အညာမြေက မင်းအောင်လှိုင်ရဲ့ သူခိုးစစ်တပ် (သတင်းဆောင်းပါး)

အညာမြေက မင်းအောင်လှိုင်ရဲ့ သူခိုးစစ်တပ် (သတင်းဆောင်းပါး)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေကြသလို ကျေးရွာတွေက ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတာတွေ ပိုမိုလုပ်ဆောင်လာကြတယ်လို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသက ကျေးရွာတွေကိုဝင်ရောက်တဲ့အခါ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လူဖမ်းသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ထိုးလာတဲ့အခါ ကျေးရွာထဲမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ဒီလိုထွက်ပြေးကြရာမှာ စစ်ကြောင်းထိုးခံရတဲ့ကျေးရွာအပြင် အနီးအနားက ကျေးရွာတွေပါ ထွက်ပြေးကြရတာ ဖြစ်ပါတယ်။

ဒီအခါမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူမရှိတော့တဲ့ ကျေးရွာတွေထဲဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့တာတွေပြုလုပ်သလို အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဈေးဆိုင်တွေမှာရှိတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ စားစရာတွေကို စိတ်ကြိုက်ယူဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ပျူစောထီးတွေနဲ့ ပျူစောထီးတွေရဲ့ မိသားစုဝင်တွေကပါ လူမရှိတော့တဲ့ ကျေးရွာတွေထဲ ကားကြီးကားငယ်တွေနဲ့ဝင်ရောက်ကာ ရှိသမျှပစ္စည်းကို အကုန်ခိုးယူတာတွေ ပိုမိုလုပ်ဆောင်လာကြတာဖြစ်တယ်လို့ဆိုပါတယ်။ 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေချိုစံပြကျေးရွာက ဒေသခံတဦးက ပြောပြတာက “အိုင်ကြီးရွာထဲကိုဆိုရင် နေ့ခင်းကြောင်တောင် အုပ်စုဖွဲ့ပြီးတော့ လူမနေတဲ့အိမ်တွေထဲက ပစ္စည်းတွေကို သုံးဘီးနဲ့လာသယ်တယ်။ ထော်လာဂျီနဲ့လာသယ်တယ်။ ပျူကတော်တွေဖြစ်ဖို့များတယ်“ လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်ထဲက ချမ်းသာကြီးကျေးရွာနဲ့ အိုင်ကြီးကျေးရွာက ဒေသခံတွေဟာ စစ်တပ်ရန်ကိုကြောက်ပြီး ကျေးရွာကထွက်ပြေးသွားတဲ့အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ရွာထဲဝင်ပြီး ရွာခံတွေ ပိုင်ဆိုင်တဲ့ ဆိုင်ကယ်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဖောကားတွေနဲ့ လာရောက်ယူဆောင်သွားကြတယ်လို့ ပခုက္ကူမြို့နယ်၊ ဆယ်လံရွာသားတဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ချမ်းသာကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေဟာ ဇူလိုင် ၂ ရက် မနက် ၆ နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ကျေးရွာထဲကို ဝင်ခဲ့ပါတယ်။ ပြီးတော့ ရွာခံတချို့ကို ဖမ်းပြီး အိမ်တွေထဲက စားစရာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ခင်ဦးသတင်း မှန်ပြန်ကြားရေးတာဝန်ဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့  ရွာသစ်ကုန်းကျေးရွာက ပျူစောထီးတွေပေါင်းထားတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ 

သူတို့ဟာ ချမ်းသာကုန်းကျေးရွာထဲ မဝင်ခင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ် ခြောက်လှန့်ပြီးမှ ဝင်ရောက်တာဖြစ်လို့ ကျေးရွာထဲက ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။  

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချမ်းသာကုန်းကျေးရွာအတွင်းတွေ့ရှိတဲ့ ရွာခံ ၄ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦးရဲ့ပေါင်ကိုလည်း သေနတ်နဲ့ တေ့ပစ်သွားခဲ့ပါသေးတယ်။ 

ပြီးတဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ချမ်းသာကုန်းရွာထဲက လူနေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်ပြီး စားသောက်စရာနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်ကာ သူတို့အထိုင်ချရာ အင်းပတ်ကွေ့ဈေးတန်းစခန်းကို ပြန်လည်ထွက်ခွာသွားကြတာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက လူနေအိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျောက်အိုင်ရွာကို ဇွန် ၁၃ ရက် မနက် ၆ နာရီအချိန်မှာ ပျူစောထီးအင်အား ၁၀၀ ခန့်ဟာ ဆိုင်ကယ်နဲ့ ကားတွေစီးပြီး ကျေးရွာထဲကို ဝင်လာခဲ့ပါတယ်။ သူတို့ဝင်လာပြီး သေနတ်တွေနဲ့ပစ်ခတ်တာတွေလုပ်တဲ့အတွက် ကျောက်အိုင်ရွာသူ၊ ရွာသားတွေဟာ ကျေးရွာကနေ ထွက်ပြေးခဲ့ကြရပါတယ်။ 

ရွာထဲမှာ လူမရှိတော့တဲ့အခါမှ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ ပျူစောထီးတွေဟာ ကျေးရွာအတွင်းက အိမ်ကြီး၊ အိမ်ကောင်းတွေထဲ ဝင်ရောက်ပြီး ပစ္စည်းတွေကို စိတ်ကြိုက်ရှာဖွေ ယူဆောင်ကြတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ရွာသားတွေ ထွက်ပြေးကြလို့ သေနတ်တွေနဲ့လိုက်ပစ်တယ်။ ရွာထဲမှာ လူမရှိတော့မှ သူတို့စိတ်ကြိုက် အိမ်ကြီးအိမ်ကောင်းကို ရွေးဝင်တယ်။ သူတိုကြိုက်တဲ့ပစ္စည်းဆိုရင် အကုန်ခိုးသယ်ကြတယ်" လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

ပျူစောထီးတွေဟာ ကျောက်အိုင်ရွာထဲက လူနေအိမ် ၂ လုံးကို ဖျက်ဆီးသလို တခြားအိမ် ၅ လုံးထဲရှိ ဆိုင်ကယ် ၄ စီး၊ ပြောင်းမျိုး ၃ အိတ်၊ စားဆီပုံးကြီး ၃ ပုံးနဲ့ မိုးကာလိပ် ၃ လိပ်အပြင် အခြားပစ္စည်းတွေ လည်း ယူသွားတယ်လို့ ကျွန်းလှဒေသခံတဦးက ပြောပါတယ်။

ပစ္စည်းတွေယူဆောင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီပျူစောထီးစစ်ကြောင်းဟာ ပစ္စည်းတွေနဲ့အတူ ကျွန်းလှမြို့ဘက်ကို ပြန်သွားကြတယ်လို့ ဆိုပါတယ်။

ကျွန်းလှမြို့နယ်က ပျူစောထီးတွေဟာ ကျောက်အိုင်ရွာက ဒေသခံတွေကို ပျူစောထီးတပ်ဖွဲ့ထဲဝင်ဖို့၊ ပျူစောထီးတပ်ဖွဲ့ ဖွဲ့စည်းဖို့နဲ့ ကျေးရွာစာသင်ကျောင်း ပြန်ဖွင့်ဖို့ ညှိနှိုင်းမှုတွေလုပ်ခဲ့ရာမှာ ကျောက်အိုင်ရွာခံတွေက မလိုက်နာတဲ့အတွက် အခုလို မကြာခဏအနိုင်ကျင့်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

"အဲ့ဒီရွာကို ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်မှာ ပထမဆုံး ပျူတွေဝင်လာတုန်းက ဘာအပြစ်မှမရှိတဲ့ ရွာသား ၂ ဦးကို ရွာလယ်လမ်းမှာ ပစ်သတ်ခဲ့တယ်။ ဒုတိယနဲ့တတိယအခေါက်မှာ မဆိုးသေးဘူး။ အခု စတုတ္ထအကြိမ်မှာ ထင်ရာစိုင်းလုပ်ခဲ့ကြတယ်လို့" ကျွန်းလှဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတချို့မှာ အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေဟာ သူတို့အထိုင်ချထားရာ အနီးဝန်းကျင်က ကျေးရွာတွေကို အခုလို မကြာခဏဝင်ရောက်ပြီး နေအိမ်မီးရှို့၊ ပစ္စည်းတွေ ခိုးယူကြသလို အဲ့ဒီအထိုင်တပ်တွေကို ရိက္ခာလာပို့ကြတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကိုယ်တိုင်ကလည်း စစ်ကြောင်းသွားရာ လမ်းတလျှောက်က ကျေးရွာတွေထဲ ဝင်ရောက်ကာ နေအိမ်မီးရှို့၊ ပစ္စည်းခိုးယူတာတွေ လုပ်လေ့ရှိတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်းကျေးရွာကို ဇူလိုင် ၇ ရက်မှာ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဝင်ရောက်မွှေနှောက်ပြီး လူနေအိမ်နဲ့ စပါးကျီတွေကို မီးရှို့တာ၊ ရွှေထည်ပစ္စည်းတွေအပါအဝင် ရွာခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတာ၊ ဒါ့အပြင် ရွာခံတွေ မွေးမြူထားတဲ့ ကျွဲ၊ နွား၊ ဝက် စတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မင်းကင်းမြို့နယ်ထဲက ပျူစောထီးကျေးရွာဖြစ်တဲ့ မအူကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ရိက္ခာလာအပို့မှာ အင်းကျေးရွာက နေအိမ်နဲ့ စပါးကျီးတွေကို မီးရှို့သွားပြီး အပြန်မှာ ရွှေထည်နဲ့ တခြားပစ္စည်းတွေကို ခိုးယူသွားကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ကလေးဝကနေ မအူစခန်းကိုအသွားမှာ အိမ်တွေနဲ့ စပါးကျီကို မီးရှို့တာ။ မအူစခန်းကနေ ကလေးဝကို အပြန်မှာ ရွှေတွေနဲ့တခြား ပစ္စည်းတွေကို ခိုးယူပြီးတော့ တိရိစ္ဆာန်တွေကို ပစ်သတ်ခဲ့တာ" လို့ မင်းကင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။

မင်းကင်းမြို့နယ်၊ အမှတ် ၁၁ တပ်ရင်းရဲ့ ပြုစုထားတဲ့စာရင်းအရတော့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ အင်းကျေးရွာက နေအိမ် ၆ လုံး၊ စပါးကျီ ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၁ ကွင်း၊ နားကပ် ၁ စုံ၊ ပိုက်ဆံ ၁ သိန်း၊ ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၁ စီး၊ ဆိုလာ ၁ ချပ်၊ ရေစက် ၁လုံး တို့ကို ခိုးယူသွားတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အင်းကျေးရွာက ပြည်သူတွေပိုင်ဆိုင်တဲ့ နွား ၁ ကောင်၊ ကျွဲ ၁ ကောင်နဲ့ ဝက် ၁ ကောင်တို့ကို ပစ်သတ်သွားခဲ့တယ်လို့ အမှတ် ၁၁ တပ်ရင်း(မင်းကင်း)မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အဲ့ဒီစစ်အုပ်စုဟာ ဇူလိုင် ၉ ရက်မှာ အင်းကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေယူပြီးနောက် အိမ်နီးချင်းရွာဖြစ်တဲ့ ပိက္ခယားကျေးရွာကိုပါ ဝင်ရောက်ပြီး လူနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့နောက်လိုက် ပျူစောထီးတွေဟာ ရွာသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတာအပြင် ကျွဲ၊ နွား၊ ဝက်၊ သိုးနဲ့ ဆိတ်တွေကိုပါ သတ်ဖြတ်စားသောက် ခိုးယူနေကြတာပါ။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာမှာဆိုရင် ဇွန်လ ၉ ရက် မနက်ပိုင်းမှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်ညအိပ်ပြီး နောက်ရက်မှာ ကျေးရွာထဲက သိုး၊ နွား အကောင်ရေ ၇၀ ကို ယူဆောင်သွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ညအိပ်စခန်းချတဲ့အချိန်မှာ ရေအေးကုန်းရွာထဲက ရွာသားတွေပိုင်ဆိုင်တဲ့ သိုး ၂ ကောင်နဲ့ ဝက် ၁ ကောင်ကို သတ်ဖြတ်စားသောက်ခဲ့ကြပါသေးတယ်။ 

နောက်နေ့မနက်မှာတော့ အဲဒီစစ်ကြောင်းဟာ ရွာထဲက မထွက်သွားခင်မှာ နေအိမ် ၄ လုံးနဲ့ ကျေးရွာစာသင်ကျောင်းကို မီးရှို့ခဲ့ပါသေးတယ်။ အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ သိုး၊ နွားတွေနဲ့အတူ ပျူစောထီးအားကောင်းတဲ့ ဖိုလ်ကုန်းရွာကို ဝင်ရောက်သွားခဲ့ပါတယ်။

"မနေ့က စစ်ကြောင်းကနေ့လယ်လောက်မှာ ထွက်ဟန်ပြပြီး ရွာထဲမှာ ညအိပ်တာ၊ ညရောက်မှ အိမ် ၄ လုံးနဲ့ စာသင်ကျောင်းကို မီးရိူ့တာ။ မနက်အစောပိုင်း ရွာထဲကထွက်တော့ သိုးနဲ့နွားတွေကို စစ်ကြောင်းရှေ့ကနေ မောင်းသွားတာ။ ပြီးတော့ရွာထဲမှာလည်း သတ်ဖြတ်စားသောက်ထားတာတွေလည်း ရှိသေးတယ်" လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးရဲ့တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာသားတွေရဲ့နေအိမ်တွေမှာ "ခွေးမသားတွေမင်းတို့ မိုက်ရင် မိုင်းမထောင်နဲ့ သေနတ်ချင်းပစ်မယ်၊ ဖာသယ်မသား PDFတွေ"၊ "PDF ခွေးမျိုး"၊ "လေတိုက်တိုင် သစ်ရွက် မကြွေးပါဘူး။ မင်းတို့ဂရုစိုက်နေကြ။ အေးချမ်းပါစေ မင်တို့" ဆိုတဲ့စာသားတွေကိုလည်း ရေးသားခဲ့ပါတယ်။

ဇူလိုင်လ ဒုတိယပတ်ထဲမှာ အင်အား ၁၇၀ ပါ စစ်ကောင်စီစစ်ကြောင်းဟာ မြင်းမူမြို့နယ်၊ ကန်သုံးဆင့်ကျေးရွာကို ဖြတ်သွားတဲ့အချိန် ရွာသားတဦးကို သေနတ်နဲ့ပစ်သတ်သွားသလို ကျေးရွာဘုန်းကြီးထံက ကျောင်းဆောက်မယ့် ငွေကျပ် ၂၆ သိန်းနဲ့ ရွှေ ၁ ကျပ်သားကိုပါ လုယူသွားကြပါသေးတယ်။ 

ဒီစစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်က မြင်းမူမြို့နယ်၊ ကန်သုံးဆင့်ကျေးရွာအနီးကို ဖြတ်သွားချိန် ရွာသားတဦးကို ပစ်သတ်ခဲ့တာဖြစ်ပြီး ဇူလိုင် ၁၂ ရက် ကန်သုံးဆင့်ရွာထဲကို ပြန်လည် ဝင်ရောက်လာချိန်မှာတော့ ဘုန်းကြီးကျောင်းမှာ သတင်းသုံးနေတဲ့ ဦးပဥ္ဇင်းထံကနေ ပိုက်ဆံကို လုယူခဲ့တာလို့ ဆိုပါတယ်။ 

"ဦးပဥ္ဇင်းကျောင်းပေါ် တက်လာပြီး လွယ်ထားတဲ့အိတ်ထဲက ဘာတွေလဲဆိုပြီး ပိုက်ဆံတွေမြင်တော့ လုသွားတာ"လို့ မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုအုပ်စိုးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘုန်းကြီးကျောင်းထဲကထွက်သွားပြီးတဲ့အခါ ကျေးရွာထဲက အရက်ဆိုင်မှာ ငွေကျပ် ၂ သိန်းကိုတောင်းသွားသလို ရွာထဲက နေအိမ်တွေဆီကလည်း အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ အရာတော်နဲ့ မြင်းမူမြို့နယ်ထဲက ကျေးရွာတွေကို လှည့်ပတ်ပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ကျေးရွာတွေထဲ သေနတ်တွေပစ်ဖောက်ဝင်ရောက်ပြီး ရွာခံတွေ ထွက်ပြေးသွားတဲ့အခါမှာ ရွာထဲရှိနေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကို ကားကြီး၊ ကားငယ်တွေနဲ့ပါ ခိုးယူလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့နယ်အတွင်းက လင်းပိုးကျေးရွာမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာဈေးထဲက ကုန်စုံဆိုင် ၃ ဆိုင်ထဲ ဝင်ရောက်ပြီး ဓာတ်ဆီပေပါ ၁၂ လုံး၊ စားသုံးဆီပုံး၊ မုန့်ထုပ်ဖာ၊ အအေးဗူး၊ ဘီယာဗူးဖာ၊ ကျောင်းသားသုံး ကျောပိုးအိတ်၊ ရှူးဖိနပ်နဲ့ လူနေအိမ်မှ TV တလုံး၊ ဘတ္ထရီအိုးကြီး ၁ လုံး၊ Air-cooler ၁ လုံး စတဲ့ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၂ ရက်မှာ မုံရွာမြို့အဝင်မှာရှိတဲ့ မအူဂိတ်က ထွက်လာတဲ့ အင်အား ၆၀ ခန့်ပါတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ 

"တပ်ရင်းကတော့ မသိဘူး၊ မုံရွာအဝင် မအူဂိတ်ကနေလာတာ။ ပြည်သူတွေ အကုန်ပြေးကြတာဆိုတော့ ဆိုင်ရှင်တွေ၊ အိမ်ရှင်တွေ မရှိကြဘူး။ ဖမ်းခံရတာ မီးရှို့ခံရတာတော့ မရှိပါဘူး" လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ကျေးရွာအတွင်းက ပစ္စည်းတွေကို စိတ်ကြိုက် ခိုးယူပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာ - အမြင့်လမ်းပေါ်က မောင်းနှင်လာတဲ့ FAW ကားကြီး ၂ စီးကို ချောဆွဲပြီး ခိုးယူထားတဲ့ပစ္စည်းတွေကို တင်ဆောင်ကာ မအူဂိတ်ကို ယူဆောင်သွားကြတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီလိုပစ္စည်းတွေကို ခိုးယူသွားတဲ့အပြင် လူနေအိမ်တဆောင်ရဲ့ အုတ်နံရံတွေ ပေါ်မှာတော့  "နောက်တခါဆို ပြာပုံပဲ မြင်ရမယ်၊ ဖင် မယားနဲ့ နောက်တခါ အရှင်လာဖမ်းမည်" စတဲ့ ခြိမ်းခြောက်စာတွေကိုပါ ရေးသားထားခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်က ဒီလိုမျိုး ပစ္စည်းတွေ ခိုးယူသွားတာနဲ့ပတ်သက်လို့ လင်းပိုးကျေးရွာက ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဖြစ်လာမှတော့ ကြံ့ကြံ့ခံပြီး တောင့်ခံရမှာပေါ့။ ဖြေသိမ့်ပြီး နေရာမှာပေါ့၊ ဘယ်တတ်နိုင်မလဲ။ ညောင်ပင်ကြီးရွာက ပြည်သူတွေဆိုရင် ကျနော်တို့ထက် ဆိုးတဲ့သူတွေတောင်ရှိသေးတယ်။ သူတို့မှာ နေထိုင်စရာအိမ်မပြောနဲ့ ခြံတွေတောင် မရှိတော့ဘူး”

#မြေလတ်အသံ 

#ဆောင်းပါး #သတင်းဆောင်းပါး #အညာမြေ #မင်းအောင်လှိုင် #သူခိုးစစ်တပ် #ပျူစောထီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10