အညာလမ်းမများပေါ် ဓားပြတွေ သောင်းကျန်းနေသည် (သတင်းဆောင်းပါး)

အညာလမ်းမများပေါ် ဓားပြတွေ သောင်းကျန်းနေသည် (သတင်းဆောင်းပါး)

ရေးသားသူ - ပြည့်စုံငြိမ်းချမ်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အညာဒေသ ကားလမ်းမများပေါ်တွင် ဗြောင်ကျကျ ဓားပြတိုက်မှုများလုပ်ဆောင်နေသည်ဟု ခရီးသွားပြည်သူများ၊ ကုန်သည်များနှင့် မော်တော်ယာဉ်မောင်းများက ပြောသည်။ 

စစ်ကောင်စီတပ်သားများသည် ခရီးသွားများကို ကိုယ်ရေးအချက်အလက် စစ်ဆေးသည့်အခါ လိုသည်ထက် ပိုမိုစစ်ဆေးမေးမြန်းခြင်းများကြောင့် အညာတွင် မဖြစ်မနေ ခရီးသွားရသူများနှင့် ယာဉ်မောင်းများသည် စစ်ကောင်စီဂိတ်များဖြတ်ရတိုင်း အကြောက်တရားဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။  

စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းပြချက်မျိုးစုံပြကာ ခရီးသွား ပြည်သူနှင့် ယာဉ်မောင်းများထံမှ ဓားပြတိုက်သလို ငွေကြေးတောင်းခံမှုများ ပြုလုပ်ကြသည်။ 

ထို့အပြင် စစ်ဆေးနေစဉ် ခရီးသွားပြည်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများရှိတတ်ပြီး ပြင်းထန်ဒဏ်ရာရတာမျိုးရှိသလို အသက်သေတာမျိုးလည်း ကြုံနေရသည်ဟု မော်တော်ယာဉ်မောင်း များနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ခရီးသွားများက ပြောသည်။ 

ကုန်စည်ပို့ဆောင်ရာ အဓိကလမ်းပိုင်းတခုဖြစ်သည့် မန္တလေး-မုံရွာလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်မော်တော်ယာဉ်များကို စစ်ဆေးသည့် စစ်ကောင်စီတပ်ဂိတ် ၁၃ ခုအထိရှိပြီး အတောင်းအရမ်း အကြမ်းဆုံးဖြစ်သည်ဟု ကုန်ကားသမားများက ဆိုသည်။ 

မန္တလေးကနေ စထွက်ပါက စစ်ကိုင်းတံတား၊ ကန်တလူ၊ ညောင်ပင်ဝန်း၊ ထီးဆောင်း၊ ကျောက်နဂါး၊ ဂွေးပင်တော၊ ကားပျက်ကြီး၊ ချောင်းဦးအဝင်၊ မြပုလဲဆီဆိုင်၊ ခင်မွန်ကြက်ခြံ၊ စွမ်းရည်ထက်၊ မုံရွာမုခ်ဦးနှင့် မုံရွာမြို့ရှောင်လမ်းစသည့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို ဖြတ်ပြီးမှ မုံရွာသို့ရောက်မည်။  

မိုင် ၈၀ ကျော်သာရှိသည့် ထိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ၅ မိုင်လျှင် ၁ ဂိတ်နှုန်းဖွင့်ကာ တောင်းရမ်းနေသည့် သဘောဖြစ်သည်။ ရံဖန်ရံခါတွင် အင်အား ၂၀ ဝန်းကျင်လောက်ဖြင့် အမိုးအကာပါ ကားကြီးများ ထိုးကာ ယာယီဂိတ်လုပ်ပြီး ငွေကြေးတောင်းခံသည့် စစ်ဆေးရေးဂိတ်များလည်း ရှိနေတတ်ပြန်သည်။ 

ကုန်ကားသမားတဦးထံမှ ရရှိသည့်စာရင်းအရ ကျပ် ၅,၀၀၀ ကောက်သည့်ဂိတ် ၃ ခုသာတွေ့ရပြီး ကျန်ဂိတ်အများစုမှာ ကျပ် ၁၀,၀၀၀ နှင့်အထက် တောင်းနေကြသည်။ တချို့သောဂိတ်များမှာ ကျပ် ၅၀,၀၀၀ နှင့် အထက်အထိပင် တောင်းနေကြသည်။ 

ကုန်ကားကြီးတစီး ထိုလမ်းပိုင်းကို တကြောင်းဖြတ်လျှင် စုစုပေါင်း ဂိတ်ကြေး ကျပ် ၃ သိန်းဝန်းကျင့်ခန့်အထိ ကုန်ကျသည်ဟု ယာဉ်မောင်းများက ပြောသည်။ 

စစ်ကောင်စီသည် လမ်းဂိတ်များချထားရာတွင် မြေအောက်လှိုင်ခေါင်းများပါတူးပြီး ကတုတ်ကျင်းများကိုပါ ကွန်ကရစ်ဖြင့် အခိုင်အမာထည့်သွင်း တည်ဆောက်ထားကြသည်။ 

အဆိုပါဂိတ်များ တည်ဆောက်ဖို့လိုသည့် ဘိလပ်မြေအိတ်များကို ကုန်ကားများထံမှ အတင်းအဓမ္မတောင်းယူတတ်သည်ဟု မန္တလေး-မုံရွာ ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ဆိုသည်။

“တခါတခါ ပိုက်ဆံတင်မကဘူး ဘိလပ်မြေအိတ်ပါ ဆွဲချတယ်” ဟု သူက ပြောသည်။ 

ပုံမှန်သွားလာနေကျ ယာဉ်မောင်းများအတွက် စစ်ဆေးရေးဂိတ်များက တောင်းတတ်သည့် ငွေပမာဏကို သိနေပြီဖြစ်သော်လည်း တာဝန်ကျစစ်သားများ မူးနေသည့်အခါမျိုးတွင် မိုက်ကြေးခွဲပြီး တောင်းချင်သလောက် ပြောတောင်းတာလည်း ကြုံရတတ်သည်။ 

“ဒီပဲယင်းမြို့အဝင်ဂိတ်ဆိုရင် ကုန်ကားတစီးကို ၅ သိန်းထိ တောင်းတာကြုံဖူးတယ်။ အဲ့ဒီကားသမားက ဘာလို့လဲ ဆရာရယ်လို့ ကြောက်ကြောက်နဲ့ မေးတော့ ‘တောင်းချင်လို့ တောင်းတာကွာ’ လို့ စစ်သားက ပြန်ပြောတယ်” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် မုံရွာမှ ယာဉ်မောင်းတဦးက ပြောပြသည်။

စစ်တပ်ဂိတ်များ၏ အတောင်းအရမ်းကြမ်းသည့်ဒဏ်ကို မခံနိုင်တော့သည့်အတွက် ကုန်တင်ယာဉ်လိုင်းတချို့ ကားဆက်မဆွဲတော့ဘဲ ဂိတ်မှ နုတ်ထွက်လိုက်ခြင်းများလည်း ရှိသည်။

“တန်ဆာခက ၇ သိန်းလောက်ရတာကို မကိုက်တော့ဘူးဗျာ။ ပေးမလောက်ဘူး။ ဒီတော့ ဆက်ဆွဲနေလည်း စိတ်ပန်း၊ လူပန်းရုံပဲ” ဟု မန္တလေး-မုံရွာ ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

မုံရွာ-ဘုတလင်-ရေဦး-ဒီပဲယင်း-တန့်ဆည် လမ်းပိုင်းတွင်လည်း စစ်ကောင်စီဂိတ် ၁၂ ခု အထိ အထိုင်ချကာ အတောင်းအရမ်းကြမ်းနေသည့်အတွက် လက်တလောတွင် ကုန်ကားအနည်းငယ်သာ ပြေးဆွဲတော့သည်ဟု သိရသည်။ 

ကုန်ကားမရှိသလောက်ဖြစ်သွားသည့် အဆိုပါ မုံရွာ-တန့်ဆည် လမ်းပိုင်းတွင် လမ်းပိုင်းအလိုက် ကားငယ်များဖြင့်သာ တဖြတ်ချင်း၊ တဆင့်ချင်း ကုန်သယ်နေရကြောင်းလည်း ဒေသခံကုန်သည်တဦးက ရှင်းပြသည်။

ထိုလမ်းပိုင်းပေါ်တွင် ကုန်သွယ်နေသည့် ဒေသခံတဦးက “ဆိုးတာက ကားသမားကို ပိုက်ဆံညှစ်ရုံတင် မဟုတ်တော့ဘူး။ တခါတခါ သူတို့လိုချင်တဲ့ပစ္စည်း ကားပေါ် ပါလာရင် ဆွဲချယူထားလိုက်တာ” ဟု ရှင်းပြသည်။ 

မုံရွာမြောက်ထိပ် သုံးထောင့်ချွန်ဟု ဒေသခံများခေါ်ဆိုကြသည့် မုံရွာ-ယာကြီး-ကလေး၀လမ်းနှင့် မုံရွာ-တန့်ဆည်လမ်းဆုံ မုံရွာမြို့အဝင်ဂိတ်တွင် ပစ္စည်းများလုယူခံရသည်မှာ အဆိုးဆုံးဖြစ်ကြောင်း ယာဉ်မောင်းများက ဆိုသည်။ 

အဆိုပါ သုံးထောင့်ချွန်ဂိတ်တွင် စစ်သား၊ စည်ပင်၊ မူးယစ်ဆေး စစ်ဆေးရေးအဖွဲ့နှင့် ယာဉ်ထိန်း ၄ ဖွဲ့ ပေါင်းကာ အဓမ္မငွေတောင်းနေသည့်အပြင် ဘိလပ်မြေအိတ်၊ ဓာတ်မြေဩဇာအိတ်များနှင့် သံထည် ပစ္စည်းများကိုလည်း မကြာခဏ ဆွဲချတတ်သည်။ 

၎င်းတို့သည် အရက်ဘီယာဖာများကို တွေ့သည့်အခါတွင်လည်း တောင်းသလိုလိုဖြင့် အငမ်းမရဆွဲချယူ ထားတတ်ကြောင်း မော်တော်ယာဉ်မောင်းများက ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်း လမ်းပိုင်းများတွင်သွားနေသည့် ကားများမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ကြုံသည့်အခါ ပါလာသည့်ပစ္စည်းများ လုယူခံရသည့်အပြင် ခရီးသည်တဦးချင်းစီမှာလည်း ခြိမ်းခြောက်ငွေအတောင်းခံရတတ်သည်။ 

ကချင်ပြည်နယ်၊ ဖားကန့်မှ ခရီးသည်တင်ကားနှင့် လိုက်ပါလာစဉ် မုံရွာမြို့၊ ကျောက္ကာရွာသို့အဝင် စစ်ကြောင်းဖြင့် တွေ့ခဲ့ရသည့် ခရီးသည်တဦးက “ကားသမားကို ကားပေါ်ပါလာတဲ့ ခရီးသည်တွေ ဆီကနေ တယောက် ၅၀,၀၀၀ ကောက်ပြီး အပ်ခိုင်းတယ်။ မနည်းတောင်းပန်ကြတော့မှ တယောက် ၅၀၀၀ နဲ့ တည့်သွားတာ” ဟု ပြောသည်။ 

ငွေရရုံနှင့် မကျေနပ်နိုင်သေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကားပေါ်တွင် ပါလာသည့် ကြက် ၄ ကောင်အပြင် ခရီးသည်များထံမှ ပစ္စည်းတချို့ကိုလည်း သိမ်းယူသွားကြသေးသည်ဟု သူက ဆိုသည်။ 

“ကျနော့် ကျောက်ကြည့်မီးလည်း ပေးလိုက်ရတယ်” ဟု ဖားကန့်မှ ပြန်လာသည့် ယင်းမာပင်မြို့နယ်မှ ခရီးသည်တဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် လမ်းမတလျှောက် ဂိတ်ချပြီး  ဖြတ်သန်းသွားလာသူများကို နည်းမျိုးစုံဖြင့် ငွေညှစ်နေရုံသာမက ခရီးသည်များကိုလည်း သူတို့ပြခိုင်းသည့် စာရွက်စာတမ်း အထောက်အထားများမပြည့်စုံဟုဆိုကာ ခရီးသည်များကို ပုံစံထိုင်ခိုင်းခြင်း၊ ဖားခုန် ခုန်ခိုင်းခြင်း၊ ဂိတ်နားဝန်းကျင်တွင် သန့်ရှင်းရေးလုပ်ခိုင်းခြင်း စသဖြင့် အဓမ္မခိုင်းစေတတ်သည်။ 

“မန္တလေးလမ်း ဂိတ်တခုမှာဆို မှတ်ပုံတင်မပြနိုင်တဲ့သူ၊ ထောက်ခံစာမပါတဲ့သူတွေကို မြက်နုတ်ခိုင်းတယ်” ဟု အဆိုပါဖြစ်စဉ်ကို ကြုံတွေ့ခဲ့သည့် မုံရွာမြို့ခံ ခရီးသည်တဦးကပြောသည်။  

ဂိတ်များတွင် တာဝန်ကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာ အမျိုးသမီးများကို အသက်သေဆုံးသည်အထိ ရိုက်နှက်စစ်ဆေးသည့် ဖြစ်ရပ်များလည်းရှိသေးသည်။ 

ကလေးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုတွင် ဩဂုတ် ၂၇ ရက်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးတဦးကို ဖမ်းဆီးရိုက်နှက်ပြီး ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်ကို သိမ်းဆည်းခဲ့ သည်။ 

နားထဲမှ သွေးကျသည်အထိ ရိုက်နှက်ပြီး ထိုအမျိုးသမီးကို ပြန်လွှတ်ပေးခဲ့သော်လည်း အိမ်ရောက်ပြီး သည့်နောက် အမျိုးသမီးမှာ သေဆုံးသွားခဲ့ရသည်။ 

မန္တလေးမြို့မှ ဆေးခန်းပြပြီး ကောလင်းမြို့ကို စက်တင်ဘာ ၄ ရက်က ပြန်လာသည့် အမျိုးသား လူနာတဦးသည်လည်း ရွှေဘိုမြို့၊ မြောင်းကြီးစစ်ဆေးရေးဂိတ်တွင် သေနတ်ပြီး မှန်သေဆုံးခဲ့ရသည်။

ကျန်းမာရေးမကောင်းတာကြောင့် လမ်းမလျှောက်နိုင်သဖြင့် ခေါင်းခန်းထဲထိုင်ကာ အစစ်ဆေးခံဖို့ စောင့်ဆိုင်းနေစဉ် ဦးခေါင်းကို ကျဉ်ထိမှန်ကာ သေဆုံးခဲ့ရသည်။ 

စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည့် ဆိုင်ကယ်မောင်း အမျိုးသား ၂ ဦးကို ပစ်ခတ်စဉ် ကားခေါင်းထဲထိုင်နေသည့် ထိုလူနာကိုထိမှန်ခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအဖွဲ့များက ပြောကြသလို ကားပေါ်မှ လမ်းဆင်းမလျှောက်သည့်အတွက် စစ်သားက သေနတ်နှင့် ပစ်သတ်ခဲ့တာဟုလည်း ဝက်လက်မြို့နယ်မှ ကျေးရွာပကဖအဖွဲ့ဝင်တဦးက ပြောသည်။ 

ထို့အပြင် ယခုနှစ်ပိုင်းတွင် မုံရွာမြို့အနီးတဝိုက်ရှိ ပျူစောထီးများက မြို့ပေါ်တက်ကာ ကားသမားများကို လက်နက်ပြပြီး ငွေညှစ်လာကြသည်။ 

စစ်တပ်ထိန်းချုပ်ထားသည့် အညာဒေသ ကားလမ်းမတချို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်များသာမက ကားလမ်းမဘေး ပျူစောထီးအားကောင်းသည့် ကျေးရွာအဝင်လမ်းများမှာပင် စစ်ဆေးရေးဂိတ် များဖွင့်ကာ ပျူစောထီးများက ငွေကြေးကောက်ခံနေကြသည်ကိုလည်း တွေ့ရသည်။ 

မုံရွာ ကူးတို့ဆိပ်တွင် ပျူစောထီးတစု၏ ငွေညှစ်တာခံလိုက်ရသည့် မုံရွာမြို့မှ ယာဉ်မောင်းတဦးက အနီးရှိ စစ်တပ် ဂိတ်တခုထံ အကူအညီတောင်းရာ “သူတို့က ပျူတွေကွ စားစရာပြတ်လို့ တက်လာကြတာ။ ငါတို့လည်း မပြောရဲဘူး” ဟု တာဝန်ကျ ဂိတ်စောင့်စစ်သားက ပြန်ပြောကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ယာဉ်မောင်းက ပြောသည်။ 

စစ်ကောင်စီဂိတ်များသည် လက်ပါးစေများသည် အညာလမ်းမများတွင် ထင်တိုင်းကျဲကာ ဂိတ်တခုနှင့် တခု ငွေညှစ်ပုံ၊ ရမ်းကားပုံများ မတူသည်ကိုတွေ့ရသည်ဟု ခရီးသည်များနှင့် မော်တော်ယာဉ်မောင်းများက ပြောသည်။ 

သို့သော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အချို့က စစ်သားအချို့သည် ပြောဆိုဆက်ဆံရေးအဆင်ပြေကြသည်ဟုလည်း မှတ်ချက်ပြုကြသည်။ 

သေချာသည့်အချက်မှာ အညာဒေသ ကားလမ်းမများပေါ်က စစ်ဆေးရေးဂိတ်တိုင်းသည် မည်သည့် ဥပဒေ၊ စည်းကမ်းကိုမျှ လက်ကိုင်မထားဘဲ ကိုယ့်သဘောနှင့်ကိုယ်သာ အာဏာကို စိတ်ကြိုက်အသုံးချ နေကြသည်ဟု ယာဉ်မောင်းများက ဆိုသည်။ 

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၏ ဥပေဒမဲ့ ဆောင်ရွက်ချက်များ၊ အာဏာအလွဲသုံးစားလုပ်မှုများနှင့် ပတ်သက်ပြီး သူတလူငါတမင်း ဖြစ်နေပုံနှင့် မော်တော်ယာဉ်မောင်းတဦးက သူကြုံတွေ့ရသည့် လမ်းဂိတ်တခုမှ အရာရှိတဦး ပြောဆိုချက်ကို ယခုလို ပြန်ပြောပြသည်။

“ဘယ်ဂိတ်တွေ ဘယ်လိုပဲကောက်တယ် လာမပြောနဲ့၊ ဘယ်ဌာနက ဘယ်ဝန်ကြီးကဆိုပြီး လက်မှတ်တို့၊ ထောက်ခံစာတို့လည်း လာမပြနဲ့၊ ကုန်ကုန်ပြောမယ် မင်းအောင်လှိုင်လက်မှတ်ပါလည်း စောက်ဂရုမစိုက်ဘူး”  

အဆိုပါ အရာရှိကပင် ၎င်းတို့အနေဖြင့် ကိုယ့်ခွင်ကိုယ် အဆင်ပြေအောင်ရှာစားဖို့ အထက်အမိန့်ရပြီး သားဖြစ်ကြောင်း ထပ်ပြောသည်ဟု အထက်ပါ ယာဉ်မောင်းကဆိုသည်။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #အညာလမ်းမ #ဓါးပြ #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #စစ်တပ် #ရဲ #ယာဉ်ထိန်းရဲ #ပျူစောထီး #အာဏာအလွဲသုံးစား #အနိုင်ကျင့် #လုယူ #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10