲ အကြမ်းဖက်ဖျက်ဆီးတာတွေလုပ်လုပ် ပြည်သူတွေအနေနဲ့ မကြောက်ရွံ့ပဲ ဆက်လက်တော်လှန်နေကြဆဲဖြစ်သလို သူတို့ရဲ့စိတ်ထဲမှာ စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်ဖို့ကိုသာ အဓိကရည်မှန်းထားနေကြတာလို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။   
 
“သူတို့အိမ်တွေ စီးပွားရေးလုပ်ငန်းတွေဆုံးရှုံးသွားတဲ့အတွက် သူတို့စိတ်မကောင်းဖြစ်တယ်။ စိတ်ဓါတ်လျော့ကျသွားတာမျိုးမရှိဘူး။ ကြောက်အောင်လုပ်ပေမယ့် သူတို့အနေနဲ့လုံးဝမကြောက်ဘူး။ ပိုပြီးနာကျည်းတဲ့စိတ်နဲ့ ဆက်ပြီး တိုက်ပွဲဝင်နေတာကိုတွေ့ရတယ်။ စစ်ကောင်စီက ဒီလိုမျိုးလုပ်တဲ့အတွက် နာကျည်းစိတ်တွေကလည်း ပိုများတယ်။ သူတို့မှာ စိတ်ပျက်အားလျော့တာမျိုးမရှိပဲနဲ့ ပိုပြီးစိတ်ဓါတ်တတ်ကြွနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိုတိုက်ချင်တဲ့စိတ်တွေဖြစ်လာတယ်” လို့ ဆိုပါတယ်။ 
 
ဒါ့အပြင် စစ်တပ်ဘက်မှာ ပြည်သူမရှိတာကြောင့် တပ်သားတွေဟာ စစ်တိုက်ဖို့အတွက် သိသင့်တဲ့ သတင်းအချက်အလက်တွေ မသိရတဲ့အတွက် စစ်တိုက်ဖို့နေရာမှာလည်း အခက်အခဲရှိနေပြီး၊ စစ်တိုက်ဖို့ထက် ခုလိုအကြမ်းဖက်၊ ဖျက်ဆီးမှုတွေကိုသာ လုပ်ဆောင်လာတာလို့  ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ထုတ်နေတဲ့ ရေစကြို PDF မှ ဗိုလ်မိုင်းတေဇက ခုလိုသုံးသပ်ပါတယ်။
 
“သူတို့မှာ နယ်မြေလည်းမရှိဘူး။ လူထုလည်းမရှိဘူး။ စစ်တိုက်ဖို့အတွက် သတင်းအချက်အလက်က သူတို့မှာမရဘူးဖြစ်နေတယ်။ ပြည်သူလုထုတွေ ကြားထဲမှာ သူတို့အနေနဲ့ စစ်တိုက်ဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်လို့ စစ်မတိုက်တတ်တော့ဘူးပြောရမှာပေါ့၊ ပြည်သူလူထုကို စစ်ရေးအရ ဘယ်လိုမှ အသာစီးယူလို့မရတဲ့အခါ လုံးဝကလေးဆန်ဆန် လူထုကို အကြောက်တရားနဲ့ ငြိမ်ခံအောင်လုပ်ဖို့ပဲ သူတို့မှာနည်းလမ်းရှိတော့တာ၊ ဒါ့ကြောင့် တိမ်း ရှောင်လို့မရတဲ့ ရွာတွေ၊ သတ်မဲ့အိုးအိမ်တွေကိုသာ မီးရှို့ဖျက်ဆီးနေတော့တာပါ”  လို့ ဗိုလ်မိုင်းတေဇက ဆိုပါတယ်။ 
 
နွေရာသီရောက်ရင် တနိုင်ငံလုံးအပူဒဏ်ကို ခံစားရပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းစတဲ့ အညာဒေသမှာတော့ အခြားဒေသတွေထက် အပူချိန်မြင့်မားတာကြောင့် အဲ့ဒီကဒေသခံတွေဟာ ပူပြင်းမှုဒဏ်ကို နှစ်စဥ် ပိုပြီးခံစားရစမြဲပါ။ ပုံမှန် ခေတ်ကာလကောင်းတဲ့ အချိန်မှာတောင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် အပူရှောင်စခန်းများပြုလုပ်ပြီး ဒီအပူဒဏ်ကို အံတုနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးကြရပါတယ်။ 
 
သို့ပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ တပ်တွေကတော့ ပူတာအေးတာကို ဘေးချိတ်ပြီး၊ အပူဆုံးလလို့ သတ်မှတ်ထားတဲ့ မေလနဲ့ ဧပြီလအတွင်းမှာတင် အညာဒေသက ရာနဲ့ချီတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ ဒေသခံတွေအတွက်တော့ အပူပေါ်အပူဆင့်ဆိုသလိုပါပဲ။ ရာသီဥတုအပူဒဏ်ထက် ပိုင်ဆိုင်သမျှအိုးအိမ်စည်းစိမ်တွေဆုံးရှံးလို့ ခံစားရတဲ့ ရင်တွင်းအပူက ပိုပြီးသာနေမှာ မုချပါ။  

“အညာဒေသက နိုင်ငံရဲ့ ပထဝီအနေအထားအရကြည့်မယ်ဆိုရင်လဲ အပူပိုင်းထဲမှာပါတယ်။ အပူပိုင်းဒေသလို့ ပြောလို့ရတယ်။ အညာဒေသဟာ နေအပူချိန်ကိုလည်း ပြင်းပြင်းထန်ထန်ခံစားရတယ်။ အခုလိုကာလမှာ ဒေသခံတွေအနေနဲ့ နေအပူရော၊ ဒေသရဲ့အပူရော၊ ခုလိုမီးရှီု့ခံရတော့ ရင်ထဲက အပူတွေပါ ခံစားရတယ်လို့ ကျနော်တို့မြင်တယ်။ ပြည်သူလူထုကတော့ ဒီလိုမျိုးအပူတွေကို မခံစားချင်တော့ဘူး၊ ဒီအပူတွေငြိမ်းဖို့ဆိုတာလည်း ဒီအပူတွေကိုစပြီးပေးတဲ့ စစ်အုပ်စုမရှိမှရမှာ။ စစ်အုပ်စုအမြစ်ပြုတ်ဖို့ပဲ ပြည်သူလူထုကမျှော်လင့်နေတယ်’’ လို့ မကွေးလူထုတိုက်ပွဲကော်မတီမှ ကိုချစ်ဝင်းမောင်က ဆိုပါတယ်။ 
 
လက်ရှိကာလမှာကြုံတွေခံစားရတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေကို သေချာမှတ်တမ်းတင်စုစည်းထားပြီး နောင်တချိန် တရားဥပဒေစိုးမိုးတဲ့ အချိန်ကျရင် ဒီစစ်ရာဇဝတ်မှုတွေအတွက် စစ်တပ်ဟာ ပြန်လည်ပေးဆပ်ဖို့လုပ်ဆောင်ရမယ်လို့လည်း ကိုချစ်ဝင်းမောင်က ဆက်ပြောပါတယ်။ 
 
“စစ်တပ်ရဲ့ ဒီလိုအကြမ်းဖက်မှုတွေကလည်း ခုမှလုပ်တာမဟုတ်ပါဘူး။ နှစ်တွေကြာအောင်ကျင့်သုံးခဲ့တဲ့ ရာဇဝတ်မှုပဲဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ ကောင်းကောင်းမှတ်တမ်းတင်ထားဖို့လိုတယ်။ တချိန်မှာ ဒီစစ်ရာဇဝတ်မှုအားလုံးအတွက်ကို ထိုက်သင့်တဲ့ တရားမျှတမှုတွေပြန်ရအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ကိုချစ်ဝင်းမောင်က ဆိုပါတယ်။
 
စင်စစ်ဆိုရရင် စိုင်းညှို့တဲ့ ထန်းပင်၊ ထန်းတောတွေနဲ့ လှပတဲ့တောင်ယာစပါးခင်းတို့ မော်ကြွားကြီးစိုးရာ အညာဒေသဟာ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ မီးလောင်တိုက်သွင်းမှုကို ရင်ဆိုင်နေကြရပြီး၊ ဒေသခံတွေဟာလည်း အမျိုးမျိုးသော ဆင်းရဲဒုက္ခတွေနဲ့ အတူရောယှက် နေထိုင်နေကြရမြဲပါ။ 
 
သို့သော် ကြုံရတဲ့ ဒုက္ခတွေကိုအံတုပြီး၊ ဒေသခံတွေဟာ အကြမ်းဖက်မှုတွေရဲ့ အဓိကဇာတ်ဆောင် စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို နေရာပေါင်းစုံ၊ ရှု့ထောင့်ပေါင်းစုံကနေ အရှိန်ပြင်းပြင်းနဲ့ တော်လှန်တိုက်ခိုက်နေပြီး မီးခိုး နဲ့ ယမ်းငွေ့တွေကြားက အညာရွာတွေကိုပါ မီးလောင်တိုက်ထဲက ရုန်းထွက်နိုင်ဖို့ ကြိုးစားလျှက်ရှိနေကြပါတယ်။  
 
#မြေလတ်အသံ 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10